ရန်ကုန် ဇွန် ၁၈
တောင်သူများ အကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သက်တန့် ရောင် စီမံချက်ဖြင့် မျိုးကောင်းမျိုးသန့်စပါးမျိုးများကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အတွင်းရှိ တောင်သူများထံသို့ အခမဲ့ထောက်ပံ့ဖြန့်ဝေပေးလျက်ရှိပြီး ဇွန် ၁၇ ရက် မွန်းလွဲပိုင်းက ကျေးရွာအုပ်စု ၁၅ အုပ်စုတို့မှတောင်သူများအား မျိုးစပါးများ ထောက်ပံ့ဖြန့်ဝေပေးခြင်းကို ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ် သောင်ကျေးရွာတွင် တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်တာဝန်ရှိသူ များက ဆက်လက်၍ထောက်ပံ့ဖြန့်ဝေပေးအပ်လျက်ရှိကြောင်းသိရသည်။
တောင်သူအကျိုးစီးပွားဖြစ်ထွန်းဖို့အတွက် အထွက်ကောင်း မျိုးစပါးတွေကို ဦးစားပေး ထောက်ပံ့တာ ပါ။ အထွက်ကောင်းဖို့လိုတဲ့အခါမှာ မျိုးကြောင့်ဖြစ်တဲ့ အထွက်လျော့နှုန်းမဖြစ်အောင် တိုင်းဒေသကြီး အစိုးရက မျိုးသန့်လွှမ်းခြုံဖို့ ယခုလိုထောက်ပံ့တာပါ၊ အဲဒီအတွက်ကြောင့်ရရှိသော တောင်သူများ ကလည်း ရည်ရွယ်ချက်ဖြစ်တဲ့ တောင်သူအကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် အထွက်တိုးဖို့အပြင် အရည်အသွေးကောင်းဖို့အတွက်လည်း တောင်သူများအနေဖြင့် ဆက်လက်ကြိုးပမ်းပေးရန်လိုအပ်ပါ ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးဒေါ်အေမီမီစိုး ကမျိုးစပါးထောက်ပံ့ပွဲတွင် ထောက်ပံ့ပေးအပ်ရခြင်း၏ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ဒေသခံ တောင်သူ များအား ရှင်းပြသည်။
မျိုးစပါးများ ထောက်ပံ့ပေးအပ်ရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်း၊ တိုင်း ဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်၊ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေမီမီစိုး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမိုးခိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်စု ၁၅ အုပ်စုရှိ ကျေးရွာ ခွဲပေါင်း ၅၈ ရွာတို့မှ တောင်သူ ၈၅၄ ဦးတို့၏ စိုက်ပျိုးဧက ၁၉၈၀ တို့အတွက် ဆင်းသုခမျိုးစပါး ၂၉၇၀ တင်း ကို ဒေသခံတောင်သူများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။
ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ၅၉ စုရှိ တောင်သူ ၃၅၅၃ ဦးတို့၏ စိုက်ဧက ၇၃၃၄ ဧကတို့အတွက် ဆင်းသုခမျိုးစပါး ၅၈၄၁ တင်း၊ ရတနာတိုးစပါးမျိုး ၃ဝဝဝ တင်းနှင့် ရက် ၉၀ စပါးမျိုး ၂၁၆၀ တင်း စုစုပေါင်း မျိုးစပါးတင်းပေါင်း ၁၁ဝဝ၁ ကို ထောက်ပံ့ဖြန့်ဖြူးပေးခြင်းဖြစ်ပြီး ယနေ့အထိ တောင်သူ ၁၃၈၀ ဦးတို့၏ စိုက်ဧက ၃၁၇၅ ဧကအတွက် မျိုးစပါးတင်း ပေါင်း (၄၇၆၂ ဒသမ ၅)တင်းကိုထောက်ပံ့ဖြန့်ဖြူးပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း တောင်သူများအား မျိုးစပါးကို အခမဲ့ထောက်ပံ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)