ဝန်းသို ဇွန် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ဂျိုးတောင် KC စခန်းနယ်မြေရှိ မော်နိုင်းအုပ်စု၊ အင်ပင်ကျေးရွာ တွင် ကွင်းအမှတ် ၁၂၃၆ ဒသမ ၈၊ တောင်သူ ဦးမောင်ဌေး၏ လယ်မြေ ၈ ဧကတွင် ဇွန် ၁၇ ရက် နံနက် ၇ နာရီအချိန်၌ ဧရာမင်း(ကျောက်ဆည်ပဒေသာ)စပါးမျိုးကို Drum Seeder မျိုးစေ့ချစက်နှစ်ခုဖြင့်လက်တွေ့ စိုက်ပျိုးခဲ့ရာ စနစ်တကျစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့နယ် ဂျိုးတောင် KC စခန်းနယ်မြေ၌ ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီအတွင်း မိုးစပါးစိုက်ဧက ၁၁၆၇၄ ဧက၊ GAP နည်းစနစ်ဖြင့်စံပြစိုက်ကွက် ၁၅၀၀ ဧက၊ စပါးမျိုးစေ့ထုတ်ကွက် ၄၂ ဧက စိုက်ပျိုးနိုင်ရေး လျာထားလျက်ရှိပြီး စပါးစိုက်စနစ် ၄ မျိုးစမ်းသပ်ကွက်၊ SRI စမ်းသပ်ကွက်များကို တောင်သူများအား ပြသ နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် School Garden လျာထားချက်အနေဖြင့် ဂျိုးတောင်-အ.ထ.ကကျောင်းနှင့် ဆေးခင်းခုံ- အ.ထ.က(ခွဲ)ကျောင်းကိုလည်းကောင်း၊ ကျေးရွာ Home Garden အနေဖြင့် အုပ်စုတစ်ခုတွင် ကျေးရွာတစ်ရွာ ရွေးချယ်ထားပြီး မျိုးစေ့များထောက်ပံ့ခြင်း၊ နည်းပညာများဖြန့်ဝေပေးခြင်း၊ သဘာဝမြေဩဇာများပြုလုပ် ပေးခြင်း၊ သဘာဝပိုးသတ်ဆေးများပြုလုပ်သုံးစွဲစေရန် ပညာပေးခြင်းတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ကျော်မြိုင်)