မြန်မာ့ရိုးရာဆယ့်နှစ်ရာသီ ပွဲတော်များထဲ မှတပို့တွဲလ ထမနဲပွဲတော်သည် ဗုဒ္ဓဘာသာဝင် တို့အတွက် ထူးခြားနေပါသည်။ တပို့တွဲလပြည့် နေ့သည် ရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သော နေ့ဖြစ်ခြင်း၊ ရှင်သာရိပုတ္တရာနှင့် ရှင်မဟာ မောဂ္ဂလာန်တို့ ဧတဒဂ်ရသောနေ့ဖြစ်ခြင်း၊ အင်္ဂါလေးရပ်နှင့် ပြည့်စုံသော ရဟန်းပရိသတ် အလိုအလျောက် စုဝေးမိသောနေ့ဖြစ်ခြင်း၊ ဘုရားရှင်တတိုင်း သြဝါဒပါတိမောက် ပြတော်မူ သောနေ့ဖြစ်ခြင်းဟူ၍လည်း ထူးခြားမှုများ ရှိပါသည်။ တပို့တွဲလရာသီပန်းမှာ ပေါက်ပန်း ဖြစ်ပြီး တပို့တွဲလရာသီပွဲတော်မှာ လူသိများ ထင်ရှားလှသည့် “ထမနဲပွဲ” ဖြစ်ပါသည်။
ထမနဲပွဲ။
“ထမနဲ” ဟုဆိုသည်နှင့်တစ်ပြိုင်နက် တပို့တွဲလ၏ ပွဲတော်ဖြစ်ကြောင်း မြန်မာများ နားရည်ဝနေကြပြီးဖြစ်ပါသည်။ တစ်နည်းဆို သော်ထမနဲပွဲသည် တပို့တွဲလ၏ ပုံရိပ်သင်္ကေတ လည်းဖြစ်ပါသည်။ ထို့ကြောင့် တပို့တွဲလပြည့် နေ့တွင် ဆွမ်းတော်ကပ်လှူရန်အတွက် ထမနဲ ပွဲကို ခြိမ့်ခြိမ့်သဲကျင်းပကြသည်။ ထမနဲထိုး ချိန်သည် တောင်သူများ ကောက်ဦးပေါ်ချိန်ဖြစ် သဖြင့် ကောက်ဦးအလှူပွဲလည်း ဖြစ်ပါသည်။
တပို့တွဲလထမနဲပွဲကို ရှေးပဝေသဏီ ကတည်းကစ၍ ကျင်းပလာခဲ့ပါသည်။ သို့သော် ရှေးအခါက ထမနဲကို “ယာဂု” ဟု သုံးနှုန်းခေါ် ဝေါ်ခဲ့ကြသည်။ ကုန်းဘောင်ဆက်မဟာရာဇဝင် ကြီး၏မှတ်တမ်းအရ မင်းတုန်းမင်းကြီးလက် ထက်တော်အခါက ယာဂုအလှူပွဲအကြောင်း နှင့်ပတ်သက်၍ “ရွှေမြို့တော်လေးပြင်လေးရပ် တရုတ်၊ ကုလားမျိုးခြားမှစ၍ တိုင်းသူပြည် သားအားလုံးတို့သည် လူတစ်ကိုယ် ဆန်တစ်စ လယ်ကျစုဆောင်း၍ ယာဂုကျိုရာ ယင်းယာဂု ၌ ကောက်ညှင်းဆန်၊ ဆီ၊ ဆား၊ နှမ်း၊ ချင်းစိမ်း၊ မြေပဲ၊ အုန်းသီး၊ သစ်ကြားသီး စသည်တို့ကို ထည့်၍ ကျိုသည်” ဟုဆိုထားသည်။ ယာဂုကျို ခြင်းကို ယခုခေတ်မှာ ထမနဲထိုးတယ်ဟုဆိုကြ သည်။
ထို့ပြင် ကုန်းဘောင်ခေတ်နှောင်း သီပေါ မင်းလက်ထက်တွင်လည်း တပို့တွဲလတွင်ဗုဒ္ဓ မြတ်စွာဘုရားကို နံ့သာများမီးရှို့၍ ပူဇော် ကျင်းပသော မီးပုံပွဲ(မီးဖုန်းပွဲ)နှင့်အတူ ယာဂုပွဲ ကိုပါကျင်းပခဲ့ကြကြောင်း ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီးတွင် ရေးသားမှတ်တမ်း တင်ထားပါသည်။ ရှေးခေတ်အခါသမယ ကျင်းပ ခဲ့ကြသော မီးပုံပွဲများတွင် ယာဂုအိုး (၁၀ဝ၀) လှူဒါန်းလေ့ရှိကြသဖြင့် သဒ္ဓါတရားထက်သန် ပုံမှာ နှောင်းလူတို့အတွက် အံ့သြလေးစားဖွယ် ဖြစ်ပါသည်။
စားသုံးသင့်သော ထမနဲ။
ထမနဲ သို့မဟုတ် ထမင်းနှဲ ဆိုသောစကား သည် ကောက်ညှင်းဆန်ကို ပျော့အိသွားသည်အထိ နှဲခြင်းဖြစ်သည်။ တချို့ကလည်း နှမ်းကိုထူးကဲ ပြီးထည့်သောကြောင့် နှမ်းမနဲဟုခေါ်သည်။ ထမနဲတွင် ကောက်ညှင်းဆန်၊ ဆီ၊ ဆား၊ နှမ်း စေ့၊ ချင်း(ဂျင်း)စိမ်း၊ မြေပဲလှော်၊ အုန်းသီးဆံ၊ သစ်ကြားသီးတို့ ပါဝင်သည်။ ခေတ်ကာလရွေ့ လျားလာသည့်အလျောက် သစ်ကြားသီးထည့် သော ဓလေ့လည်း မရှိသလောက် ရှားသွားသည်။
ထမနဲထိုးခြင်းနှင့် စပ်လျဉ်း၍ လိုအပ်သော ပစ္စည်းအချိန်အဆများကို ရှေးအခါက အောက်ပါ အတိုင်းစပ်ဆိုခဲ့ကြကြောင်း လေ့လာမှတ်သားရ ပါသည်။
စားတော်ရ ဆန်ပေါက်ဝါ
လေးပြည်သာထည့်မြဲ။
ချိန်ပိဿာလျှံကြည်ရွှဲအောင်လို့
နှမ်းဆီလည်းထည့်ပြန်။
မြေပဲဆန် အဋ္ဌသုညငယ်နှင့်
ဒွတ္တိံသ တိလဗီဇံ။
အုန်းသီးစိတ် ကျပ်ဝီသံငယ်
လော န တံ ချိန်သတ်နှင့်
ချင်းနုဖတ် သိင်္ဂီင်္မျှင်ရွှေ
သုံးကျပ်မသွေ။
ဟူ၍ စပ်ဆိုခဲ့ခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာ ကောက်ညှင်းဆန် လေးပြည်၊ နှမ်းဆီ တစ်ပိဿာ၊ မြေပဲဆန် ၈၀ ကျပ်သား၊ နှမ်းစေ့ ၃၂ ကျပ်သား၊ အုန်းသီးစိတ် ၂၀ ကျပ်သား၊ ဆား ၇ ကျပ်သား၊ ချင်းစိမ်း ၃ ကျပ်သားတို့ကို ဒယ်အိုးတွင် နှံ့အောင် မွှေ၍ ယာဂုနှင့် ထမနဲ အတူတူပဲဟု ဆိုပါသည်။
တပို့တွဲလသည် မြန်မာနိုင်ငံတွင်အအေး ဆုံးလဖြစ်ကာ လူတို့အဆီခန်းခြောက်ကြပြီး ကိုယ်သားကိုယ်ရေ အေးခြင်း၊ ခြေဖျားလက်ဖျား အေးစက်ခြင်း၊ အသားပပ်၍ ကိုယ်ရေပြားယား ယံခြင်းတို့ကို ဖြစ်ပေါ်ခံစားကြရသည်။ ထိုအခါ ဆီ နိုင်သည့် အပူစာထမနဲကို စားသုံးပါက ကိုယ်ငွေ့ ကောင်းပြီး အသားအရေစိုပြည်လာကာအပူဓာတ် ရနိုင်ပါသည်။
အကယ်၍ ကောက်ညှင်းသီးသန့်ကိုများများ စားမိပါကဝမ်းချုပ်ကာ လေပူထခြင်းကိုဖြစ်စေ တတ်သော်လည်း၊ ထမနဲစားခြင်းက ၎င်းတွင် ထည့်သုံးထားသည့် အခြားသောပစ္စည်းအမယ် များက ခန္ဓာကိုယ်အတွက်လိုအပ်လျက်ရှိသော အပူဓာတ်ကို အားဖြည့်ပေးသဖြင့် ထမနဲသည် အအေးပိုသောကာလတွင် မဖြစ်မနေစားသုံး သင့်သော ဓာတ်စာတစ်မျိုး ဖြစ်ပါသည်။ ထို့ပြင် ထမနဲစားခြင်းက ဝမ်းရောဂါကို ကြိုတင်ကာကွယ် ရာ ရောက်ကြောင်းနှင့် ပထဝီပျက်သူများအနေဖြင့် ထမနဲကို အစာလည်းဆေး၊ ဆေးလည်းအစာ အဖြစ် စားသုံးသင့်ကြောင်း ရှေးလူကြီးများကဆို ပါသည်။
ထမနဲကျန်းမာရေးနှင့် ပတ်သက်၍နောက် ထပ်မှတ်သားဖွယ် တစ်ခုရှိပါသည်။ မြတ်စွာ ဘုရားရှင်သည် လေနာနှိပ်စက်ခြင်း ခံရချိန်၌ အရှင်အာနန္ဒာကို ယာဂုဆွမ်းခံစေရာ၊ မာတုဂါမ တစ်ဦး လှူဒါန်းလိုက်သော ချင်းစိမ်း၊ ငရုတ်၊ ကြက်သွန်၊ နှမ်းတို့ဖြင့် စီရင်ထားသည့် ယာဂု ဆွမ်းကို ဘုဉ်းပေးသုံးဆောင်ပြီးနောက် လေနာ ရောဂါငြိမ်းသွားသည်ဟု ဆိုထားပါသည်။ အဆိုပါ ယာဂုတွင်ပါဝင်သော ပစ္စည်းအမျိုးအမည်များ သည် ထမနဲကဲ့သို့ပင် အလားတူပါသည်။
ထို့ပြင် တပို့တွဲလ ထမနဲပွဲနှင့်ပတ်သက်၍ မင်းတုန်းမင်းကြီး လက်ထက်တော်အခါက နာမည်ကျော် ဆေးသမားတော်ကြီးများကလည်း "ဥတုသုံးလီရှိသည့်အနက် အထူးသဖြင့်ကောက် စိုက်တောင်သူများသည် အသက်မွေးဝမ်းကျောင်း သဘောသဘာဝအရ တစ်မိုးတွင်းလုံးနှင့်တစ် ဆောင်းတွင်းလုံးမှာ အအေးဒဏ်ခံစားရလေ့ ရှိကြောင်း၊ တပို့တွဲလပြည့်နေ့ နီးလာသောအခါ၊ ဆောင်း ကုန်လုနွေဦးရောက်ခါနီးအချိန် စပ်ကူး မတ်ကူးကာလဖြစ်ရာ ဓာတ်ကြီးလေးပါး ဖောက် ပြန်တတ်ကြောင်း၊ ထို့ကြောင့် ဓာတ်ကြီးလေးပါး ညီညွတ်မျှတစေရန်အတွက် ဆေးဝါးဓာတ်စာ အဖြစ် ကောက်သစ်ပေါ်ချိန်မှာ ထမနဲကိုစားပေး သင့်ကြောင်း" အကြံပြုထားပါသည်။
လူအချို့က ကောက်ညှင်းစားလျှင်ဝမ်း ချုပ်သည်ဟု ဆိုကြသည်။ ကောက်ညှင်းစား ပြီးနောက် အသည်းမြုပ်အောင် ရေသောက်လျှင် ဝမ်းမချုပ်ပေ။ ဆိုလိုသည်မှာကောက်ညှင်း စားပြီးနောက် ရေပိုသောက်ပေးရန်လိုပါသည်။ ကောက်ညှင်း၏ကစီဓာတ်က သက်ကြီးပိုင်း အရွယ်များနှင့် သက်ငယ်ကလေးများအတွက် ခွန်အားဖြစ်စေပါသည်။ ထမနဲ၏ သဘော သဘာဝ အရ ဆီရွှဲရွဲစားရခြင်းဖြစ်၍ ဆီကအူသိမ်၊ အူမနှင့် အစာအိမ် အစောခြေစနစ်တို့ကို ပြေပြစ်ကာ သက်သောင့်သက်သာ ဖြစ်စေပါသည်။
ကောက်ညှင်းဆန်စေးစေးကို မိုးပြဲဒယ် ကြီးများတွင်ထည့်ကာ ယောက်မကြီးများဖြင့် ဘတစ်ပြန် ကျားတစ်ပြန် အားစိုက်နှဲကြရာ ရလဒ်အနေဖြင့် အိစက်ဆိမ့်မွှေးသော ထမနဲ (နှမ်းမနဲ) ပူပူလေးက စုပေါင်းညီညာအောင် ကြောင်းဖြာသော သရုပ်ကိုဖော်ဆောင်ပါသည်။ ထမနဲထိုးရာတွင် အဖွဲ့များဖွဲ့၍ အပြိုင်အဆိုင် ထိုးကြသည်။ ဇွဲနှင့်မာန်နှင့် အားအပြည့်ဖြင့် ပျော်ပျော်ရွှင်ရွှင်ပြုလုပ်ကြသည့် ပွဲတော်ဖြစ် သဖြင့်၊ တစ်ဦးနှင့် တစ်ဦး ချစ်ခင်စိတ်၊ ဘာသာ အပေါ် ရိုသေကိုင်းညွှတ်စိတ်ကို ဖြစ်စေသည့် ပွဲတော်တစ်ရပ်ဟု ဆိုရမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် နှင်းမှုန်ဝေသီသော ကာလမှာ အရိုးပေါ်အရွက်မဖုံး ထမနဲပွဲကျင်းပ လေ့ရှိသော၊ ချစ်စရာ့မြန်မာ့ဓလေ့သည် ပျော် စရာလည်း ကောင်းလှပါသည်။ သို့ဖြစ်ရာ အစဉ်အလာမပျက် ကျင်းပသည့် တပို့တွဲလ ထမနဲပွဲသည် ဘာသာတရားအပေါ် ယုံကြည် သက်ဝင်မှု၊ ဇွဲ၊ လုံ့လအားမာန်ကို တိုးပွားစေပြီး တစ်ဦးနှင့်တစ်ဦး ချစ်ခင်စည်းလုံးမှုကိုဖြစ်ပေါ် စေသည်ဖြစ်ရာ၊ မြန်မာ့ရိုးရာ ဆယ့်နှစ်ရာသီ ပွဲတော်များကို အခြေခံ၍ ရိုးရာဓလေ့ပွဲများ ဆင်နွှဲကျင်းပခြင်းဖြင့် တိုင်းရင်းသား မိဘပြည်သူ အပေါင်း၏ မျိုးချစ်စိတ်များ ရှင်သန်လာစေမည် ဖြစ်ပါသည်။
ထမနဲသည် အဘိုးအို၊ အဘွားအိုများ အတွက် တမြုံ့မြုံ့စားကောင်းသော ဓာတ်စာ လည်းဖြစ်ပေရာ၊ တပို့တွဲလ ထမနဲစားဖွယ်ကို မဖြစ်မနေ စားပေးကြစေလိုပါကြောင်း သတင်း ကောင်းပါးလိုက်ရပါသည်။ ။
ပေါက်ပေါက်