အဘူလ်ဒါဘီ ဇန်နဝါရီ ၁၇
တောင်ကိုရီးယား သမ္မတ ယွန်းဆက်ယိုလ်သည် တရားဝင် ခရီးစဉ်တစ်ခုအနေဖြင့် ယူအေအီး နိုင်ငံ အဘူလ်ဒါဘီမြို့သို့ ဇန်နဝါရီ ၁၅ ရက်ကတည်းက ရောက်ရှိနေပြီး ထိုခရီးစဉ်အတွင်း စစ်လက်နက် ပစ္စည်းများကို တိုးချဲ့ရောင်းချသွား ရန် မျှော်လင့်ထားကြောင်း သိရသည်။
တောင်ကိုရီးယားနှင့် ယူအေအီး ကြားရှိ အဓိကဆက်ဆံရေးသည် ကုန်သွယ်ရေးဖြစ်ပြီး နှစ်နိုင်ငံကြား ရှိ ကုန်သွယ်ရေး သဘောတူညီ ချက်များသည် ဒေါ်လာဘီလျံပေါင်း များစွာ တန်ကြေးရှိနေကြောင်း သိရသည်။
ယူအေအီးသည် တောင်ကိုရီးယား နိုင်ငံအတွင်း ဒေါ်လာ ၃၀ ဘီလျံ ရင်းနှီးမြုပ်နှံရန် ကြိုးပမ်းနေသည် ဟု သမ္မတ ရှိတ်ခ်မိုဟာမတ်က တွေ့ဆုံမှုအတွင်း ပြောကြား ထားပြီး ရင်းနှီးမြုပ်နှံမည့် အသေးစိတ် ချက်အလက်များကိုမူ ဖော်ပြခြင်းမရှိ ကြောင်း သိရသည်။
သမ္မတယွန်း၏ ခရီးစဉ် မစတင်မီတွင် တောင်ကိုရီးယား အရာရှိများက အဆိုပါ ခရီးစဉ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေးခိုင်မာ စေရန် ကြိုးပမ်းခြင်းသာ ဖြစ်သည် ဟု ဆိုထားသော်လည်း အမည် မဖော်လိုသူ သမ္မတရုံးမှ အရာရှိတစ်ဦး ကမူ ထိုခရီးစဉ်အတွင်း လက်နက် အရောင်းအဝယ် ပြုလုပ်ရန် စီစဉ်ထား ကြောင်း ပြောသည်။
(ref: Yahoo)