နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆောင်းအချဉ်ဓာတ်စာ ဆီးဖြူသီးစားပါ ဆောင်းရာသီ ဆီးဖြူသီးစားသင့်သောအကြောင်းရင်း

“နွေအချို၊ မိုးအခါး၊ ဆောင်းအချဉ်”ဆိုရိုးစကားနှင့်အညီသူ့ရာသီကာလနှင့်လိုက်ဖက်သောအစားအစာတို့ကို ရွေးချယ် စားသောက်တတ်ခြင်းက ၁၂ လရာသီပတ်လုံး ကျန်းမာစေမည် ဖြစ်ပေသည်။ အချဉ်အရသာရှိသော အစားအစာအားလုံးသည် ဆောင်းရာသီအတွက် ဓာတ်စာများဖြစ်ကြသည်။ အချဉ်ဓာတ်က ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားရုံသာမက အသည်းနှင့်ဆီး အိမ်ကို ကျန်းမာစေသည့်အပြင် မိမိတစ်နေ့တာ စားသုံးလိုက်သော အစားအသောက်များထဲတွင် ပါလာသည့် သတ္တုဓာတ်များကို အလွယ်တကူစုပ်ယူနိုင်ပါသည်။ ထိုဖြစ်စဉ်က ခန္ဓာကိုယ်တစ်ရှုး များကို သန့်စင်ပေးသည့်ပြင် ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်ပိုးများကိုခုခံတိုက်ခိုက်ပေးပါသည်။ ထို့ပြင် အသက်ရှူလမ်းကြောင်းကို သက်သောင့်သက်သာဖြစ်စေ၍ကိုရိုနာ ဗိုင်းရပ်စ်ပိုးအပါအဝင် ရာသီဖျားနာကူးစက်ရောဂါပိုးမွှားများ အန္တရာယ်မှကာကွယ်ပေးသည်။ ထို့ကြောင့် ဆောင်းရာသီဓာတ်စာ ဖြစ်သော သဘာဝဗီတာမင်စီ အပြည့်အဝပါ သည့် ဆီးဖြူသီးများကို ယနေ့ကာလမှာ အထူးရွေးချယ်စားသုံးပေးသင့်ပါသည်။

ဆီးဖြူသီးအကြောင်း သိကောင်းစရာ

ဆီးဖြူသီးပင်ကို အင်္ဂလိပ်လို Indian Gooseberry ဟု ခေါ်ကြ သလို Emblic Myrobalan ဟုလည်း ခေါ်ကြသည်။ ရုက္ခဗေဒအမည် မှာ EmblicaofficinalisGaertn  ဖြစ်ပြီး အမည်ကွဲအဖြစ် Phyllanthu semblica Linn ဟု ဆိုပါသည်။ ကြက်ဆူပင်မျိုးရင်း (Euphorbiaceae)စာရင်းထဲတွင် ပါဝင်သည်။ ဆီးဖြူသီးပင်သည် အပူပိုင်းဒေသသီးနှံပင်မျိုးဖြစ်ကာ အိန္ဒိယနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် အဓိကပေါက်ရောက်ကြပြီး တရုတ်၊ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာနှင့် မလေးရှားနိုင်ငံများမှာလည်း ဆီးဖြူပင် များကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ရသည်။ အိန္ဒိယနိုင်ငံတွင် အရွယ် အစားသေးငယ်သည့်မျိုးများမှ အရွယ်အစားကြီးမားသည့် မျိုးများ ထိ စိုက်ပျိုးစားသုံးကြသည်။ မြန်မာနိုင်ငံတွင်လည်း ဆီးဖြူသီး အသေးမျိုးနှင့်အလုံးကြီးမျိုးများရှိသကဲ့သို့ အသီးအရောင်ပေါ်မူတည်ပြီး မျိုးကွဲများလည်းရှိကြသည်။ ဆီးဖြူသီးပင်သည် အပင်တစ်ပင်မှ အသီးလှိုင်လှိုင်(များစွာ)သီးနိုင်သည့် အပင်မျိုးဖြစ်သည်။  အသီးမှာ လုံးဝိုင်းပုံသဏ္ဌာန်ဖြစ်သည်။ အသီးငယ်စဉ်မှာ အဖြူရောင်ရှိပြီး ရင့်မှည့်လာသောအခါ အဝါဖျော့ရောင် သို့မဟုတ် စိမ်းဝါရောင် သန်းလာသည်။ အချို့အရပ်ဒေသတွင် အနီရောင်ရှိသော ဆီးဖြူသီး မျိုးကိုလည်း တွေ့ရတတ်ပါသည်။

မြန်မာပြည်တွင် ဆီးဖြူသီးကို ရှားဖြူ သို့မဟုတ် တရွားဟုခေါ် ကြသည်။ ဒေသထွက်ဆီးဖြူသီးများကို မိုးရာသီနှင့်ဆောင်းရာသီ များမှာ ဆွတ်ခူးလေ့ရှိသည်။ အထက်အညာဒေသ၏ အလေ့အထ တစ်ခုအဖြစ် တောမြေပဲခင်းများထဲ၌ မြွေဆိုးများရှိနေလျှင် အခင်း မှ ထွက်သွားစေဖို့ရည်ရွယ်ကာ ဆီးဖြူသီးများကို မြေပဲခင်းအနှံ့ ပတ်ကြဲပေးလေ့ရှိပါသည်။ ရှေးလူကြီးများကလည်း မိမိအိမ်ဝိုင်း အတွင်း၊ အပြင် မြွေဆိုးအန္တရာယ်မှကင်းဝေးစေရန် ဆီးဖြူသီးများ ကို ပတ်ကြဲကြပါသည်။ ဆီးဖြူသီးခြောက်ကို ခေါင်းအုံးအောက် ထားပြီးအိပ်ပါက မိမိကိုအန္တရာယ်ပြုရန် အိပ်မွေ့ချသူတို့၏ အကြံ အစည်မအောင်နိုင်ဟုလည်း အယူအဆရှိကြသည်။

ဆီးဖြူသီးစားဖွယ်စုံ

ရဟန်း၊ သံဃာများ နေ့လွဲညစာ မသုံးဆောင်ရသော်လည်း ဆီးဖြူသီး၊ ဖန်ခါးသီးများကိုမူ မြတ်စွာဘုရားက သုံးဆောင် ခွင့်ပြုထားသည့်အတွက် ထူးခြားပြီး ဆေးဖက်ဝင်အသီးဖြစ်၍ “ဆီးဖြူ၊ ဖန်ခါး ရဟန်းစား”ဟု ဆိုရိုးစကားရှိပါသည်။ ဆီးဖြူသီး မှာ အချဉ်ဓာတ်နှင့်အဖန်ဓာတ်ပါဝင်နေသဖြင့် တောထဲမှာနေပူပူ ရေဆာသည့်အခါ ဆီးဖြူသီးခူးစားပြီး ရေသောက်လိုက်ပါက ခဏတာအတွင်း အမောပြေလန်းဆန်းသွားပြီး ချိုရှရှအရသာ ကို ခံစားရပါသည်။ ဆီးဖြူသီးကို ငါးပြေမနှင့် တွဲဖက်၍ ချက်စား ကြသလို ဆီးဖြူသီးထောင်း၊ ဆီးဖြူသီးသနပ်၊ ဆီးဖြူသီးငပိထောင်း၊ ဆီးဖြူသီးဆားရည်စိမ်တို့ကလည်း ထမင်းမြိန်စေသော အစား အစာများဖြစ်ကြပါသည်။ အညာဒေသကျေးရွာအချို့ အလှူပွဲများ တွင် ဆီးဖြူသီးများကို မောင်းများအတွင်းထည့်ကာ ထောင်းပြီး ပုစွန်ခြောက်မှုန့်ဖြင့် ရောနယ်ကာ မြေပဲဆီမွှေးမွှေးဖြင့် ဧည့်ခံ ကျွေးမွေးလေ့ရှိပါသည်။

ဈေးကွက်ဝင် ဆီးဖြူသီးအမှုန့်

မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရာသီပေါ် ဆီးဖြူသီးအမှုန့်လုပ်ငန်း ကို မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်လေ့ရှိပါသည်။ဆီးဖြူသီး ပေါ်ချိန်ဖြစ်သော သီတင်းကျွတ်လဆန်းမှ တပေါင်းလအထိ ဆီးဖြူသီးအမှုန့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ ဆီးဖြူသီးအမှုန့် ထုတ်လုပ်ရာတွင် ဆီးဖြူသီးအလုံးများကို အနု၊ အရင့်ရွေးပြီးမောင်းစင်ဖြင့် အမှုန့်ဖြစ်အောင်ထောင်းရသည်။ ထို့နောက် ထောင်းပြီးသားအမှုန့်များကို အရည်ညှစ်ပြီးအဆိုပါ အမှုန့်များကို ကြာရှည်စွာစားသုံးနိုင်ရန်အတွက် ဆားဖြင့်ပက်ဖျန်း၍ နေလှန်းရသည်။ အမှုန့်များထဲတွင် ပါဝင်သော အစေ့ကွဲများကို ရွေးထုတ်ရသည်။

ယခုအခါ ဆီးဖြူသီးအလုံးတစ်တင်းလျှင် ငွေကျပ် ၇၀ဝ၀ မှ ၁၀ဝ၀ဝ အထိဖြင့် ဝယ်ယူရကြောင်း၊ လုပ်အားခအနေဖြင့် ဆီးဖြူသီး အလုံး တစ်တင်းလျှင် မောင်းထောင်းခငွေကျပ် ၂၅၀ဝ၊ အရည်ညှစ်ခ ငွေကျပ် ၅၀ဝ၊ အစေ့ကွဲရွေးခငွေကျပ် ၅၀ဝ စသည်ဖြင့် ငှားရမ်းရ ကြောင်း၊ ဆီးဖြူသီးတစ်တင်းလျှင် ကုန်ကျစရိတ်အနေဖြင့် ငွေကျပ် ၁၃၅၀ဝ ကုန်ကျပြီး ၂၅၀ဝ၀ ဖြင့်ရောင်းချ၍ အကျိုးအမြတ် အနေဖြင့် ငွေကျပ် ၁၁၅၀ဝ ရရှိကြောင်း သိရသည်။ ဈေးကွက်အနေဖြင့် တောင်တွင်းကြီး၊ မကွေး၊ အောင်လံ၊ ပြည်၊ နတ်မောက်၊ မြို့သစ်၊ ကျောက်ပန်းတောင်းစသည့်မြို့နယ်များအထိ ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း သိရသည်။

ဆီးဖြူသီးအာဟာရဂုဏ်သတ္တိများ

ဆီးဖြူသီးထဲတွင် အဓိကပါဝင်သော အာဟာရဓာတ်မှာရေငွေ့ ဓာတ်ဖြစ်သည်။ အာဟာရဗေဒပညာရှင်များ၏ ဆန်းစစ်မှုမှတ်တမ်း များအရ ဆီးဖြူသီးမှာ ဗီတာမင်စီ၊ သံဓာတ်၊ ထုံးဓာတ်၊ ဖော့စပါးရပ် နှင့် ပက်တင်ဓာတ်များကြယ်ဝစွာပါဝင်သည်။ ပရိုတိန်းဓာတ်ပါဝင် မှုမှာ ပန်းသီးထက်သုံးဆပိုကြောင်း၊ အက်စ်ကောဘစ်အက်ဆစ် (ဗီတာမင်စီဓာတ်)ပါဝင်မှုမှာလည်း ပန်းသီးထက်အဆ ၁၆၀ ပါဝင် နေကြောင်း သိရပါသည်။ အခြားသတ္ထုဓာတ်မများနှင့် အမိုင်နို အက်ဆစ်ဓာတ်ပါဝင်မှုမှာလည်း ပန်းသီးထက်များကြောင်း လေ့လာ တွေ့ရှိရသည်။

အသီးအလေးချိန် ၁၀ဝ ဂရမ်တွင်ပါဝင်သည့် အာဟာရဓာတ်များမှာ ရေ ၈၁ ဒသမ၂ ရာခိုင်နှုန်း၊ ပရိုတိန်း သုည ဒသမ ၅ ရာခိုင်နှုန်း၊ အဆီ သုညဒသမ၁ ရာခိုင်နှုန်း၊ ကာဘိုဟိုက်ဒရိတ် ၁၄ ရာခိုင်နှုန်း၊ ထုံးဓာတ် သုညဒသမ ဝ၅ ရာခိုင်နှုန်း၊ဖော့စပါးရပ် သုည ဒသမ ဝ၂ ရာခိုင်နှုန်း၊ သံဓာတ် ၁ ဒသမ ၂ ရာခိုင်နှုန်း၊ ဗီတာမင်ဘီ ၁၃၀ မီလီဂရမ်၊ ဗီတာမင်စီ ၆၀ဝ မှ ၈၀ဝ မီလီဂရမ်၊ နီကိုတင်းနစ်အက်ဆစ် သုည ဒသမ ၃ မီလီဂရမ်နှင့်ကယ်လိုရီ ၅၉ တို့ဖြစ်ကြသည်။

ဆီးဖြူသီးနှင့် မြန်မာ့ဆေးကျမ်း

ယောအတွင်းဝန် ဦးဖိုးလှိုင်က ဥတုဘောဇနသင်္ဂဟကျမ်း၌ တန်ဆောင်မုန်းလတွင်ဆီးဖြူ၊ မည်စည်၊ ခဝဲ၊ ခတ္တာ၊ ဂမုန်း၊ သဇင် စသော ပန်းတို့ ပွင့်ကြ၏။ ချိုဆိမ့်သော၊ အရသာရှိသောအမြစ်၊ အသီး၊ အရွက်၊ အပွင့်တို့သည်အားရှိ၏ ဟုဆိုထားပါသည်။

ရှုတော်မူဆေးအဘိဓာန်တွင် ဆီးဖြူသီးသည် ချို၊ ချဉ်၊ ဖန် အရသာရှိ၏။ လေ၊ သလိပ်၊ သည်းခြေတို့ကိုနိုင်၏။ သွေးကိုထိုင်းမှိုင်း စေတတ်၏။ ခြောက်သောဘင်ကို နူးစေတတ်၏။ အသံ၏ သာခြင်း ကို ပြုတတ်၏။ မျက်စိနာနှင့် ပိုးနာတို့ကိုနိုင်၏။ အဆိပ်မျိုးတို့ကို လည်း ပြယ်စေတတ်၏။ ယင်းအခြောက်သည် သွေး၊ သည်းခြေ နှင့်ယှဉ်သောလေ၊ သလိပ်နာ၊ လျှာ၊ အာခံတွင်း ခြောက်သွေ့သော အနာ၊ ရေငတ်နာ၊ အသံပျက်သောအနာ၊ မျက်စိနာ၊ သလိပ်၊ ချွေး၊ ဝမ်း၊ သွေးခြောက်သောအနာ၊ အတွင်းပူသောအနာတို့ကို နိုင်၏ဟု ဆိုထားပါသည်။

ဇီဝိတဆေးကျမ်းတွင် ဆီးဖြူသီးသည် ချဉ်၏။ အဖန်အားကြီး၏။ အေး၏။ သလိပ်ကိုဖွဲ့စေတတ်၏။ သွေးကိုထိုင်းမှိုင်းစေတတ်၏။ ပျစ်ခဲစေတတ်၏။ သွေးသည် အပူလွန်၍ ကျဲရရဲဖြစ်လျက် သွေးအန် ခြင်း၊ သွေးဝမ်းသွားခြင်းဖြစ်သော သူတို့အားပေးအပ်၏ဟု ဆိုထားပါ သည်။

ဓာတုရသလေးစောင်တွဲ ဓာတ်ကျမ်းတွင် ဆီးဖြူသီးသည် သြဇာသီးနှင့် အကျိုးတူ၏။ ရတ္တပိတ်နာ၊ မောဟနာကိုနိုင်၏။ သုက်ကို လွန်စွာပွားစေတတ်၏။ ရသာယနမျိုးဖြစ်၏။ ချဉ်သောကြောင့် လေကိုနိုင်၏။ ချိုသောကြောင့်၊ အေးသောကြောင့် သည်းခြေ ကိုနိုင်၏။ အဆီမရှိ၊ ဖန်သောကြောင့် သလိပ်ကိုနိုင်၏။ ထို့ကြောင့် ဆီးဖြူသီးသည် ဒေါသသုံးပါးကိုနိုင်၏။ အသီးမျိုးတွင် လူနှင့် အသင့်တော်ဆုံးဖြစ်၏။ ထမင်းစားခြင်း၏ အစ၊ အလယ်၊ အဆုံး သုံးပါးတို့၌ စားသင့်၏။ မပြတ်လည်းစားသင့်၏။ ဆီးဖြူသီးစေ့ဆံ သည် သစ်ဆိမ့်သီးဆံနှင့် အကျိုးတူ၏ဟု ဆိုထားပါသည်။

ဆေးအဘိဓာန်တွင် ဆီးဖြူသီးခြောက်၏ ဂုဏ်သည်ကား သွေးသည်းခြေနှင့်ဖြစ်သောလေ၊ သလိပ်နာကို လည်းကောင်း၊ လျှာအာခံတွင်းသွေ့ခြောက်သော်လည်းကောင်း၊ ရေငတ်သော် လည်းကောင်း၊ သလိပ်၊ ချွေး၊ ငန်း၊ သွေ့ခြောက်သော် လည်းကောင်း၊ အသံပျက်သော် လည်းကောင်း၊ မျက်စိနာကိုသော်လည်းကောင်း၊ အတွင်းပူသော် လည်းကောင်း ထိုရောဂါတို့ကို ချမ်းသာစေတတ် ၏ဟု ဆိုထားပါသည်။

ဆီးဖြူသီးနှင့် ကျန်းမာရေး

ဆီးဖြူသီး၏ အသီး၊ အစေ့၊ အခေါက်၊ အပွင့်နှင့် အမြစ် အားလုံးကို တိုင်းရင်းဆေးဝါးများတွင် အသုံးပြုကြသည်။ အိန္ဒိယနိုင်ငံ၏ အာယုဗ္ဗေဒဆေးနည်းများတွင် ဆီးဖြူသီးပင် အသုံးဝင်မှုများကို ကျယ်ပြန့်စွာ ဖော်ပြထားပါသည်။ အိန္ဒိယနိုင်ငံသူများသည် ဆီးဖြူသီးကို အသုံးများကြသဖြင့် ဆံကေသာနက်မှောင်သန်စွမ်း ကြသည်။ ဆီးဖြူသီးက ဆံပင်ကောင်းစေကာ ဦးရေကို အေးမြ စေပြီး ဆံပင်ပါးခြင်း၊ ကျွတ်ခြင်းတို့မှလည်း ကာကွယ်ပေးနိုင်ပါ သည်။ ထို့ပြင် သန်းနှင့် ဘောက်ယားယံခြင်းကိုလည်း ပျောက်ကင်း စေနိုင်သဖြင့် အိန္ဒိယနိုင်ငံတွင် ဆီးဖြူသီးကို ခေါင်းလျှော်ရည်၊ ခေါင်းလိမ်းဆီများဖော်စပ်ရာတွင် အသုံးပြုကြသည်။ ဆီးဖြူပင်၏ ပင်စည်အခေါက်ကို ဆိုးဆေးအဖြစ် အသုံးပြုလျက်ရှိကြသည်။

(အသီး၏ ဆေးဖက်ဝင်ပုံ)

(က) နိုင်ငံတကာသုတေသီများ၏ သုတေသနပြုစမ်းသပ် ချက်အရ၊ ဆီးဖြူသီး၏ ရေပျော်ဝင်ဆေးနှင့် အယ်လ်ကိုဟောပျော် ဝင်ဆေးတို့ကို သွေးတွင်းအဆီဓာတ်ပမာဏ မြင့်မားအောင် ပြုလုပ် ထားသော ကြွက်ဖြူများတွင် တိုက်ကျွေစမ်းသပ်၍ သုတေသန ပြုလုပ်ခဲ့ရာ သွေးတွင်းအဆီဓာတ် ပမာဏကျဆင်းခြင်းရှိကြောင်း တွေ့ရှိရသည်။ (ခ) အသက်ရှည်စေပါသည်။ (ဂ) ချောင်းဆိုး၊ ပန်းနာ၊ လေနာတို့ကိုပျောက်ကင်းစေသည်။(ဃ) သွေးဝမ်းသွားခြင်းအတွက် ဆီးဖြူသီးအစိမ်းကိုထောင်း၍ အရည်ညှစ်ကာ သံပုရာရည်နှင့် သောက်ပါက ချက်ချင်းသက်သာပျောက်ကင်းစေပါသည်။ (င)အရေပြားပေါ်တွင် ဖြစ်တတ်သောယားနာ၊ ပွေး၊ ညှင်း၊ တင်းတိပ်များအတွက် ဆီးဖြူသီးအခြောက် သို့မဟုတ် အစိုကို သွေး၍ သံပုရာရည် အနည်းငယ်ထည့်ပြီး လိမ်းပေးပါက ပျောက် ကင်းနိုင်ပါသည်။ (စ) ဆီးဖြူသီးခြောက်မှုန့်ကို ထန်းလျက်၊ ပျားရည်၊ သကာရည်နှင့် နယ်စားပါက ဆီးပုပ်ရောဂါပျောက်သည်။ (ဆ)ဆီးဖြူသီးခြောက်ကို ငရှဉ့်သားနှင့်ချက်စားပါက ဒူလာ သွေးဝမ်းကျရောဂါပျောက်သည်။ (ဇ) အမျိုးသမီးများမီးယပ်ဖြူ ဆင်းခြင်းအတွက် ဆီးဖြူသီးခြောက်မှုန့် ၂၀ ဂရမ်ကျော်(လေးပဲသား)ကိုသကြားဆတူရော၍ တစ်နေ့နှစ်ကြိမ်ခွဲကာသုံးရက်မှ ငါးရက် အထိဆက်တိုက်သောက်သုံးပါကသက်သာပျောက်ကင်းစေပါ သည်။ (ဈ) နှာခေါင်းသွေးလျှံခြင်းအတွက် ဆီးဖြူသီးကို ညက်ညက် ကြိတ်၍ ငယ်ထိပ်ပေါ်အုံပေးပါကသက်သာပျောက်ကင်းစေသည်။

(အရွက်၏ ဆေးဖက်ဝင်ပုံ)

(က) အရွက်ကိုရေနှင့် သုံးခွက်တစ်ခွက်တင်ကျို၍ ရရှိသော အရည်ကိုပလုပ်ကျင်းပေးပါက လျှာကွဲ၊ ပါးစပ်ကွဲ၊ ပါးစပ်ပေါက် ခြင်းနှင့် ရေစီးကမ်းပြိုဖြစ်ခြင်းများ တခဏအတွင်းပျောက်ကင်း စေပါသည်။ (ခ) ဆီးဖြူရွက်နုများကိုပုံးရည်ဖြင့်စားပါက အစာ မကြေခြင်း၊ ဝမ်းသက်ခြင်းများပျောက်ကင်းစေပါသည်။ (ဂ) မီးလောင်၊ ရေနွေးပူလောင်သောအနာများအတွက် ဆီးဖြူရွက်ကို ကျွမ်းအောင်လှော်ပြီးအမှုန့်ပြု၍ ဖြူးပေးပါ။ (ဃ) အမြစ်နှင့် အရွက် တို့ကို သွားကိုက်ပျောက်ဆေးအဖြစ်သုံးနိုင်ပါသည်။

(အစေ့၏ ဆေးဖက်ဝင်ပုံ)

အစေ့ကိုထုထောင်းချေပြီးနောက် ရေနွေးနှင့်ပြုတ်၍ မျက်စိကို ဆေးကြောပေးပါက မျက်စိရောဂါအမျိုးမျိုးတို့ကို ပျောက်ကင်းစေ ပါသည်။

(အထူးသတိပြုရန်) အမျိုးသမီးများ ဆီးဖြူသီးအများအပြား စားသုံးပါက သွေးလေချုပ်တတ်သည်။

အချုပ်အားဖြင့်ဆိုသော် “အစာလည်းဆေး၊ ဆေးလည်းအစာ” ဆိုသလိုငွေပမာဏအားဖြင့် တန်ဖိုးနည်းလှသော်ငြား ကျန်းမာ ရေးအာဟာရအတွက် တန်ဖိုးမဖြတ်နိုင်သည့်ဆီးဖြူသီးမျာကို ဆောင်းအချဉ်ဓာတ်စာအဖြစ်  စားသုံးကြပါစေလိုပါကြောင်း ရေးသားအကြံပြုလိုက်ရပါသည်။






အခြားဆက်စပ်သတင်းများ