နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆောင်းရာသီဓာတ်စာ ဆီးသီးစားပါ

အရီး လာသည်၊

ဆီးသီး ပါသလား။

အဆီ    မစား၊ 

အသီး စားပါ။

ဆီးသီးမြင်တိုင်း ကျွန်မတို့ငယ်ငယ်တုန်းက မြန်မာသင်ပုန်းကြီး ဖတ်စာတွင် သင်ခဲ့ဖူးသော အထက်ပါစာလေးကို အမြဲသတိရ နေမိပါသည်။ ဆီး ပင်သည် မြန်မာနိုင်ငံအနှံ့အပြား၌ ပေါက်ရောက်ပြီး ဆီးသီးအများဆုံးရရှိသည့် ရာသီမှာ ဆောင်းရာသီဖြစ်ပါသည်။ 

“ဆီးသီးအစ၊ အညာက” ဟုဆိုရိုးရှိသည့်အတိုင်း၊ အလေ့ကျ ပေါက်လေ့ရှိသော ဆီးချဉ်ပင်များကို မြန်မာနိုင်ငံအလယ်ပိုင်း ကျောက်ပန်းတောင်းနယ်တဝိုက်နှင့် မြေလတ်ဒေသများတွင် ပေါပေါများများ တွေ့မြင်ရပြီး ထိုင်ဝမ်ဆီးချိုသီးတို့ကိုလည်း စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြသည်။ ယေဘုယျအားဖြင့် အချိုနှင့် အချဉ်ဟူ၍ နှစ်မျိုးရှိပြီး ရေမြေရာသီဥတုနှင့် ရှင်သန်ပေါက်ရောက်ရာ ဒေသပေါ်မူတည်ကာ ဆီးပဲလှော်၊ ဆီးချိုသီး၊ ဆီးချဉ်သီး၊ ဆီးကြက်ဥ၊ တောဆီးသီး၊ ဆီးသစ်တော်၊ စလေဆီးသီး၊ ဆီးပန်းသီး စသည်ဖြင့် အမည်နာမသာမက အရွယ်အစားနှင့် အနံ့၊ အရသာတို့ပါ ကွဲပြား ခြားနားကြသည်။

ဆီးသီးအချို၊ အချဉ် နှစ်မျိုးစလုံးကို အစိမ်းစားလေ့ရှိကြပြီး ငံပြာရည်၊ ငရုတ်သီးမှုန့်တို့ဖြင့် သုပ်စားကြသလို၊ အမှည့်ကို အခြောက်လှန်းကာ ထန်းလျက်ဖြင့် ယိုထိုးစားကြသည်။ ဆီးသီး လှိုင်လှိုင်ပေါသော အညာဒေသများတွင် ဆီးသီးခြောက်ကို ဆီးခွဲ စက်ဖြင့်ခွဲကာ အခွံကို ဆီးယို၊ ဆီးမှုန့်၊ ဆီးတော်ဖီ၊ ဆီးပုန်းရည်၊ ဆီးနှစ်အဆီနှင့် ဆီးဖျော်ရည်လုပ်ကြသည်။  အစေ့ကို ထင်းအစား ထိုး လောင်စာသုံးကာ အစေ့ထဲကအဆံကို ပရဆေးထုတ်လုပ်ကြ သည်။ အိမ်နီးချင်း တရုတ်နိုင်ငံမှ ဆီးစေ့ဆံများကို အစဉ်ဝယ်ယူ လေ့ရှိသည်။ အဆူးပါသော အပင်ဖြစ်၍ ဆီးကိုင်းကို ခြံစည်းရိုး လုပ်ကြသလို၊ ပင်စည်အခေါက်ကို ထင်းစိုက်လေ့ရှိသည်။ ပိုလျှံ၍ စားမကုန်သော ဆီးချဉ်သီးများကို နွားစာအဖြစ်လည်း အသုံးပြု ကြ ပါသည်။ 

မြဝတီ သြဂုတ် ၁၁ ။ စာ-၅။  ဆီးသီး ကုန်ကြမ်း တရုတ်ဝယ်။

ဆီးသီး(ဇီးသီး) နှင့်ကျန်းမာရေး

WHFoods ၏ ဓာတ်ခွဲစမ်းသပ်ချက်များအရ ၆၆ ဂရမ် အလေးချိန်ရှိသော ဆီးသီးထဲတွင် ကျန်းမာရေးကို ကောင်းကျိုး ပြုသော ကယ်လိုရီ  ၃၀ ဒသမ ၃၆၊ ဗီတာမင်စီ ၆ ဒသမ ၂၇ မီလီဂရမ်၊ ဗီတာမင်ကေ ၄ ဒသမ ၂၂ မိုက်ကရိုဂရမ်၊ ဗီတာမင်အေ ၂၂၇ ဒသမ ၇၀ IU၊ အမျှင်ဓာတ် သုည ဒသမ ၉၂ ဂရမ်၊ tryptophan သုည ဒသမ ဝ၁ ဂရမ်၊ ပိုတက်စီယမ် ၁၀၃ ဒသမ ၆၂ မီလီဂရမ် စသည်တို့ အသီးသီးပါရှိကြသည်။ ဆီးသီးအမျိုးအစား ပေါ်မူတည်၍ အရသာချဉ်လေ ဗီတာမင်စီ ကြွယ်ဝလေဖြစ်ပြီး အသီးသာမက အရွက်၊ ပင်စည်နှင့်အခေါက်တို့ကလည်း လွန်စွာဆေးဘက် ဝင်ကြပါသည်။ 

- ဆီးသီးထဲတွင် မြင့်မားစွာပါရှိသော phytonutrients က ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် အစွမ်းထက်မြက်စေသကဲ့သို့ ဗီတာမင်စီဓာတ်လည်း အလုံအလောက်ပါရှိသဖြင့် ကိုယ်ခံစွမ်း အားကို တိုးတက်မြင့်မားစေပါသည်။ ဆောင်းရာသီကာလ အအေးမိ၊ နှာစေး၊ ချောင်းဆိုးစသည့် ကူးစက်ရာသီဖျားမဖြစ်စေနိုင်ပေ။ 

- ယခုလို ဆောင်းရာသီမှာ နေ့တာတိုပြီး ညတာရှည် သည့်အတွက် နေ့အလင်းရောင်ဆုံးရှုံးမှုက အစာစားလိုစိတ်ကို တိုးတက်စေကြောင်း စကော့တလန်သုတေသီတွေက ဆိုထား သည်။ ထိုသို့ အစာစားလိုစိတ်ပေါ်ပါက အဆီဓာတ်လုံးဝ မပါဘဲ ကယ်လိုရီပမာဏ လုံလောက် သည့် ဆီးသီးလတ်လတ်ဆတ်ဆတ် ကို ဦးစားပေး စားသုံးသင့်ပါသည်။

- ဆီးသီးထဲတွင်ပါရှိသော Asphenols (ခေါ်) အင်တီ အောက်ဆီးဒင့် အာနိသင်က ဦးနှောက်နှင့် ဆက်စပ်လျက်ရှိသော ဆဲလ်များကို ပုံမှန်အလုပ်လုပ်စေကာ၊ ဦးနှောက်ကိုကျန်းမာစေပြီး မှတ်ဉာဏ်စွမ်းအား တိုးတက်လာစေသည်။ ဆီးသီးသည် အာရုံကြော များကို ငြိမ်းအေးစေပြီး သဘာဝအတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မော ကျစေသဖြင့် ဆီးသီး ငါးလုံး သို့မဟုတ် ခြောက်လုံး ပုံမှန်စားပေး သင့်ပါသည်။ ထို့ပြင် စိတ်နှလုံး တည်ငြိမ်ကာ၊ စိတ်ဖိစီးမှုကိုဖြေလျှော့ ပေးနိုင်သဖြင့်  စိတ်ဝေဒနာရှင်များအတွက် ဆီးသီးနှင့် ဆီးယိုတို့ကို ဓာတ်စာအဖြစ် ကျွေးသင့်သည်။ ညလုံးပေါက်အိပ်ရေးပျက်ခံ အလုပ်လုပ်ကြသူများလည်း စိတ်အာရုံကြည်လင်စေရန် တစ်နေ့ လျှင် ဆီးသီး သုံးလုံး လေးလုံး စားပေးသင့်သည်။ ဗီတာမင် ကေလုံလောက်စွာပါရှိနေသဖြင့် အယ်လ်ဇိုင်းမားရောဂါမဖြစ်အောင် ကာကွယ်ပေးပါသည်။

- ဆီးသီးသည် မူးယစ်ထုံထိုင်းမှုကိုပြေစေ၍ မူးယစ်စေ တတ်သော အရက်သေစာသောက်သုံးသူများ ဆီးသီးစားပေးသင့် ပါသည်။

- ဆီးသီးထဲတွင် အစွမ်းထက် Lycopene ဓာတ်ပါရှိ၍ ရင်သား ကင်ဆာ၊ အူကင်ဆာ၊ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ နှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာကင်ဆာတို့မှ ကာကွယ်ပေး နိုင်ပါသည်။ ခန္ဓာကိုယ်ထဲတွင် Lycopene ဓာတ်ချို့တဲ့သူများသည် ၄င်းဓာတ်မချို့တဲ့သူထက် ပန်ကရိယကင်ဆာဖြစ်နိုင်ခြေ အလား အလာ ၅ ဆမျှပိုကြောင်း လေ့လာတွေ့ရှိရသည်။

- ဗီတာမင်အေ နှင့် ဘီတာကယ်ရိုတင်းဓာတ် ကြွယ်ဝသော ဆီးသီးကိုစားပေးခြင်းဖြင့် အရေပြား၊ အချွဲမြှေးလွှာနှင့်  အမြင်အာရုံ  တိုးတက်ကောင်းမွန်စေရုံသာမက၊ သက်ကြီးပိုင်းတွင်ဖြစ်လေ့ရှိသော မက်ကူလာယိုယွင်းပျက်စီး၍ အမြင်အာရုံချို့တဲ့ခြင်းနှင့် မျက်လုံးကွယ် ခြင်းများကို ၃၆ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ကြောင်း ဆေး သုတေသီများက အကြံပြုထားသည်။

- ဆီးသီးသည် ကယ်လိုရီနည်းပါးပြီး အန္တရာယ်ရှိသော မပြည့်ဝဆီလည်း လုံးဝမပါဝင်ပေ။ ထို့ကြောင့် နှလုံးနှင့်နှလုံးသွေး ကြောများ ကျန်းမာစေပါသည်။ ဆီးသီးတွင်ပါသော သဘာဝ ပိုတက်စီယမ်ဓာတ်သည် နှလုံးခုန်နှုန်း ကောင်းမွန်စေပြီး သွေးဖိအား ကို ပုံမှန်ဖြစ်အောင် ထိန်းထားပေးနိုင်သဖြင့် နှလုံးနှင့် သွေးတိုး ရောဂါသည်များအတွက် အထူးသင့်တော်သည်။ 

- ဆီးသီးသည် ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူမှု ကောင်းစေသဖြင့် ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်စေပြီး တစ်သျှုးတွေကို ကျန်းမာ စေကာ၊ လေဖြတ်ခြင်းကြောင့် သေဆုံးမှုနှုန်းကို လျှော့ချပေး နိုင်ပါသည်။ ထို့ပြင် သွေးနီဥများကို ဖြစ်ပေါ်စေ၍  ခန္ဓာကိုယ် ကြီးထွား ဖွံ့ဖြိုးမှုအတွက် စားသုံးပေးသင့်ပါသည်။ ဗီတာမင်စီဓာတ် များသော ဆီးသီးများများစားပေးခြင်းဖြင့် နားတွင်းမကြာခဏ ပိုးဝင်မှုကို ကာကွယ်ပေးသည်။ 

- ဆီးသီးသည် အရိုးများကိုသိပ်သည်းစေပြီး သွေးဆုံးပြီး အမျိုးသမီးကြီးများကို အရိုးကြွပ်ဆတ်၊ အရိုးပွခြင်းမှ ကာကွယ် ပေးနိုင်ကြောင်း Florida State University မှ ဆေးသုတေသီများက အတည်ပြုထားသည်။ အမျိုးသမီးများ ဆီးသီးခြောက် နေ့စဉ်စားသုံး ပါက အရိုးပွရောဂါမှ ကာကွယ်နိုင်ပါသည်။ ထို့ပြင် အဆစ်ရောင် ရောဂါများကိုလည်း မဖြစ်စေနိုင်ပေ။

- ဆီးသီးတွင်ပါရှိသည့် ချေဖျက်လွယ်သော အမျှင်ဓာတ် များက အူများကိုသန့်စင်စေပြီး အစာခြေစနစ် ကောင်းမွန်စေ၍  ဝမ်းမချုပ်စေတော့ပေ။ ထို့ကြောင့် ဆီးသီးကို သဘာဝ၀မ်းပျော့ဆေး အဖြစ် အားထားလောက်ပေသည်။ 

- ဆီးသီးထဲတွင် ခန္ဓာကိုယ်တွင်း ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးသည့် ဓာတ်များပါဝင်နေသဖြင့် အောက်ဆီဂျင်ပြတ် လပ်၍ ဆဲလ်များသေဆုံးခြင်းနှင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ ပျက်စီးခြင်းမှ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သည်။

- ဗီတာမင်စီကြွယ်ဝ၍ မကောင်းသော LDL ကိုလက်စထရော များကို သုတ်သင်ရှင်းလင်းပေးကာ၊ သွေးလွှတ်ကြောများ ပိတ်ဆို့ အနည်ကျခြင်းမှ ကာကွယ်ပေးသည်။

-ဆီးပင်၏အခေါက်ထဲတွင် phenols (ခေါ်) neocholoro genic အက်ဆစ် နှင့် chlorogenic အက်ဆစ်ဓာတ်တို့ပါရှိသဖြင့် ချောင်းဆိုးရောဂါ၊ ကျောက်ကပ်ရောဂါနှင့် ဆီးအိမ်ရောဂါတို့အတွက် လွန်စွာ ဆေးဘက်ဝင်လှသည်။ ဆီးပင်အခေါက်ကို လက်ဖက်ရည် ကြမ်း ကျိုချက်၍ သောက်ပေးသင့်ပါသည်။ ထိုမျှမက ဆီးပင်ခေါက်က ဝမ်းကိုက် ပျောက်ကင်းစေသည်။

- ထိခိုက်ပြတ်ရှနာများ ပိုးဝင်၍ ရောင်ရမ်းခြင်းအတွက် ဆီးသီးသတ္တုရည်ကို ပိုးသတ်ဆေးရည်အဖြစ် အသုံးပြုနိုင်သည်။ ဆီးပင်၏ အရွက်နှင့် အခေါက်တို့သည် ကျင်ငယ်ရည်(ဆီး) ထဲရှိ ဂလူးကို့စ်ပမာဏကိုကျစေသဖြင့် တောင်အာဖရိက၊ စပိန်နှင့် ဂျပန်နိုင်ငံတို့တွင် ဆီးချိုရောဂါ ကုထုံးအဖြစ် ဆီးရွက်၊ ဆီးပင်ခေါက် တို့ကို လက်ဖက်ရည်ကြမ်းလုပ်ကာ သောက်သုံးလေ့ရှိကြသည်။

- ဆီးပင်အခေါက်ထဲရှိ ဗီတာမင်အေက အရပ်ရှည်ပြီး ခန္ဓာ ကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် တွန်းအားပေးနိုင်ရုံသာမက၊ မျိုးပွား အင်္ဂါများ ခုခံအားစနစ် လုပ်ဆောင်မှုများမှာလည်း ကူညီပေးနိုင်သည်။ အိန္ဒိယနိုင်ငံတွင် ဆီးပင်ခေါက်ကို အနှစ်ပြုလုပ်ပြီး လိင်အင်္ဂါပေါ်ရှိ ကူးစက်နာများတွက် ရိုးရာကုထုံးအဖြစ် အသုံးပြုလျက်ရှိကြသည်။

- ဆီးသီးထဲရှိအစေ့အဆံက ဝမ်းလျှောရောဂါကိုပျောက်စေ၍ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ရိုးရာတိုင်းရင်းဆေးကုထုံးအဖြစ် တွင်ကျယ်စွာ ကုသလျက် ရှိကြသည်။

- ဆီးသီးထဲတွင်ပါရှိသော သဘာဝဖလေဗွိုးနွိုက်ဓာတ် ပေါင်းစုသည် ခန္ဓာကိုယ်ထဲရှိမလိုလားအပ်သော free radicals များကို တွန်းလှန်နိုင်သဖြင့်  အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုမှ ကာကွယ်ပေးသည်။ ပါးရေတွန့်သည့် အရေးအကြောင်း မဖြစ်ပေါ် စေဘဲ၊ အသားအရေကို ကြည်လင်တောက်ပစေသည်။ 

- သွားပိုးစားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။

ဆီးသီး(ဇီးသီး) ဖြင့် သဘာဝအသားအရေထိန်သိမ်းနည်း

ဆီးသီးသည် မည်သည့် အသားအရေအတွက်မဆို သင့်တော် သည့်အတွက် ဘေးထွက်ဆိုးကျိုးမရှိဘဲ အသုံးပြုနိုင်ပါသည်။ ယနေ့အလှကုန် ဈေးကွက်ထဲတွင် ဆီးသီးဖြင့်ဖော်စပ်ထားသော ကုန်ပစ္စည်းများ တွင်ကျယ်စွာ ရောင်းချနေကြရသည်။ စရိတ်စက မများဘဲ လှပသော အသားအရည် ပိုင်ရှင်တစ်ယောက် ဖြစ်အောင်  မိမိအိမ်မှာပင် အောက်ပါနည်းလမ်း အသွယ်သွယ်တို့ဖြင့် စီမံဖန်တီး နိုင်ပါသည်။

- မျက်နှာအသားထဲ စွဲမြဲဝင်ရော က်နေသော မှိုင်း၊ ဖုံ၊ အညစ် အကြေးတို့ကြောင့် မျက်နှာမည်းညစ်ညစ်ဖြစ်နေခြင်းအတွက် စိတ်မပူပါနှင့်။ ဆီး သီး သုံးလုံးကိုကျိတ်ချေ၍ သဘာဝပျားရည်စစ်စစ် စားပွဲတင်ဇွန်းတစ်ဇွန်းဖြင့် ရောနယ်၍ သော်လည်းကောင်း သို့မဟုတ် ဆီးသီးသုံးလုံးကျိတ် ကျိတ်ချေပြီးနောက် သဘာဝ ကော်ဖီမှုန့် စားပွဲတင်ဇွန်းတစ်ဇွန်း၊ သဘာဝပျားရည်စစ်စစ် စားပွဲတင်ဇွန်းတစ်ဇွန်းတို့ဖြင့် ရောနယ်၍သော် လည်းကောင်း မျက်နှာအနှံ့ လိမ်းကျံပေးပါ။ ဆယ်မိနစ်အကြာမှာ ရေအေးဖြင့် သန့်စင်ဆေးကြောပေးဖြင့် မျက်နှာပေါ်ရှိ ဆဲလ်အသေများကို ဖယ်ရှားပြီး မျက်နှာဖြူစင်လာပါလိမ့်သည်။

- ကြိတ်ချေထားသောဆီးသီး အနှစ်တို့ကို  ကြက်ဥအကာ၊ သကြား နှင့် သမအောင်နယ်ကာ မျက်နှာနှင့်လည်ပင်း တစ်လျှောက်  ရက်သတ္တ တစ်ပတ်လျှင် တစ်ကြိမ်မျှ လိမ်ပေးခြင်းဖြင့် မျက်နှာပေါ်ရှိ အမည်းအစက်အပြောက် နှင့် အသားအရေ အရောင်မညီခြင်းတို့ကို သက်သာစေ ပါမည်။ 

- မျက်နှာအသားအရေ သိပ်သည်းညက်ညောစေရန် အတွက် ခြောက်သွေ့သော အသားအရေပိုင်ရှင်များသည် ဆီးသီး သတ္တုရည် စားပွဲတင်ဇွန်းတစ်ဇွန်းစာ ပမာဏကို ကြက်ဥ အနှစ် တစ်လုံးဖြင့် ရောစပ်နယ်လိမ်းကာ ၁၅ မိနစ်အကြာတွင် ရေခပ် နွေးနွေးဖြင့် မျက်နှာသစ်ပေးပါ။ 

- အဆီပြန်သောအသားအရေပိုင်ရှင်များအတွက် ချေမွ ထားသော ဆီးသီးနှစ်လုံးကို ကြက်ဥအနှစ် တစ်လုံး၊ ပျားရည်စားပွဲ တင်ဇွန်း တစ်ဝက်ခန့်ထည့်ကာ သမအောင်နယ်ပြီး လိမ်းကျံပေးပါ။ ၁၅ မိနစ်ခန့် အကြာမှာ ရေခပ်နွေးနွေးဖြင့် မျက်နှာသစ်ပေးပါ။ 

- ပုံမှန်အသားအရေပိုင်ရှင်များအတွက် ချေမွထားသော ဆီးသီးသုံးလုံးကို သံလွင်ဆီ စားပွဲတင်ဇွန်းတစ်ဇွန်း၊ ဒိန်ချဉ် စားပွဲတင်ဇွန်း တစ်ဇွန်းတို့ဖြင့် ရောစပ်ကာ facial mask အဖြစ် လိမ်းပေးပြီးနောက် ၁၅ မိနစ်အကြာမှာ ရေနွေးဖြင့် မျက်နှာ သန့်စင် ပါ။ ပြီးနောက် ရေအေးဖြင့် မျက်နှာသစ်ပါ။

- မျက်နှာပေါ်ရှိ အရေးအကြောင်းများနှင့် အသားအရေ လျော့ရွဲကျမှုများ သက်သာစေရန်အတွက် ဆီးသီး ခြောက်လုံးကို ပြုတ်ကာ၊ ၎င်းတို့ကို အအေးခံကြိတ်ချေပြီးနောက် သံလွင်ဆီ စားပွဲတင်ဇွန်းတစ်ဇွန်းဖြင့် ရောနယ်လိမ်းပြီး ၁၅ မိနစ်ခန့်အကြာမှာ ရေအေးအေးဖြင့် သန့်စင်ပေးပါ။

- ဝက်ခြံအမာရွတ်များ၊ အသက်အရွယ်ကြီးရင့်၍ အမည်းစက်ပြောက်များနှင့် တင်းတိပ်စွဲခြင်းများအတွက် ကျိတ်ချေ ထားသော ဆီးသီးစားပွဲတင်ဇွန်း လေးဇွန်းစာ ပမာဏထဲကို ဒိန်ချဉ် စားပွဲတင်ဇွန်းတစ်ဇွန်း၊ သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းနှင့် မန်ကျည်းသီးအနှစ် အနည်းငယ်မျှတို့ဖြင့် ရောနယ်ကာ ရက်သတ္တ တစ်ပတ်လျှင် သုံးကြိမ် ဤနည်းအတိုင်း မှန်မှန်လိမ်း ပေးခြင်းဖြင့် အသားအရေကောင်းမွန်တိုးတက်လာပါလိမ့်မည်။ 

- ဆီးသီးသည် မျက်နှာအသားအရေအတွက်သာမက၊ ခေါင်းဦးရေပြားကိုကျန်းမာစေပြီး ဆံပင်မကျွတ်စေနိုင်ပေ။ ထို့ ကြောင့် ဆီးသီးကို သဘာဝဆံပင်သန်ဆေးအဖြစ် ယုံကြည် စိတ်ချစွာ အသုံးပြုနိုင်ပါသည်။ လတ်ဆတ်သော ဆီးသီးသတ္တုရည်ကို ကြက်ဥ အနှစ် တစ်လုံးဖြင့် နယ်ကာ ခေါင်းဦးရေပြားထဲထိ စိမ့်ဝင်အောင် နှိပ်နယ်ပေးပြီးနောက် ၁၀ မိနစ်ခန့်အကြာ မိမိလျှော်နေကျ ခေါင်း လျှော်ရည်ဖြင့် လျှော်ပေးပါ။ 

သတိပြုရန်

(က) ဆီးသီးသည် ကျန်းမာရေးအတွက် ကောင်းကျိုးများ စေသည် မှန်သော်လည်း ဆီးသီးအပါအဝင် သစ်သီးဝလံနှင့်ဟင်းသီး ဟင်းရွက်တို့ကို လိုအပ်သည့် ပမာဏထက် အလွန်အကျူးစားသုံး မိပါက၊ ထိုအသီးအနှံထဲတွင်ပါရှိသော oxalates ဓာတ်ကဆီးကျောက် တည်ခြင်­­းကို ဖြစ်ပေါ်စေနိုင်သည်။ 

(ခ) ဆီးသီးနှင့် စားတော်ပဲ တွဲစားမိပါက ဝမ်းလျှောစေနိုင်သည်။

အချုပ်အားဖြင့်ဆိုသော် ဆီးသီးသည် ဈေးမကြီးသော်ငြား ရာသီစာဖြစ်သည့်အတွက် တစ်နှစ်ပတ်လုံး စားခွင့်မကြုံနိုင်ပေ။ ယခုလို ဆောင်းရာသီ အခါသမယ ဆီးသီးလှိုင်လှိုင်ပေါ်ချိန်တွင် လက်လွတ်မခံဘဲ အမိအရစားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုး ကျေးဇူးများစွာ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း။

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ