နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန့်ရှင်းသာယာလှပရေး စည်းကမ်းတကျ စွန့်ပစ်စေချင်

အမှိုက်ဟူသည် လူတို့စွန့်ပစ်ရာမှ အဓိကဖြစ်ပေါ်လာသည့် အရာဝတ္ထုပစ္စည်းများ ဖြစ်သည်။ လူဦးရေထူထပ်သည်နှင့်အမျှ စွန့်ပစ်အမှိုက်လည်း များပြားတတ်သည်။ လူဦးရေအထူထပ် ဆုံးဖြစ်သည့် ရန်ကုန်မြို့တွင် နေ့စဉ်အမှိုက်တန်ချိန်များစွာ ထွက်ရှိနေသည်။ အမှိုက်ကို စနစ်တကျ စွန့်ပစ်ကြရမည်။ စနစ်တကျ သိမ်းဆည်းရမည်။ 

လူတို့စွန့်ပစ်အမှိုက်များတွင် အခြားအမှိုက်များထက် မီးဖိုဆောင်သုံး  စွန့်ပစ်အမှိုက်များက  ပိုသည်။  အထူးသဖြင့်   မြို့တွင်း အထပ်မြင့်တိုက်များတွင် နေထိုင်ကြသူတို့သည် နေ့စဉ် မိမိနေအိမ်မှ  စွန့်ပစ်အမှိုက်များကို  စနစ်တကျ  ထုပ်ပိုးပြီး သက်ဆိုင်ရာအမှိုက်ပုံ သို့မဟုတ် သိမ်းဆည်းသူတို့ထံ ပို့ဆောင် ကြရပေမည်။

ထိုသို့ ပို့ဆောင်ခြင်းမပြုဘဲ အထပ်မြင့်မှ နောက်ဖေးလမ်းကြား သို့ အလွယ်တကူစွန့်ပစ်လိုက်ခြင်းသည် စည်းကမ်းမဲ့ပြုလုပ်ခြင်း ဖြစ်သည်။ အမှိုက်သိမ်းဆည်းခြင်းသည် ရှက်စရာမဟုတ်ဘဲ အမှိုက်များကို မဆင်မခြင် စွန့်ပစ်ခြင်းသည် ရှက်စရာကောင်းသော အလုပ်ဖြစ်သည်ကို သတိပြုမူကြဖို့ လိုသည်။

နိုင်ငံတော်အစိုးရက ချမှတ်ထားသည့် လမ်းညွှန်မှာကြား ချက်များတွင် မိမိမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး၊ အမှိုက်များ မရှိစေရေး၊ ကျူးကျော်အိမ်ရာများ မရှိစေရေး၊ လယ်ယာမြေများပေါ်တွင် အခြားနည်းသုံးစွဲ၍ လုပ်ငန်းများ ဆောင်ရွက်ခွင့်မပြုစေရေး လမ်းတံတားများ ပျက်စီးမှုများ ရှိပါက အမြန်ဆုံးပြင်ဆင် ဆောင်ရွက်နိုင်ရေးများ ပါဝင်ပေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၂၈ ရက်က မကွေးမြို့တော်ခန်းမ၌ MSME စီးပွားရေးလုပ်ငန်းရှင် များအား တွေ့ဆုံမှာကြားရာတွင် "မကွေးတိုင်းဒေသကြီးအတွင်း အထင်ကရနေရာများနှင့် တန်ခိုးကြီးစေတီပုထိုးများ များစွာ ရှိသဖြင့် တစ်နိုင်ငံလုံးမှ ဘုရားဖူးများ လာရောက်ကြကြောင်း၊ မိမိတို့ဒေသသို့ လာရောက်သူများ စိတ်ချမ်းမြေ့မှုများ ရှိစေရေး၊ မြို့ရွာများ သန့်ရှင်းသာယာလှပစေရန် အားလုံးက  ဝိုင်းဝန်း ဆောင်ရွက်ကြစေလိုကြောင်း၊ သို့မှသာ ခရီးသွားများ လာရောက်မှု ပိုမိုများပြားပြီး ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို  များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း"   ထည့်သွင်းပြောကြား ခဲ့သည်။

မြို့ပြဖွံ့ဖြိုးတိုးတက်အောင်၊ စည်းကမ်းရှိသော မြို့ကြီး၊ပြကြီး ဖြစ်ပေါ်အောင် ပြောင်းလဲဆောင်ရွက်ရာတွင် မြို့နေပြည်သူများ လိုက်နာကျင့်သုံးအပ်သောအရာမှာ အမှိုက်များကို စည်းကမ်းတကျ စွန့်ပစ်တတ်သည့်အလေ့အထကို ကျင့်ကြံအားထုတ်ကြရမည် ဖြစ်ပေသည်။

မြို့ပြနေပြည်သူများ တက်တက်ကြွကြွ ပူးပေါင်းပါဝင်လာ ရေး၊ စည်းကမ်းပြည့်ဝသော မြို့ကြီးသားဖြစ်လာအောင် ပြည်သူ တစ်ရပ်လုံး၏စွမ်းအားဖြင့် ပါဝင်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်  သန့်ရှင်းသပ်ရပ်သော ဝန်းကျင်ကောင်းဖြစ်ပေါ်လာမည်ဟု ဆိုချင် ပါကြောင်း။






အခြားဆက်စပ်သတင်းများ