နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နောက်ကျသွင်းဂိုးများဖြင့် နယ်သာလန်အသင်း ဆီနီဂေါကို အနိုင်ရ

ရန်ကုန်  နိုဝင်ဘာ  ၂၂

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အုပ်စု A ၏ ပွဲစဉ် တစ်ပွဲအဖြစ် ဆီနီဂေါအသင်းနှင့် နယ်သာလန် အသင်းတို့ ယမန် နေ့ညပိုင်းက Al Thumama ကွင်း၌ ယှဉ်ပြိုင်ကစားရာ နယ်သာလန်အသင်းက ဆီနီ ဂေါအသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် နှစ်သင်း စလုံးက အပြန်အလှန်တိုက်စစ် ဆင်ကစားခဲ့ပြီး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ကာ အမှားအနည်း ဆုံး ကစားနိုင်ခဲ့သည့် နည်းပြ ဗန်ဟား၏ နယ်သာလန် အသင်းက နိုင်ပွဲရယူနိုင်ခဲ့သည်။

ပထမပိုင်းတွင် နှစ်သင်း စလုံး၏ ခြေစွမ်းမျှနေခဲ့ပြီးအပြန် အလှန် တိုက်စစ်ဆင် ကစားခဲ့ သော်လည်း ထိရောက်သည့် ဂိုးပေါက်ခြိမ်းခြောက်မှုအနည်း ငယ်သာ ပြုလုပ်နိုင်ခဲ့ကြသည်။ ဆီနီဂေါအသင်း၏ အသင်း လိုက် ကစားဟန်က ကောင်း မွန်ခဲ့သလို တစ်ဦးချင်းစွမ်း ဆောင်ရည်မှာ မြင့်မားခဲ့သော် လည်း မာနေး မပါဝင်နိုင်သည့် တိုက်စစ်ပိုင်းက လိုအပ်ချက် များရှိနေခဲ့သည်။

နယ်သာလန်အသင်း၏ တိုက်စစ်ပိုင်းကလည်း အား နည်းနေခဲ့ပြီး ဂိုးကန်သွင်းခွင့် အနည်းငယ်သာ ဖန်တီးနိုင်ခဲ့ ကာ ပထမပိုင်းတွင် ဂိုးမရှိ သရေဖြင့် ပွဲပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် ဆီနီဂေါ အသင်း၏ ကစားအားပိုမို ကောင်းမွန်လာခဲ့ပြီး နယ်သာ လန်အသင်းကို အကြိမ်ကြိမ် ဖိအားပေးနိုင်ခဲ့ကာ ဂိုးဖန်တီး ခွင့်နှင့် ကန်သွင်းခွင့်များပိုမို ရရှိခဲ့သည်။ သို့သော်အဆုံးသတ် ပိုင်း လိုအပ်ချက်များ ရှိနေခဲ့ သလို နယ်သာလန်ဂိုးသမား နော့ပ်ပက် လက်စွမ်းပြနေခြင်း ကြောင့် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။

နယ်သာလန်အသင်းက တည်တည်ငြိမ်ငြိမ်ဖြင့် ယှဉ်ပြိုင် ခဲ့ပြီး အမှားအနည်းဆုံး ကစား ခဲ့ကာ ၈၄ မိနစ်တွင် ဂတ်ပို ၏သွင်းဂိုးဖြင့် အဖွင့်ဂိုးရရှိခဲ့ပြီး နောက်ထပ်အနိုင်ဂိုးကို ၉၉ မိနစ်တွင် ကလာဆန်ကသွင်းယူ ပေးခဲ့ကာ အဖွင့်ပွဲစဉ်တွင် သုံးမှတ်ရယူနိုင်ခဲ့သည်။

ထို့ပြင် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု B ပွဲစဉ်များတွင် အင်္ဂလန်အသင်းက အီရန် အသင်းကို ခြောက်ဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အမေရိကန်နှင့် ဝေးလ်အသင်းတို့ တစ်ဖက်တစ် ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ် ခဲ့ကြောင်း သိရသည်။        

သူရိန်






အခြားဆက်စပ်သတင်းများ