နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယဉ်ကျေးမှုအမွေ ထိန်းသိမ်း

ရန်ကုန်၊ ဇွန် ၁၄

မြန်မာနိုင်ငံတွင် ရှေးဟောင်းအမွေအနှစ်များသည် သမိုင်းမတင်မီ ခေတ်ကပင်စ၍ ဖြစ်တည်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ရှေးဟောင်းအမွေအနှစ်များတည်ရှိရာ ပုဂံရှေးဟောင်းဒေသသည် ကမ္ဘာသိဒေသတစ်ခုပင် ဖြစ်သည်။
မြန်မာတို့သည် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ မြို့ပြခေတ်စသည့် ခေတ်အသီးသီးကိုဖြတ်သန်းခဲ့ပြီး အေဒီ ၁၀၄၄ တွင် အနော်ရထာမင်းသည် ပထမမြန်မာနိုင်ငံတော်ကို ပုဂံဒေသတွင် စတင်တည်ထောင်ခဲ့သည်။ ပုဂံဒေသသည် စေတီ၊ ပုထိုး၊ ဂူဘုရားပေါင်းအမြောက်အမြား တည်ထားကိုးကွယ်ရာ တန်ဖိုးကြီးမားသည့် ရှေးဟောင်းအမွေအနှစ်များရှိသည့် ဒေသဖြစ်သည်။ ပုဂံဒေသတွင် ရှေးဟောင်းစေတီပုထိုးပေါင်း ၃၈၂၂ ဆူ ရှိသည်။ မြန်မာလူမျိုးတို့ ဂုဏ်ယူဖွယ်ရာဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့၊ ဝန်ကြီးဌာနများ၊ ပညာရှင်များ၊ ပရဟိတအဖွဲ့အစည်းများ၊ ဒေသခံများအားလုံး ကြိုးစားမှုကြောင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၆ ရက်တွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသတစ်ခုဖြစ်ခဲ့ပြီ ဖြစ်ပေသည်။

ယခုအခါ လူမှုကွန်ရက်နှင့် သတင်းမီဒီယာအချို့တွင် ပုဂံရှိဘုရားအဆူ ၅၀ ခန့် ဖောက်ထွင်းခံရသည်ဟု သတင်းများဖော်ပြလျက်ရှိရာ အကြီးအကဲများနှင့် ပြည်သူများစိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ အမှန်စင်စစ် စုစုပေါင်း ဘုရား ၃၃ ဆူမှာ ဌာပနာတိုက်ဖောက်ထွင်းခံရသည်ဟု သံသယဖြစ်ရပြီး ၁၂ ဆူမှာ ဌာပနာဖောက်ထွင်း ခံရခြင်းဖြစ်ပြီး ကျန် ၂၁ ဆူသည် စေတီပုထိုးများကို အသစ်မွမ်းမံပြင်ဆင်ခဲ့စဉ်က အလှူရှင်များ ဌာပနာရန် အတွက် အထက်ဌာပနာပေါက်အဖြစ် တစ်ပေပတ်လည်ခန့် ချန်ထားခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံသည် မြေပေါ်မြေအောက် သယံဇာတများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်၍ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများကို ပြည်ပနိုင်ငံသို့ တရားမဝင်ရောင်းဝယ်မှုများ ပပျောက်နိုင်ရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားမှတွေ့ရှိရသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများကို တာဝန်သိသိ လာရောက်အပ်နှံပါက အဆိုပါပစ္စည်း၏မူလတန်ဖိုးနှင့် ရှေးဟောင်းခေတ်ကာလတန်ဖိုးများကို ထပ်ဆောင်း ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ စုဆောင်းထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။

သမိုင်းတန်ဖိုး၊ ခေတ်လက်ရာတန်ဖိုးမြင့်မားသည့် မြန်မာမှု၊ မြန်မာ့ဟန်များ မပျောက်ပျက်စေရန် ပုဂံ ယဉ်ကျေးမှုအမွေအနှစ် ရေရှည်ထိန်းသိမ်းရေး၊ ကာကွယ်စောင့်ရှောက်ရေး အစီအမံများကိုဒေသခံများ၏ ပူးပေါင်းကူညီဆောင်ရွက်မှု ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်မှုများကို စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နှစ်ပေါင်းထောင်ချီ၍ ဖြစ်တည်ထွန်းကားလာခဲ့သော တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းအမွေအနှစ်ပစ္စည်း များ အဆောက်အအုံများကို ရေရှည်တည်တံ့ရန် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားကြစေချင်ကြောင်း ။         ။






အခြားဆက်စပ်သတင်းများ