နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အောင်စာရင်းလာမကြည့်နိုင်သူများကို သက်ဆိုင်ရာမြို့နယ်အလိုက် ဖုန်းဖြင့်ပြန်လည်ဖြေကြား အသိပေးနေ

ရန်ကုန် ဇွန် ၁၃


အခြေခံပညာအောင်စာရင်းများကို  ဇွန်  ၁၃   ရက် နံနက် ၆ နာရီတွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ အရ ထုတ်ပြန်ပေးခဲ့ရာ အောင်စာရင်းလာမကြည့်နိုင်သူများအတွက် သက်ဆိုင်ရာမြို့နယ်အလိုက် ဖုန်းဖြင့် ပြန်လည်ဖြေကြားအသိပေးသောစနစ်မျိုးကို ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။


“အခုလို COVID-19 ကာလမှာ အကြောင်းအမျိုးမျိုးကြောင့် အောင်စာရင်းလာမကြည့်နိုင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အောင်စာရင်းကို ဖုန်းနဲ့ပြန်ပြီးဖြေကြားတာမျိုးတွေကို လုပ်ဆောင် ပေးနေပါတယ်၊ Grade 9 စာမေးပွဲတွေဆိုရင် ခရိုင်ပညာရေးမှူးရုံးကို မေးပါ၊ ကျန်တဲ့အတန်းတွေက သက်ဆိုင်ရာ ကျောင်းတွေကို ဖုန်းဆက်မေးတဲ့အခါ အောင်စာရင်း Duty ယူထားတဲ့ ဆရာ၊ ဆရာမတွေက ပြန်လည် ဖြေကြားပေးမှာဖြစ်ပါတယ်”ဟု ရန်ကုန်အနောက်ပိုင်းခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။


ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ အောင်စာရင်းအခြေအနေကိုသိရှိလိုသောအခါ ဆက်သွယ်ပါက ခုံအမှတ်၊ မိဘအမည်၊ အတန်း၊ ဖြေဆိုသောကျောင်း စသည်ဖြင့် အချက်အလက်များ မှန်ကန်စွာပြောပြရမည်ဖြစ်သလို သက်ဆိုင်ရာမြို့နယ်များမှ ကျောင်းအသီးသီးတွင် အောင်စာရင်း တာဝန်ကျသော ဆရာ၊ဆရာမများက ပြန်လည်ဖြေကြားပေးခြင်းဖြင့် လုပ်ဆောင်နေခြင်းလည်းဖြစ်သည်။ “Teacher တို့ကတော့ မနက်အစောကြီးကတည်းက အောင်စာရင်း Duty အနေနဲ့လာရတာ၊ တစ်ချို့ကလည်း COVID ကြောက်ပြီး မလာဘဲ ဖုန်းနဲ့ ဆက်သွယ်တာမျိုးလည်းရှိပါတယ်၊ ဒီနှစ်မှာက အခုလိုကာလမှာ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းတာကိုလည်း ပြန်လည်ပြီးဖြေကြားပေးဖို့မှာကြားထားပါတယ်၊ ဒါ့ကြောင့်လည်း ပြန်ဖြေပေး နေရတာပေါ့၊ ဒီမှာအောင်စာရင်းလာကြည့်တဲ့သူတွေ အနေနဲ့လည်း သိပ်ပြီးတော့ လူစုလူဝေးမဖြစ်အောင် Teacher တို့က ကြပ်မတ်နေရတာပေါ့”ဟု အထက်တန်းပြ ဆရာမတစ်ဦးက ရှင်းပြသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၏ အောင်စာရင်းကို ထုတ်ပြန်ရာတွင် ယခင်နှစ်ကဲ့သို့ တစ်နေရာတည်းတွင် အတန်းများအားလုံးစုစည်း၍ထုတ်ပြန်ခြင်းမျိုးမဟုတ်တော့ဘဲ အတန်းတစ်ခုစီကို နေရာခွဲကာ ထုတ်ပြန်သည့်စနစ်ဖြင့် လူစုလူဝေးမဖြစ်စေရန် လုပ်ဆောင်နေကြောင်း၊ မိမိကြည့်ချင်သော အောင်စာရင်းနေရာကိုသိရှိရန် ကျောင်းအဝင် အဝတွင် လမ်းညွှန်များထားပေး၍ လုပ်ဆောင်ပြီး အောင်စာရင်းကပ်ထားသည့်နေရာတွင်လည်း တစ်ဦးနှင့်တစ်ဦး နီးကပ်သော အခြေအနေမျိုး မဖြစ်စေဘဲ Social Distancing အရ လုပ်ဆောင်နိုင်ရန် ဆရာ၊ ဆရာမများကို တာဝန်ချကာ လုပ်ဆောင်နေကြောင်း သိရသည်။


(HK)






အခြားဆက်စပ်သတင်းများ