နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂန္ဓမာပန်းစိုက်ခင်းများ ခေတ်မီနည်းစနစ်များကိုအသုံးပြုကာ ရေဖျန်းပိုက်များဖြင့် ရေပေးဝေ

ကောလင်း ဧပြီ ၃ ဂန္ဓမာပန်းစိုက်တောင်သူများသည် တစ်နှစ်ပတ်လုံးစိုက်ပျိုးလေ့ရှိပြီး ယခင်က ရေလောင်းခြင်း၊ ရေစက်တင် ခြင်းများကိုပြုလုပ်ကြရကာ ယခုအခါ စီးပွားဖြစ်ပန်းစိုက်ပျိုးသူများမှာ ခေတ်မီရေပန်းပိုက်များကို အသုံးပြု လာကြသည်။ မြေတစ်ဧကကို ငွေခုနှစ်သိန်းခန့်ကုန်ကျပြီး တစ်နှစ်ဝယ်ယူရင်းနှီးမြုပ်နှံထားသည်နှင့် ရာသီတိုင်းအသုံးပြုနိုင်ပြီး ရေပန်းဖြင့်ရေပေးဝေမှုစနစ်တွင် ရေလေလွင့်မှုနည်းပါးကာထိရောက်ကြောင်း ပိုက် များမှာအရှင်ဖြစ်သည့်အတွက် ပန်းစိုက်ခင်းတစ်ခင်းပြီးလျှင်ဖြုတ်ထားကြကာ လက်ရှိကာလတွင် စျေးကွက်ကို တွက်ဆ၍ စျေးကွက်ဝင်ဂန္ဓမာပန်းများကို စိုက်ပျိုးကြသည်။ ဂန္ဓမာပန်းစိုက်ပျိုးရန်အတွက် ထယ်ရေးပြင်ခြင်းလုပ်ငန်းများကို စနစ်တကျပြုလုပ်ကြရသည်။ ပန်းစိုက်ပျိုးနိုင်ရန်အတွက် ထွန်ဖြင့်အနည်းဆုံး ၅ စပ်အထိခုတ်ရလေ့ရှိသည်။ ထယ်ရေးပြင်ပြီးသည်နှင့် ပေါင် များကို စနစ်တကျပြုလုပ်ပေးရသည်။ ပေါင်တစ်ပေါင်လျှင် နှစ်တောင့်ထွာပြုလုပ်ပေးရသည်။ တစ်ပေါင်နှင့် တစ်ပေါင်ကြားအကွာအဝေးကို တစ်တောင်ကျော်ခန့်ခြားထားကာ ရေပိုက်လိုင်းလမ်းအဖြစ်ထားရှိကြသည်။ ဂန္ဓမာပန်းစိုက်ပျိုးပင်များကို ပြင်ဦးလွင်မှ မှာယူစိုက်ပျိုးကြရသည်။ ပန်းပျိုးပင်တစ်ပင်လျှင် ပန်းအမျိုး အစားပေါ်မူတည်၍ ၅ ကျပ်မှ ၁၃ ကျပ်အထိပေးဝယ်ကြရသည်။ လက်ရှိကာလ ပန်းပေါင်တစ်ပေါင်လျှင်ပန်းပင် ၁၂၀၀ ခန့်ဝင်ဆန့်သည့်ပမာဏအတိုင်းစိုက်ပျိုးထားသည်။ မြေအနေအထားအလိုက် ပေါင်အတိုအရှည်ကို လိုသလိုပြုလုပ်လေ့ရှိသည်။ တစ်ဧကစိုက်ပျိုးမည်ဆိုပါက ပန်းပေါင်များကိုရက်ခြားကာစိုက်ပျိုးကြရသည်။ သို့မှသာ စျေးကွက်ကိုအချိန်ဆွဲကာ ချိန်ဆရောင်းချနိုင်မည်ဖြစ်သည်။ ပန်းပျိုးပင်စတင်မစိုက်ပျိုးမီ ခြဆေးများ၊ မိုးဆေးများခံကာ စတင်စိုက်ပျိုးမည့်နေ့တွင် ရှေ့မှပန်းပေါင် များကို ရေစိုနေအောင်လောင်းကာ နောက်မှပန်းပင်များကိုစိုက်ပျိုးရသည်။ ပန်းစိုက်ပျိုးသည်မှစကာ ရေဖျန်း ပိုက်ဖြင့်ရေဖျန်းကြရသည်။ ရေဖျန်းမှုတွင် ရာသီဥတုပူပါက သုံးခါအထိဖျန်းကြပြီး ရာသီဥတုအေးပါက နှစ်ခါခန့်ဖျန်းကြရကာ ပန်းပင်များဖြစ်ထွန်းအောင်မြင်ရန်အတွက် ၁၅ ရက်တစ်ကြိမ်မြေဆီကျွေးပေးရပြီး စိုက်ပြီး သုံးလကျော် လေးလအရောက်တွင် ပန်းများစျေးကွက်အတွင်းရောင်းချနိုင်သည့် အနေအထားသို့ ရောက်ရှိသည်။ ဂန္ဓမာပန်မျိုးများစွာရှိ၍ လက်ရှိကာလ ကောလင်းမြို့အနီးမှ စိုက်ခင်းများမှာ ဆန်းမား၊ ကြွေဖြူ၊ မရမ်း၊ အိုဆာမရမ်း၊ လပ်ကီး၊ သရဖီမျိုးများကို အများစုစိုက်ပျိုးကြပြီး ပန်းစိုက်ပျိုးမှုတွင် ခေတ်မီနည်း စနစ်အတိုင်း ရေဖျန်းပိုက်လိုင်းများအသုံးပြုခြင်းဖြင့် လုပ်ငန်းတွင်ကျယ်ကာ လုပ်အားကိုလျှော့ချနိုင်ကြောင်း သိရသည်။ မြင့်ထွန်းမင်း(ကောလင်း)






အခြားဆက်စပ်သတင်းများ