နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘဝအသိ တိုးတက်စေချင်

ရန်ကုန်၊ ဇွန် ၁၃


လောက၌ လူတိုင်းသည်အသိတရားရှိကြ၍ ထိုအသိတရားအတိုင်း သတိပြုကျင့်ကြံနေထိုင်သွားခဲ့ပါမူ တိုးတက်ခြင်း၊ ကြီးပွားခြင်း ဖွံ့ဖြိုးခြင်းဟူသော အကြောင်းတရားအရ ကောင်းကျိုးချမ်းသာကိုရရှိစေ၏။ 


အမျက်ထွက်သောသူကို အမျက်မထွက်ခြင်းဖြင့် အောင်နိုင်၏။ တစ်နည်းအားဖြင့် မေတ္တာဖြင့်အောင်ရာ၏။    ဤကားသည်းခံခြင်း တရားပင်ဖြစ်၏။ တစ်ဖန်သူ့ကျေးဇူးကို ပယ်ဖျက်တတ်သည့် စိတ်ဆိုး၊ စိတ်ယုတ်တို့ကို ပယ်စွန့်သောသူအား သူတော်ကောင်းတို့က ချီးမွမ်းကြကုန်၏။ လူခပ်သိမ်းတို့၏ ကြမ်းတမ်းသောစကားကို သည်းခံကြကုန်လော့။ ဤသည်းခံခြင်းကို မြင့်မြတ်သောတရားဟူ၍ သူတော်ကောင်းတို့ ပြောဆိုကြကုန်၏။ 


ယင်းသို့ဆို‌သော် အမျက်ဒေါသကိုထိန်းချုပ်ခြင်းသည် အကောင်းဆုံးရလဒ်ပင်ဖြစ်သည်။ ယနေ့ဖြစ်ပျက်နေ သော အကြောင်းတရားများကို လေ့လာကြည့်ပါက အများစုမှာ လောဘ၊ ဒေါသတို့ကြောင့်ဖြစ်ရသည်ကို တွေ့ရ၏။ ဝမ်းနည်းဖွယ်၊ ကြေကွဲဖွယ်များ၊ လူသားတို့၏ နာကျင်ခံစားရမှုများ တွေ့ရပေသည်။ အသေအချာ ဆန်းစစ်ကြည့်သော် အမျက်ဒေါသကြောင့်ပင်ဖြစ်၏။ အမျက်ဒေါသသည် မကောင်းပါ။ ဒေါသသည် အမှားပါတတ်၏။ ထို့ကြောင့်လူသားတိုင်း အမျက်ဒေါသကိုထိန်းချုပ်ခြင်းဖြင့် အမျက်ဒေါသကိုအနိုင်ယူနိုင်၏။ အမျက်ဒေါသကိုထိန်းချုပ်နိုင်သော သူတို့အား သူတော်ကောင်းတို့ချီးမွမ်းကြကုန်၏။


မိမိမလိုလားအပ်သောအရာတို့အပေါ် ချုပ်တည်းခြင်းသည် ထာဝရပျော်ရွှင်ခြင်းကိုဖြစ်စေ၏။ ချုပ်တည်း သည်ကား လောဘ၊ ဒေါသ၊ မောဟတို့ကို ချုပ်တည်းလိုက်ခြင်းကြောင့် ထာဝရပျော်ရွှင်ခြင်းကိုရစေ၏။ လောဘ၊ ဒေါသ၊ မောဟမီးတို့ကို မချုပ်တည်းနိုင်ပါက စိတ်လည်းကြမ်း၊ ကိုယ်လည်းကြမ်းပေလိမ့်မည်။ တစ်နည်းအားဖြင့် အိုခြင်းတရားကို ပို၍ဖြစ်စေနိုင်၏။ လူတို့၏ နုနယ်ပျိုမျစ်လှပခြင်းသည် စိတ်နှင့်များစွာသက်ဆိုင်၏။ မည်မျှပင် အသက်အရွယ်ကြီးစေကာမူ စိတ်ပျိုလျှင်ကိုယ်လည်းနုပျို၏။ စိတ်အိုလျှင် ကိုယ်လည်းအို၏။ စိတ်ကြမ်းလျှင် ကိုယ်လည်းကြမ်း၏။ စိတ်ထောင်းက ကိုယ်ကြေ၏။ 


လူတိုင်းလူတိုင်းသည် လောဘ၊ ဒေါသ၊ မောဟတို့ကို တဖြည်းဖြည်းလျှော့ချနိုင်လျှင် ကောင်းမှန်းသိသည်။ သို့ဖြစ်ရာ နုနယ်ပျိုမျစ်ခြင်းကိုလိုလားကြလျှင် စိတ်ပျိုဖို့လိုသည်။ စိတ်ပျိုခြင်းက ကိုယ်နုခြင်းအစစ်အမှန်ပင် ဖြစ်၏။ လောဘ၊ ဒေါသ၊ မောဟ ကင်းစင်ခြင်းသည်သာ စစ်မှန်သော စိတ်ပျိုခြင်းဖြစ်အောင် နေထိုင်ခြင်းဖြစ်ပါ ကြောင်းနှင့် အမျက်ဒေါသကိုလျှော့ချနိုင်သဖြင့်သာ ကြီးပွားတိုးတက်ကြကုန်၏။ ထိုအသိတရားများအပေါ် ဆင်ခြင်ကျင့်ကြံအားထုတ်မည်ဆိုသော် ဘဝတစ်လျှောက်လုံးတိုးတက်နေသည်ဟု ဆိုချင်ပါကြောင်း။         ။






အခြားဆက်စပ်သတင်းများ