ရန်ကုန်၊ ဇွန် ၁၂
ယခုအခါ ရန်ကုန်မြို့ရှိ ကျောင်းသုံးပစ္စည်းစျေးကွက်အတွင်း နယ်ဝယ်လက်များဆင်းကာ ဝယ်ယူ လာကြခြင်းကြောင့် အရောင်းအဝယ်ပြန်ဖြစ်လာကြောင်း ရန်ကုန်မြို့၊ သိမ်ကြီးစျေးရှိ ကျောင်းသုံးပစ္စည်းအရောင်းဆိုင်များ ထံမှ သိရသည်။
အဆိုပါစျေးကွက်တွင် ပုံမှန်အားဖြင့် မေလဆန်းလောက်မှစတင်ကာ အရောင်းအဝယ်ကောင်းလေ့ ရှိသော်လည်း ယခုနှစ်တွင် ကျောင်းဖွင့်ချိန်များလည်း နောက်ဆုတ်ခဲ့သလို ကျောင်းသုံးပစ္စည်းအရောင်း အဝယ်စျေးကွက်မှာလည်း အေးစက်ခဲ့ရာမှ ယခုအခါ နယ်ဝယ်လက်များရှိလာခဲ့ခြင်းဖြစ်သည်။ “ပုံမှန်ဆိုရင် သင်္ကြန်ပြီးရင် နည်းနည်းလေး ရောင်းရတယ်၊ မေလထဲမှာ တော်တော်လေး အရောင်းအဝယ်သွက်ခဲ့တာ၊ ဒီနှစ်ကတော့ COVID လည်းဖြစ်တော့ တော်တော်လေး အရောင်းအဝယ်အေးတယ်၊ အခုတော့ ဖြေလျှော့မှုတွေနဲ့ ဖြစ်လာတာရယ်၊ ကျောင်းဖွင့်ဖို့ ပြင်ဆင်တာတွေရှိလာတဲ့အတွက် နယ်ကသူတွေ ရန်ကုန်တက်လာပြီး ဝယ်တာတွေကြောင့် အရောင်းအဝယ် ပြန်ဖြစ်လာတယ်”ဟု သိမ်ကြီးစျေးရှိ ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်သီတာက ရှင်းပြသည်။
ထိုသို့အရောင်းအဝယ်ပြန်ဖြစ်လာသော်လည်း စျေးနှုန်းအားဖြင့် မြင့်တက်ခြင်းမျိုးမရှိသလို ထီးစျေးနှုန်းအချို့ မြင့်တက်မှုများရှိသော်လည်း ကျောင်းဝတ်စုံများ၊ ကျောပိုးအိတ်၊ ရေဘူး၊ ထမင်းဘူး၊ စာရေးကိရိယာများ၏ စျေးနှုန်းများမှာ ပုံမှန်အတိုင်း မြင့်တက်မှုမရှိကြောင်း သိရသည်။ “စျေးနှုန်းကတော့ အစားစားပဲ ထီးဆိုရင် ၁၀၀၀ ကျော် တန်လည်း ရှိတယ်၊ Quality ပေါ် မူတည်တာပေါ့၊ မနှစ်ကထက်ယှဉ်ရင် ကျပ် ၅၀၀-၁၀၀၀ လောက် နည်းနည်းလေး မြင့်သွားပေမယ့် ကျန်တာတွေကတော့ ဒီအတိုင်းပဲ”ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
ထိုနယ်ဝယ်လက်များမှာ မြစ်၀ကျွန်းပေါ်ဒေသများနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိဒေသများမှ ဝယ်ယူမှုများရှိသလို အရည်အသွေးပေါ်မူတည်၍ စျေးနှုန်းများအသီးသီးရှိကာ ကျောင်းဝတ်စုံများနှင့် ကျောပိုးအိတ်များမှာ အနည်းဆုံး ၃၀၀၀ ကျပ်လောက်မှ ၁၀၀၀၀ ကျော်တန်အထိအသီးသီးဖြင့်လည်းကောင်း ရှိကြကြောင်း သိရသည်။ “ရန်ကုန်က လက်လီ ပြန်ရောင်းမယ့်သူတွေတောင် သိပ်ပြီး လာမဝယ် သေးပေမယ့် နယ်ဝယ်လက်တွေကြောင့် ပြန်ပြီးရောင်းလာရတာပါ၊ ကျောင်းဖွင့်ခါနီးရင်တော့ လက်လီအဝယ် တွေလည်း တက်လာမယ်လို့ ယူဆရပါတယ်၊ အရေးကြီးတာကလည်း ကျန်းမာရေးထုတ်ပြန်ချက်တွေ ဖြေလျှော့မှုတွေလည်း အရေးပါ ပါသေးတယ်”ဟု ကျောင်းဝတ်စုံ ဆိုင်ပိုင်ရှင် ဦးမျိုးဝင်းက ရှင်းပြသည်။
COVID 19 ရောဂါနှင့်ပတ်သက်သော ထုတ်ပြန်ကန့်သတ်မှုများမှာ လက်ရှိ ဇွန် ၁၅ ရက်အထိ သတ်မှတ်ထား ရာ ယင်း ၁၅ ရက်နေ့ နောက်ပိုင်း ထပ်တိုးခြင်းမျိုးမရှိပါက နယ်ဝယ်လက်များ ယခုထက်ပိုကာ ဆင်းလာပြီး ဝယ်ယူနိုင်မည်ဟုလည်း ခန့်မှန်းထားကြသည်။
HK