နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခွာနာ၊ လျှာနာရောဂါ သတိပြု

ရန်ကုန်၊ ဇွန် ၁၂


လူသားတို့၏နေ့စဉ်ဘဝတွင် အဓိကလိုအပ်ချက်ဖြစ်သည့် စားရေး၊ ဝတ်ရေး၊ နေရေး အခြေခံလိုအပ်ချက်များ အနက် နေ့စဉ်အဓိကလိုအပ်ချက်မှာ စားရေရိက္ခာလိုအပ်ချက်ဖြစ်သည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် စပါးအဓိကစိုက်ပျိုးသော နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများသည် မိုးဖြိုင်ဖြိုင်ရွာ သော ကာလများတွင် ကောက်စိုက်လေ့ရှိသော်လည်း အောက်ပိုင်းအရပ်ဒေသများတွင် ရေတော်၊ မိုးတော် အနေအထားအရ စိုက်ပျိုးလျက်ရှိသည်။


နေ့စဉ်တိုးတက်နေသော လူဦးရေအတွက် စားနပ်ရိက္ခာဖူလုံပိုလျှံရေးမှာ အလွန်အရေးကြီးသော အချက် ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၅၄ သန်းခန့်သော ပြည်သူပြည်သားများ စားနပ်ရိက္ခာပြည့်စုံစွာ စားသုံးနိုင်ရေး ထုတ်လုပ်ပေးနေသည်မှာ တောင်သူလယ်သမားဦးကြီးများပင်ဖြစ်သည်။ တောင်သူလယ်သမားဦးကြီးတို့နှင့် တွဲဖက်၍ ရုန်းကန်လုပ်ဆောင်နေရသော လယ်ယာမြေလုပ်ငန်းများတွင် ကျွဲ၊ နွားများ၏ စွမ်းဆောင်ချက်များက လည်း အရေးပါလှသည်။


ခွာနာ၊ လျှာနာရောဂါသည် ခွာကွဲတိရစ္ဆာန်များတွင်ဖြစ်ပွားလေ့ရှိပြီး ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသည်။ ယခုကဲ့သို့ရာသီကူးအပြောင်းနှင့် စိုစွတ်သောကာလများတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။ ကူးစက်မှုမြန်ပြီး တိရစ္ဆာန်ငယ်များတွင် သေဆုံးသည်အထိ ပြင်းထန်ခြင်း၊ ခိုင်းကျွဲ၊ ခိုင်းနွားများ လုပ်ငန်းခွင်မဝင်နိုင်ခြင်း၊ ရောဂါပျောက်ကင်းသော်လည်း အမောမလုံခြင်း၊ တိရစ္ဆာန်အမများတွင် သားလျှောခြင်း၊ နို့ထွက်နှုန်းလျော့ကျ ခြင်း၊ သားမအောင်ခြင်း၊ မြုံခြင်းများဖြစ်စေသည့်အတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း သက်ဆိုင်ရာက အသိပေးထားသည်။


ရောဂါဖြစ်ပွားလေ့ရှိသော ဒေသများရှိ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်များကို ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေး အညွှန်းအတိုင်း ထိုးနှံပေးရန်၊ ရောဂါဖြစ်တိရစ္ဆာန်ကို သီးခြားချည်နှောင်ထားခြင်း၊ မွေးမြူရေးခြံ၏ ဇီဝလုံခြုံရေး ကို အထူးဂရုပြုမြှင့်တင်ရာတွင် ရောဂါဖြစ်တိရစ္ဆာန်၏ အညစ်အကြေးများ၊ ခြံနှင့် ခြံပတ်ဝန်းကျင်ကို မွေးမြူရေးခြံသုံး ပိုးသတ်ဆေးဖျန်းပေးပြီး တိရစ္ဆာန်၊ လူ၊ ယာဉ် ဖြတ်သန်းသွားလာမှုကို ထိန်းချုပ်ရန်ရောဂါဖြစ် တိရစ္ဆာန်အား ကျွေးမွေးပြုစုခြင်းကို လူတစ်ဦးတည်းက ဆောင်ရွက်ပြီး လက်၊ ခြေထောက်၊ အဝတ်အစားနှင့် ဖိနပ်တို့ကို ဆပ်ပြာဖြင့် ဆေးကြောသန့်စင်ရန်၊ ရောဂါဖြစ်ပွားသော တိရစ္ဆာန်များတွေ့ရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်များသို့ ဆောလျင်စွာသတင်းပေးပို့၍ ပူးပေါင်းဆောင်ရွက်သင့်သည်။


လယ်ယာလုပ်ငန်းခွင့်ဝင်ရောက်သည့် ကျွဲ၊ နွားများ ရောဂါကင်းစင်မှသာ လယ်ယာဦးကြီးတို့အတွက် အထောက်အပံ့ဖြစ်စေမည်ဖြစ်ရာ လယ်ယာထုတ်လုပ်မှုအတွက် မြှင့်တင်အားထုတ်ကြိုးပမ်းစေသည့် ကျွဲ၊ နွားများတွင် ဖြစ်ပွားတတ်သော ခွာနာ၊ လျှာနာရောဂါ ကြိုတင်ကာကွယ်ရေး သတိပြုလိုက်နာဆောင်ရွက် စေချင်ကြောင်း ။            ။






အခြားဆက်စပ်သတင်းများ