နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရှေ့လေပွေလှိုင်း စစ်တောင်းမြစ်ဝှမ်းဖြတ်ကျော်ကာ ရန်ကုန်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်း

ရန်ကုန်၊ ဩဂုတ် ၁၇


မြန်မာနိုင်ငံကို ဝင်ရောက် နေသည့် အရှေ့လေပွေလှိုင်း Upper Air Cyclonic Circulatio (UACC) သည် ယနေ့ နံနက် ၂ နာရီတွင် မော်လမြိုင်မြို့ပေါ်သို့ ရောက်ရှိလာပြီး၊ စစ်တောင်း မြစ်ဝှမ်းကိုဖြတ်ကာ နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် လှည်းကူး မြို့နှင့်ရန်ကုန်မြို့ကြားက ဖြတ် ပြီး ဟင်္သာတမြို့ပေါ်ကတစ်ဆင့် ဩဂုတ် ၁၈ ရက် နံနက်ပိုင်းတွင် သံတွဲမြို့အနီးရှိ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းပင်လယ်ပြင်ကို ရောက်ရှိမည်ဖြစ်ကြောင်း နောက်ဆုံးရ ECMWF ၏ ကြိုတင် ခန့်မှန်းချက်တွင် သိရသည်။


ယခင်ကြိုတင်ခန့်မှန်းချက် လမ်းကြောင်းများ၏ တောင်ဘက် မိုင်အနည်းငယ်ကို ရောက်ရှိ လာပြီး ဩဂုတ် ၁၉ ရက်တွင် အားကောင်းသည့် လေဖိအားနည်း ရပ်ဝန်းအဆင့်အထိ  အားပို ကောင်းလာနိုင်မည်ဟု ခန့်မှန်း ထားသည်။


UACC ၏  အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ နှင့်ကမ်းရိုးတန်းတစ်လျှောက်၊ မွန်တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်တွင် ဩဂုတ် ၁၉ ရက်နှင့်၂၀ ရက်အထိ လေပြင်းများ ကျရောက်ပြီး  မိုးသည်းထန်နေ မည်ဖြစ်သည်။


လေပြင်းတိုက်ခတ်ချိန်တွင် တစ်နာရီ ၁၅ မိုင်မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေအထိရှိနိုင်မည်ဟု ကြိုတင်ခန့်မှန်းထားသည်။


အဆိုပါအရှေ့လေပွေလှိုင်း အရှိန်ကြောင့်  ရန်ကုန်တိုင်း ဒေသကြီးတွင် မိုးအဆက်မပြတ် ရွာသွန်းနေပြီး မြို့နယ်အတော် များများ၌ ယနေ့နံနက်ပိုင်းတွင် ရေပြည့်၊ ရေလျှံမှုများ ဖြစ်ပေါ်  လျက်ရှိသည်။                    CN-015






အခြားဆက်စပ်သတင်းများ