နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဗာပူးလ်အသင်း ရာသီအစ နှစ်ပွဲဆက် သရေကျ

ဩဂုတ် ၁၆


ပရီးမီးယားလိဂ်ပွဲစဉ် ၂ ၏ ပွဲစဉ်တစ်ပွဲအဖြစ် လီဗာပူးလ်နှင့် ခရစ္စတယ်ပဲလေ့စ်အသင်းတို့ ယနေ့ နံနက်အစောပိုင်းက အန်ဖီးလ်ကွင်း၌ ယှဉ်ပြိုင်ကစား ရာ တစ်ဖက်တစ်ဂိုးစီဖြင့် သရေ ရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရ သည်။


အဆိုပါ ပွဲစဉ်တွင် လီဗာပူးလ် အသင်းက ဆာလာ၊ နူနက်ဇ်နှင့် ဒီးယက်ဇ်တို့ကို တိုက်စစ်တွင် တွဲဖက်ကစားစေခဲ့ပြီးကျန်ကစား သမားအစုံအလင်ဖြင့် ပွဲထွက်လာ ကာ ပဲလေ့စ်အသင်းက တိုက်စစ် မှူး ဇာဟာဦးဆောင်ပြီး နောက် တန်းငါးဦးထိ  ထည့်သွင်းကာ ခံစစ် အသားပေးပုံစံဖြင့် ပွဲထွက် လာသည်။


ပထမပိုင်း ပွဲစကတည်းက လီဗာပူးလ်အသင်းသည်ပဲလေ့စ် အသင်းကို တရစပ် ဖိအားပေး ခဲ့ပြီး ဂိုးကန်သွင်းခွင့် အကြိမ်ကြိမ် ရရှိခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်းနေကာ  ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့သလို တိုက်စစ်မှူး ဒါဝင်နူနက်ဇ်၏ အပိုင်ကန်သွင်းချက် ဂိုးတိုင်ထိ ခဲ့ခြင်းကလည်း ပဲလေ့စ်အသင်းကို သက်သာရာရစေသည်။


ထို့နောက် ပွဲကစားချိန် ၃၂ မိနစ်တွင် ကွင်းလယ်ကစားသမား အစ်ဇေး၏   ဖန်တီးပေးမှုက တစ်ဆင့် တိုက်စစ်မှူး ဇာဟာက အကွက်မြင်မြင် ပြေးထွက်ပြီး ပဲလေ့စ်အသင်း အတွက် အဖွင့်ဂိုး ကို သွင်းယူပေးခဲ့သည်။


ဒုတိယပိုင်း ပွဲချိန် ၅၇မိနစ် တွင် တိုက်စစ်မှူး ဒါဝင်နူနက်ဇ် က ပဲလေ့စ်ကစားသမား အန်ဒါ ဆန်ကို ခေါင်းဖြင့်တိုက်ခဲ့ခြင်း ကြောင့် တိုက်ရိုက် အနီကတ် ဖြင့် ထုတ်ပယ်ခံခဲ့ရပြီး လက်ကျန် မိနစ်များကို လီဗာပူးလ်အသင်းက တစ်ယောက်လျော့ဖြင့် ဆက် လက် ယှဉ်ပြိုင်ခဲ့ရသည်။


ပွဲကစားချိန် ၆၁ မိနစ်တွင် ဒီးယက်ဇ်က လီဗာပူးလ်အသင်း အတွက်  တစ်မှတ်ရစေမည့် ချေပဂိုးကို  သွင်းယူပေးခဲ့ပြီး လက်ကျန်မိနစ်များတွင် နှစ် သင်းစလုံး ထပ်မံဂိုးသွင်းယူနိုင် ခြင်းမရှိဘဲ ပွဲပြီးဆုံးခဲ့သည်။


လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ် ရာသီအစ ပွဲစဉ် နှစ်ပွဲဆက် သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရပြီး ရမှတ် နှစ်မှတ်ဖြင့် အမှတ်ပေးဇယား၏ အဆင့် ၁၂ နေရာတွင် ရပ်တည်နေကြောင်း သိရသည်။                        (သူရိန်)






အခြားဆက်စပ်သတင်းများ