နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စည်းကမ်းတကျ အမှိုက်စွန့်စေချင်

ရန်ကုန်၊ ဇွန် ၁၀


ကမ္ဘာတွင် နိုင်ငံတိုင်း၊ မြို့ရွာတိုင်း သဘာဝပတ်ဝန်းကျင်၏စိန်ခေါ်မှုကို မျှဝေခံစားနေကြရသည်။ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် အမှိုက်က အခြေခံအကျဆုံးပြဿနာပင်ဖြစ်သည်။ တိုးတက်ပြောင်းလဲလာသော လူနေမှုစနစ်တွင် စွန့်ပစ်အမှိုက်၊ အိမ်တွင်းအမှိုက်ပစ္စည်းများက နေ့စဉ် တိုးလာသည်။ အိမ်သုံးအမှိုက်ပုံးများတွင် ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်များက နေရာများစွာ ယူလာသည်။


အမှိုက်ဟူသည် လူတို့စွန့်ပစ်ရာမှ အဓိကဖြစ်ပေါ်လာသည့် အရာဝတ္ထုပစ္စည်းများဖြစ်သည်။ လူဦးရေ ထူထပ်လာသည်နှင့်အမျှ စွန့်ပစ်အမှိုက်များလည်း များပြားတတ်သည်။ လူဦးရေအထူထပ်ဆုံးဖြစ်သည့် ရန်ကုန်မြို့တွင် နေ့စဉ်အမှိုက်တန်ချိန်များစွာထွက်ရှိနေသည်မှာ မဆန်း‌ချေ။ အမှိုက်ဟူသည် မကောင်းသော စွန့်ပစ်အညစ်အကြေးဖြစ်ခြင်း၊ ပတ်ဝန်းကျင်အမြင်မတင့်တယ်ခြင်း၊  ကျန်းမာရေးထိခိုက်စေခြင်းစသည်တို့ ဖြစ်တတ်သည်ကိုသိပါလျက် မဆင်မခြင်စွန့်ပစ်နေခြင်းဖြစ်သည်။


ထိုသို့ စွန့်ပစ်ရာတွင် နောက်ဖေးလမ်းကြားနှင့် ရေမြောင်းများက အသုံးတည့်ကြသည်။ လွယ်ကူလျင်မြန်စွာ အမှိုက်တို့ပျောက်ကွယ်စေသည်။
ရန်ကုန်မြို့တွင် မိုးရွာသည်နှင့်ရေမြောင်းများရေလျှံကာ ကားလမ်းပေါ်ရေဖုံးလွှမ်းသကဲ့သို့ မြေညီတိုက်ခန်း များ ရေမြုပ်ကြသည်။ လွယ်ကူစွာအမှိုက်စွန့်ပစ်ခြင်း၏ အကျိုးဆက်ကိုခံစားကြရသည်။ ပိတ်ဆို့ရေမြောင်းများ အတွင်း ပလတ်စတစ်အအေးဘူးခွံ၊ ရေသန့်ဘူးခွံ၊ ဘီယာဘူးခွံ၊ ဖော့ဘူး၊ ကြွပ်ကြွပ်အိတ်ရောင်စုံများက ရေမြောင်းတစ်လျှောက် ထုနှင့်ထည်နှင့်ပြည့်နှက်နေသည်။


မြို့ပြဖွံ့ဖြိုးတိုးတက်အောင်၊ စည်းကမ်းရှိသောမြို့ကြီးဖြစ်ပေါ်အောင် ပြောင်းလဲဆောင်ရွက်ရာတွင် မြို့နေပြည်သူများ လိုက်နာကျင့်သုံးအပ်သောအရာမှာ အမှိုက်များကိုစည်းကမ်းတကျစွန့်ပစ်တတ်သည့် အလေ့အထကို ကျင့်ကြံအားထုတ်ကြရမည်ဖြစ်သည်။ နေ့စဉ်မိမိနေအိမ်မှ စွန့်ပစ်အမှိုက်ကို စနစ်တကျထုပ်ပိုးပြီး သက်ဆိုင်ရာအမှိုက်ပုံ (သို့မဟုတ်) အမှိုက် သိမ်းဆည်းသူတို့ထံ ပို့ဆောင်ကြရသည်။ ထိုသို့မစွန့်ပစ်ဘဲ မိမိအိမ်နှင့်ဝေးရာ နောက်ဖေးလမ်းကြား၊ မြေကွက်လပ်များ၊ ရေမြောင်းများထဲသို့ စွန့်ပစ်နေသည်မှာ ရှက်ဖွယ်ကောင်းသောအလုပ်ဖြစ်သည်ကို သတိပြု ဆင်ခြင်သင့်သည်။


လမ်းတိုင်း၊ ရပ်ကွက်တိုင်း၊ မြို့တိုင်း နေရာတိုင်းမှာ မိမိတို့နေထိုင်ရာနယ်မြေရှိ ထွက်သမျှအမှိုက်များ ကို သူ့တာ၊ ကိုယ့်တာခွဲခြားပြီး စုပေါင်းပပျောက်အောင် ဆောင်ရွက်ရာတွင် ပြည်သူသာအဓိကဟု ဆိုချင်ပါကြောင်း ။           ။






အခြားဆက်စပ်သတင်းများ