နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျေးဇူးတရား မမေ့အပ်သည့် အာဇာနည်ခေါင်းဆောင်ကြီးများ အပိုင်း(၂)

အာဇာနည်ခေါင်း ဆောင်ကြီးများ၏ စွမ်းဆောင်မှုနှင့် စိတ်နေသဘော ထားများ


(ဗိုလ်ချုပ်အောင်ဆန်း ၁၉၁၅ ၁၉၄၇)


အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လောင်းလျာဖြစ် မည့်ငယ်နာမည် မောင်ထိန်လင်း(ခေါ်) မောင်အောင်ဆန်းသည်၊ မကွေးတိုင်း၊ နတ်မောက်နယ် ဇာတိဖြစ်ပြီး၊ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့၏ အထွေးဆုံးသားဖြစ် သည်။ 


သူ၏ အဖိုးလေးဖြစ်သူ ရွှေလ ရောင်ဘွဲ့ခံ ဦးမင်းရောင်သည် ဗြိတိသျှတို့ကို ဆန့်ကျင်တော်လှန်ခဲ့ သည့် မျိုးချစ်သူရဲကောင်းတစ်ဦးဖြစ် ပါသည်။  မောင်အောင်ဆန်းအသက် ၁၇ နှစ်အရွယ်တွင် တက္ကသိုလ် ကျောင်းသားကြီးဖြစ်နေပြီး၊ အသက် ၃၂ နှစ်တွင် တိုင်းပြည်အတွက် အသက်စတေးခဲ့ရရှာသည်။ 


တက္ကသိုလ် ရောက်ချိန်မှ ကျဆုံး ချိန်အထိ ၁၅ နှစ် တာကာလအတွင်း မြန်မာ့လွတ်လပ်ရေးအတွက်မနား မနေလုပ်ကိုင်ခဲ့သူ ဖြစ်သည်။ လူငယ် လူရွယ် တစ်ယောက်ဖြစ်သော်လည်း အပျော်အပါးနောက် မလိုက်ဘဲ၊ ကိုယ်ကျိုး မကြည့်၊ တိုင်းပြည် အတွက်၊ ပြည်သူအတွက် လိုအပ် ချက်မှန်သမျှကိုသာ ဖြည့်ဆည်းပေး ခဲ့သူ ဖြစ်သည်။ 


ထို့ကြောင့် ဗိုလ်ချုပ် အောင်ဆန်း သည်  ကမ္ဘာပေါ်တွင် အသက်အငယ် ဆုံး အမျိုးသားခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။ 


လွတ်လပ်သည့် မြန်မာနိုင်ငံ တော်ဖြစ်ရေးကို မျှော်တွေးပြီး၊ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင် “အောင်ဆန်း-အက်တလီစာချုပ်”ကို လန်ဒန်သို့ သွားရောက်ချုပ်ဆို ခဲ့သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကို မျှော်တွေးပြီး၊ ၁၉၄၇ ခုနှစ်၊ ဖေဖော် ဝါရီ  ၁၂ ရက်တွင် တိုင်းရင်း သား ခေါင်းဆောင်များနှင့်အတူ “သမိုင်းဝင်ပင်လုံစာချုပ်”ကို ချုပ်ဆို ခဲ့သည်။ ဗိုလ်ချုပ်ကျဆုံးချိန်တွင် ဇနီးဒေါ်ခင်ကြည်နှင့် သားသမီးနှစ်ဦး ကျန်ရစ်ခဲ့သည်။ 


ဗိုလ်ချုပ်၏ အရည်အချင်းနှင့် ပတ်သက်၍  ရေးပြစရာစာဖွဲ့၍မကုန် နိုင်ပါ။ ၎င်းတို့အနက်  အနည်းငယ်မျှ ကိုသာ ရွေးထုတ်ဖော်ပြရပါလျှင် (၁)  “ဗမာပြည်ရှိလူတွေ လူရိုင်းဘဝ ရောက်ချင် ရောက်သွားပါစေ၊ လွတ်လပ်စွာ ခေါင်းဆောင်နေနိုင်မယ် ဆိုရင်၊ မလွတ်လပ်သော လူ့ယဉ်ကျေး မှုဘဝထက် ကျွန်တော်အဆတစ်ရာ ကြိုက်တယ်နှစ်သက်တယ်”ဟု သူ ကိုယ်တိုင်ရေးထားသောအတ္ထုပ္ပတ္တိ တွင် ဖော်ပြထားသည်။ (၂) ရိုးသား ပွင့်လင်းပြီး ဟန်မဆောင်တတ်ဘဲ ရှင်းရှင်းနှင့် ဘွင်းဘွင်းသာပြောတတ် ၍ ကျောင်းနေဖက်သူငယ်ချင်းတစ်ဦး ဖြစ်သော စာရေးဆရာကြီးပီမိုးနင်းက “အောင်ဆန်းအရိုင်း”  ဟုချစ်စနိုးဖြင့် ဆိုပါသည်။ (၃) စိတ်မြန်လက်မြန် ရှိပုံမှာ   ဗိုလ်ချုပ် ငှက်ဖျားမိနေမကောင်းသဖြင့် စစ်ဆေးရုံတက်စဉ်သူ့ကို တာဝန်ယူ ပြုစုပေးရသော သူနာပြုဆရာမလေး မခင်ကြည်ကို သဘောကျမိသည်။ ဆေးရုံဆင်းပြီးနောက်ပိုင်းတွင် ဆေးရုံ အုပ်ကို မိန်းမလိုက်တောင်းခိုင်းသည်။ သတို့သမီးလောင်းအိမ်သို့ ရောက်လျှင် ယောက္ခမလောင်းတွေက ဘာအတွက် လာတာပါလဲမေးသည့်အခါ ဆေးရုံ အုပ်ကြီးက ဘာမျှမပြောရသေးဘဲ၊ ဗိုလ်ချုပ်က “မိန်းမလာတောင်းတာ ဗျို့” ဟု ဖြေသည်။ (၄)လွတ်လပ်ရေး ခရီး အိန္ဒိယနိုင်ငံက အပြန်မှာဇနီးသည် မှာလိုက်သည့်ဈေးပေါပေါ ဆာရီစလေး ကိုပင်ဝယ်ရန် ပိုက်ဆံမလောက် သဖြင့် မဝယ်နိုင်ခဲ့ပေ။ (၅) တစ်နေ့ လွှတ်တော်တက်ရန် အသွားတွင် ကားပျက်နေ၍ လမ်းဆင်းလျှောက်ရ သော်လည်း၊ ငါဗိုလ်ချုပ်ဆိုပြီး မည်သူ့ ကိုမှ မငြူစူမကြိမ်းမောင်းခဲ့ပေ။ (၆) ဆောင်းတွင်းကာလ ဝတ်စရာ၊ ခြုံစရာမရှိ၍ လမ်းဘေးတွင် အချမ်း တက်နေသော ယောက်ျားတစ်ဦးကို တွေ့ရာ “လူထုဆင်းရဲတာ ကျုပ်နဲ့ ဆိုင်တယ်” ဟု ပြောပြီး  ဗိုလ်ချုပ်က သူ့လောင်းကုတ်အင်္ကျီကိုချွတ်ပေး ခဲ့သည်။ (၇) ဗိုလ်ချုပ်မကျ ဆုံးခင် ၂ နှစ်ခန့်အလို ၁၉၄၅ ခုနှစ်က ဗြိတိသျှဗိုလ်ချုပ်ကြီး ဝီလီယံစလင်းက မိတ္ထီလာဘက်ကိုရောက်နေသည်။ ဗိုလ်ချုပ်လည်းဝရမ်းပြေးဘဝနှင့် ကြားခံလူတစ်ဦး ဆက်သွယ်ပေးမှုအရ၊ မြန်မာနိုင်ငံ  လွတ်လပ်ရေးကိစ္စ ဆွေးနွေးလိုသဖြင့် ဗြိတိသျှဗိုလ်ချုပ် ကြီး၏ ဌာနချုပ်ကိုသွားရောက်တွေ့ဆုံ သည်။ ထိုအခါ စလင်းကမေးသည်။ “အောင်ဆန်း! ငါ့ကို လာတွေ့ရဲတယ်  ငါတို့ဖမ်းမှာ မကြောက်ဘူးလား” “မကြောက်ဘူး” “ဘာကြောင့်လဲ” “ခင်ဗျားက အင်္ဂလိပ်လူမျိုးဖြစ်နေလို့” ဟုဖြေ သည် {ဒါကျုပ်တို့နိုင်ငံ။ ကျုပ်တို့ ပိုင်တဲ့နိုင်ငံပေါ်ကို ခင်ဗျားတို့လာ နေတာမို့ ခင်ဗျားတို့ကို မကြောက် ဘူးဆိုသည့်သဘော ဖြေဆိုသည်} ထိုစကားကို စလင်းက တော်တော် သဘောကျသွားသည်။ ဆက်မေး သည်။ “မင်းဘာဖြစ်လို့ ငါတို့ကို တော်လှန်နေတာလဲ”“ကျုပ်တို့ နိုင်ငံ ကို တခြားဘယ်လူမျိုးမှ အုပ်ချုပ် တာ မကြိုက်ဘူး၊     ဂျပန်ရော၊ အင်္ဂလိပ်ရောပဲ”ဟု ဗိုလ်ချုပ်က ခပ်ပြတ်ပြတ်ဖြေသည်။ “ကောင်းပြီ! မင်းတို့ လိုချင်တဲ့ လွတ်လပ်ရေးကို မပေးဘူးဆိုရင် မင်းဘာလုပ်မလဲ” မေးရာ၊“ဒီလိုလုပ်မှာပေါ့” ဆိုပြီး ဗိုလ်ချုပ် အောင်ဆန်းက စလင်း၏ အင်္ကျီအိတ်ထဲက    ဖောင်တိန်ကို ဆတ်ကနဲဆွဲလှမ်းယူရာ   အင်္ကျီစ အနည်းငယ်စုတ်ပြဲသွားသည် {ကျုပ် တို့ လိုချင်တဲ့ လွတ်လပ်ရေးကို မရ ရင်၊ အကြမ်းနည်းနဲ့ ယူမယ်ဆိုသည့် သဘော ဖြေသည်} ထိုအခါ စလင်းက တဟားဟားရယ်မောကာ ဗိုလ်ချုပ်အောင်ဆန်းကို ဖက်လှဲ တကင်းဧည့်ခံသည်။ စလင်းက ထပ်မေးပြန်သည် “အောင်ဆန်း! ငါတို့ ဂျပန်ကို စစ်နိုင်တာတွေ့လို့ မင်းငါတို့နဲ့ လာပူးပေါင်းတာမလား”“ခင်ဗျားတို့ စစ်ရှုံးနေတုန်းလာလို့ ကျုပ်အတွက် ဘာအကျိုးထူးမှာလဲ” ဟု ဗိုလ်ချုပ်က ခပ်ဆတ်ဆတ်ဖြေသည်။ စလင်းက တဟားဟားနှင့်သဘောကျပြီးရယ်ပြန် သည်။ ထိုအချိန် ဗိုလ်ချုပ်က အသက် ၃၀ ခန့်၊ စလင်းက ၅၀ ခန့်၊ သားအဖ အရွယ်ရှိပါသည်။ ဗိုလ်ချုပ် အောင်ဆန်း ၏ ရိုးသားမှုကို စလင်းက အထူးသဘောကျပြီး တောင်းဆိုချက် များအားလုံးကို သဘောတူကာ၊ အထက် ကို အားလုံးတင်ပြပေးခဲ့သည်။ (၈) ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းသမိုင်း ပါမောက္ခ ဂျီအိပ်ချ်လူ့စ်က “ဗိုလ်ချုပ်ဟာ မြန်မာ့သမိုင်းမှာ ကျန်စစ်သားပြီးရင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို လက်နက်အင်အားမပါဘဲ စွမ်းဆောင် ပေးခဲ့သူ” ဟု ဆိုသည်။


ဦးဘဝင်း(၁၉၀၁-၁၉၄၇)


ဗိုလ်ချုပ်အောင်ဆန်းအစ်ကိုဖြစ် ပါသည်။ ဦးဘဝင်းက ဗိုလ်ချုပ်ထက် အသက် ၁၅ နှစ်ကြီးသည်။ မွေးချင်း ကိုးဦးတွင် ဦးဘဝင်းက တတိယမြောက် သားဖြစ်ပါသည်။ ကောလိပ်ကျောင်း တက်စဉ်ဦးနုနှင့် ကျောင်းနေဖက် သူငယ်ချင်းဖြစ်သည်။ ဒီးဒုတ် ဦးဘချို ၏ အကြံပေးမှုဖြင့် ဦးဘဝင်းသည် ရေနံချောင်းကနေ အမတ်အဖြစ်အရွေး ခံခဲ့သည်။ ဖဆပလအဖွဲ့ချုပ်ဒုတိယ ဥက္ကဋ္ဌသခင်နုနှင့် အထွေထွေအတွင်း ရေးမှူး ဦးကျော်ငြိမ်းတို့၏ မေတ္တာ ရပ်ခံမှုဖြင့် ဦးဘဝင်းသည် ကူးသန်း ရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေး ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ဝန်ကြီးရာထူးလက်ခံပြီး နှစ်လခန့် အကြာ အာဇာနည်ခေါင်းဆောင်များနှင့် အတူ ကျဆုံးခဲ့ရသည်။ ဦးဘဝင်းသည် နိုင်ငံရေးသက်တမ်းတွင် ဝါမရင့်သေး သော်လည်း  ဂုဏ်ထူးဝိသေသရှိသူ၊ တည်ကြည်ဖြောင့်မတ်သည့် ဂုဏ် အင်္ဂါရှိသူအဖြစ်   ရပ်ရွာမြို့နယ်ကို ကျော်လွန်ကာ နိုင်ငံအသိအမှတ်ပြုခံရ သည့်ပုဂ္ဂိုလ်ကြီးဖြစ်ပါသည်။ ဦးဘဝင်း အသက် ၄၆ နှစ်အရွယ်တွင် ကျဆုံးခဲ့ပြီး၊ သူကွယ်လွန်ချိန်မှာ ဇနီး ဒေါ်ခင်စော နှင့် သားသမီး ခြောက်ဦး ကျန်ရစ်ခဲ့သည်။


(လေးစားအပ်သော စိတ်နေစိတ် ထား) အသက် ၁၅ နှစ်အရွယ်မှာ ကိုးတန်း အောင်သည်။ ညီငယ် မောင်အောင်သန်း နှင့် မောင်အောင်ဆန်းတို့ကို စောင့် ရှောက်ချင်စိတ်ကြောင့် ကိုးတန်းအောင် ပြီး ကျောင်းဆက်မတက်နိုင်သေးဘဲ မူလတန်းကျောင်းဆရာလုပ်သည်။ ပြီးနောက် ဘီအိုစီရေနံ ကုမ္ပဏီမှာ စာရေးအဖြစ်ဝင်လုပ်သည်။ လခ ၁၀ဝ ကျပ်ရရာ၊ လစာတစ်ဝက်တိတိ ကို မိဘထံပြန်လည်ထောက်ပံ့ပေး သည်။ ဦးဘဝင်းသည် မိသားစုနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ်မှာ အင်မတန်တာဝန်သိတတ်သူ၊ တာဝန် ယူမှု တာဝန်ခံမှုရှိသူအဖြစ် အများ၏ အားကိုးကြည်ညို ခံရသူဖြစ်ပါသည်။ 


မန်းဘခိုင် (၁၉၀၃-၁၉၄၇)


မန်းဘခိုင် စကားပြောသည့်အခါ ထွက်လာသည့်အသံ၊ လေယူလေသိမ်း၊ ပြောပုံဆိုပုံ၊ စကားလုံးပြောင်မြောက် ပုံများသည် ကရင်အမျိုးသားမှ ဟုတ်ပါ ရဲ့လားဟု ထင်မှတ်မှားလောက်အောင် ကောင်းလှပါသည်။ မန်းဘခိုင်သည် ရိုးသားဖြောင့်မတ်သူ၊ တည်ကြည်သူ၊ မှန်သည်ထင်က မည်သူ့ကိုမျှအားမနာ တတ်သူ၊ တိုင်းရင်းသားသွေးစည်း ညီညွတ်ရေးကို ကြိုးပမ်းအားထုတ်သူ၊ ဖဆပလအမှုဆောင်အဖွဲ့ တစ်ဖွဲ့လုံး က အားကိုးခံရသူလည်းဖြစ်သည်။  ရွေးကောက်ပွဲပြီး၍ အစိုးရအဖွဲ့နိုင် လျှင် မန်းဘခိုင်ကို ဒုတိယနန်းရင်းဝန် (ဒုတိယဝန်ကြီးချုပ်) ခန့်မည်ဟု ဗိုလ်ချုပ်က မကြာခဏပြောလေ့ရှိသည်။ မန်းဘခိုင် မကွယ်လွန်ခင်အထိအလုပ် သမားဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။  မန်းဘခိုင်နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ တွေ့ဆုံပုံက ဆန်းကြယ်လှသည်။ ဒုတိယကမ္ဘာစစ် ကြိုခေတ် ၁၉၃၉ ဝန်းကျင် ဇလွန်မြို့၊ ဒေါင့်ကြီးကျေးရွာမှာ နယ်ချဲ့ဆန့်ကျင် ရေး တရားဟောသော ဗိုလ်ချုပ်ကို အင်္ဂလိပ်အစိုးရက ဆုတော်ငွေ ငါးကျပ် ဖြင့် ဖမ်းဝရမ်းထုတ်သည်။ ဗိုလ်ချုပ် အဖမ်းမခံရရေးအတွက် ကျုံမငေးမှ သခင်တင်မောင်က ကရင်တိုင်းရင်းသူ တစ်ဦးဖြစ်သော ရာဇဝတ်ဝန်ထောက် ကတော် မာရီလှတော(ခေါ်)ခေါ်ခင်ခင် ဦးထံ အကူအညီတောင်းရာ သူမကိုယ် တိုင်ကားမောင်းပြီး၊ သူမရဲ့ ကျောင်းနေ ဖက်သူငယ်ချင်း မန်းဘခိုင်နေအိမ် တွင် ဗိုလ်ချုပ်ကို ဝှက်ပေးထားခဲ့သည်။ မန်းဘခိုင်က ဗိုလ်ချုပ်နှင့် တစ်ခါမျှမတွေ့ ဖူးမမြင်ဖူးမရင်းနှီးသော်လည်း သူ့အိမ် ၏ ရေချိုးခန်းထဲမှာ ဗိုလ်ချုပ်ကို သုံးရက်ကြာ   ဝှက်ထားပေးသည်။ မန်းဘခိုင်က ငှက်ပျောသီးကုန်သည် ဖြစ်သဖြင့် ရန်ကုန်ကိုပို့မည့် ငှက်ပျော ကုန်တင်လှေကြီးဖြင့် ဗိုလ်ချုပ်ကို ကုန်ထမ်းသမားဟန်လိုက်ပါစေကာ လွတ်မြောက်ခဲ့ပါသည်။


(လေးစားအပ်သော စိတ်နေစိတ် ထား)မန်းဘခိုင်၏ သစ္စာရှိမှု၊ ရိုးသား မှု၊  သတ္တိရှိမှုများအတွက် ဗိုလ်ချုပ်က သူ့ကိုနိုင်ငံရေးလုပ်ရန် တိုက်တွန်းရာက၊ ပုသိမ်မြို့မှ ဖဆပလအမတ်အဖြစ် အရွေးခံပြီး နိုင်ငံရေးနယ်ထဲ ခြေစုံပစ် ဝင်ခဲ့သည်။ သူက မည်သူ့ကိုမျှ အားနာ ခြင်း၊   ကြောက်လန့်ခြင်းမရှိပေ။ စကားပြောဆိုရာတွင်လည်း ပွင့်ပွင့် လင်းလင်းသာ ပြောတတ်သဖြင့် ပွင့်ပွင့် လင်းလင်းပဲ ကြိုက်သော ဗိုလ်ချုပ်နှင့် အလွန်အဆင်ပြေကြသည်။ ဗိုလ်ချုပ်က သူ့ကိုလွန်စွာ အားထားသောကြောင့် အစည်းအဝေးလုပ်စဉ် မန်းဘခိုင်က ဗိုလ်ချုပ်၏ ညာဘက်မှာ အမြဲထိုင် ရသည်။ ဇူလိုင် ၁၉ ရက် လုပ်ကြံခံရစဉ် ဗိုလ်ချုပ်က ကျည်ဆံ ၁၃ ချက်၊ ဗိုလ်ချုပ်အနီးဆုံးမှာထိုင်နေသည့် မန်းဘခိုင်က ကျည်ဆန် ၁၅ ချက် ထိမှန်ခံရသည်။ မန်းဘခိုင် အသက် ၄၄ နှစ်အရွယ်မှာ ကျဆုံးခဲ့ပြီး၊ သူကွယ်လွန်ချိန်တွင် ပထမဇနီးဒေါ်အေး လုံးနှင့် သားသမီး ရှစ်ဦး၊ ဒုတိယ ဇနီး ဒေါ်ခင်နီနှင့် သားသမီး နှစ်ဦး ကျန်ရစ်ခဲ့သည်။


မိုင်းပွန်စော်ဘွား   စဝ်စံထွန်း (၁၉၀၇-၁၉၄၇)


မိုင်းပွန်စော်ဘွား စဝ်စံထွန်းသည် နယ်စပ်ဒေသ အမတ်အားလုံး၏ အားထားရာဖြစ်ပါသည်။ သူ့ဖခင်ဖြစ်သူ စော်ဘွားကြီး စဝ်ခွန်ထီးသည် အသက် ခုနစ်နှစ်အရွယ်ကပင် မင်းတုန်းမင်း၏ မွေးစားသားအဖြစ် နန်းတော်ထဲမှာ ကြီးပြင်းခဲ့သည်။ သီပေါမင်းပါတော် မူချိန်မှာလည်း စဝ်ခွန်ထီးသည် ဗြိတိသျှတို့ကို လက်နက်ကိုင်တော်လှန် ခဲ့သူ၊ သတ္တိအမြော်အမြင် ပြည့်စုံ၍ “လင်းပင်မင်းသားအုပ်စု၏ ဦးနှောက် နှင့်ဓား” ဟု တင်စားခံရသည်။ မိုင်းပွန် စော်ဘွားကြီးသည်တိုင်းရင်းသားညီညွတ်ရေးအတွက် ဗိုလ်ချုပ်နှင့်အတူ နေ့မအား၊ ညမနားဆောင်ရွက်ခဲ့သည်။ ပထမ ပင်လုံညီလာခံတုန်းက သူကိုယ် တိုင် ဦးစီးဦးဆောင်အဖွဲ့ထဲပါခဲ့သည်။ ဒုတိယပင်လုံညီလာခံအတွက်ကိုလည်း စည်းရုံးရေးများလုပ်ခဲ့ရပြီး “ပင်လုံ စာချုပ်” လက်မှတ်ရေးထိုးသူ တစ်ဦး အဖြစ်ပါဝင်ခဲ့သည်။ လုပ်ကြံခံရသောနေ့ ဇူလိုင် ၁၉ ရက်နေ့တွင် မဆုံးသေးဘဲ၊ ၂၀ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သည်။ ဒဏ်ရာကလည်ပင်းတွင် တစ်ချက်၊ အောက်ဆီးစပ်တွင် တစ်ချက် ထိမှန် ခဲ့သဖြင့် သွေးလွန်၍ ကွယ်လွန်ခဲ့သည်။ မိုင်းပွန်စော်ဘွား ရုပ်အလောင်းကို မိုင်းပွန်ပြန်သယ်ပြီး မီးသင်္ဂြိုဟ်သည်။ ပြာတစ်ဝက်ကို မိုင်းပွန်တွင် ထားပြီး ကျန်တစ်ဝက်ကို ရန်ကုန်တွင်ထား သည်။


(လေးစားအပ်သော စိတ်နေစိတ် ထား)စော်ဘွားကြီး၏ စိတ်ထား ကောင်းခြင်း၊ တည်ကြည်ဖြောင့်မတ် ခြင်းတို့ကြောင့် နယ်ထဲသွားလာရာတွင် နယ်သူ၊ နယ်သားများကထိုင်ပြီးဦးညွှတ် ရသော ဓလေ့ရှိသည်။  မိုင်းပွန်စော်ဘွား ကြီးက ထိုဓလေ့ကို လုံးဝလက်မခံ၊ လုပ်ခွင့်လည်း မပြုပေ။ ဘာသာရေး လွန်စွာကိုင်းရှိုင်းပြီး ကွမ်း၊ ဆေးလိပ်၊ အရက်သေစာ ရှောင်ကြဉ်သည်။ အခြား စော်ဘွားများကဲ့သို့ ဇနီးအများမထားဘဲ၊ မဟာဒေဝီတစ်ဦးတည်းသာ ထားသည်။ ဂျပန်တို့ မြန်မာပြည်က ဆုတ်ခွာချိန် ၁၉၄၅ ခုနှစ်တွင် မဟာဒေဝီသည် မိုင်းပွန်တောထဲ၌ ကွယ်လွန်ခဲ့သည်။ မဟာဒေဝီ  ကွယ်လွန်ပြီးနောက် စော်ဘွားကြီးက ဒုတိယ ဇနီးမထားဘဲ၊ သားသမီး လေးဦးကိုလည်း စော်ဘွား ကြီးက သူမကွယ်လွန်ခင်ထိ ဂရုတစိုက် စောင့်ရှောက်ခဲ့ပါသည်။ စော်ဘွားကြီး အသက် ၄၀ အရွယ်တွင် ကျဆုံးသည်။


ဦးရာဇတ် (၁၈၉၈-၁၉၄၇)


မိတ္ထီလာသား ဦးရာဇတ်(ခေါ်) မစ္စတာအပ္ပဒူရာဇတ်သည် တော်လှန် ရေးတွင် လက်နက်ကိုင်၍ ကိုယ်တိုင် မပါဝင်ခဲ့သော်လည်း အထက်မြန်မာ ပြည်တော်လှန်ရေးဆင်နွှဲသည့် လူငယ် များအတွက် လမ်းညွှန်မှုများပေးနိုင် ခဲ့သည့် ခေါင်းဆောင် တစ်ဦးဖြစ်သည်။ ဖခင်က အစ္စလာမ်ဘာသာဝင်၊ မိခင်က ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ ဦးရာဇတ် သည် ဗုဒ္ဓဘာသာအပေါ်အလွန်လေးစားပြီး ကိုရင်တွေကို စာသင်ပေးသည်။ နယ်ချဲ့ အင်္ဂလိပ်ကို ဆန့်ကျင်ဖို့အတွက် လူငယ် တွေ    အင်္ဂလိပ်စာတတ်သင့်သည့် ရည်ရွယ်ချက်ဖြင့်  ကျောင်းအုပ်ကြီး အဖြစ် တာဝန်ယူသည့် သူ့ကိုယ်ပိုင် အမျိုးသားကျောင်းတွင် အင်္ဂလိပ် စာသင်ပေးသည်။ အင်္ဂလိပ်လို အပြော ကျင့်ပေးသည့်အနေဖြင့် ကျောင်းဝင်း ထဲ၌ မြန်မာစကားပြောသူကို ဒဏ် ဆောင်ခိုင်းသည်။ သူ့ကျောင်းက ကျောင်းသားများသည် လက်ရုံးရည်၊ နှလုံးရည်၊ အားကစား၊ ဂီတဘက်စုံ တတ်မြောက်စေရုံမျှမက လွတ်လပ်ရေး တိုက်ပွဲဝင်သားကောင်းများစွာ  မွေး ထုတ်ပေးနိုင်ခဲ့သည်။  မန္တလေး တက္ကသိုလ်ဖြစ်မြောက်အောင်လည်း တည်ထောင်ပေးခဲ့သူဖြစ်သည်။ ဖဆပလအပေါ် သစ္စာရှိသူ၊ စိတ်ဝမ်း မကွဲသူ၊ တိုင်းရင်းသားလူနည်းစု ပြဿနာကို ဖြေရှင်းပေးနိုင်သူ၊ စည်း မျဉ်းစည်းကမ်းရိုသေသူ တစ်ဦးဖြစ် သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဖိတ်ခေါ်ချက်အရ ဦးရာဇတ်သည် ပညာရေး ဝန်ကြီးအဖြစ် သူမကွယ်လွန် ခင်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ အသက် ၄၉ နှစ် အရွယ်တွင် ကျဆုံး ခဲ့ပြီး၊ သူကွယ်လွန်ချိန်၌ ဇနီးဒေါ်ခင်ခင် နှင့် သားသမီး သုံးဦး ကျန်ရစ်ခဲ့သည်။ 


(လေးစားအပ်သော စိတ်နေစိတ် ထား) ဦးရာဇတ်သည် လူများကိုကူညီ ချင်စိတ်ကြီးမားသူဖြစ်ပြီး၊ ဝိဇ္ဇာ ပထမနှစ် စာမေးပွဲဖြေနေစဉ်အခြား ကျောင်းသားများကို အဖြေကူညီရေး ပေးမိ၍ စာမေးပွဲဖြေဆိုခွင့် ၂ နှစ် ပိတ်ခံရသည်။ အင်္ဂလိပ်စာ အရေး အသားအလွန်ကောင်းပြီး၊ စစ်မဖြစ်ခင် ကာလ သူရိယသတင်းစာမှာအင်္ဂလိပ် ဘာသာဖြင့် ဆောင်းပါးများရေးခဲ့သည်။ စာရေးဆရာမကြီး လူထုဒေါ်အမာ သည် ဦးရာဇတ်၏ တပည့်ဖြစ်သည်။ ရွှေဘိုထောင်မှာ အကျဉ်းချထားခံရ စဉ် ဆရာကြီး၏ တပည့်များက ထောင်မှူးနှင့်ညှိပြီး ခိုးထုတ်ရန်စီစဉ် သည်ကို သူလက်မခံဘဲ “အတူ အဖမ်း ခံရသူများကို ချန်မထားနိုင်” ဟု ငြင်းဆိုခဲ့သည်။ ထို့ကြောင့် ဖက်ဆစ် အကျဉ်းသားအဖြစ် ရက်ပေါင်း ၁၉၁ ရက်တိတိ ခံစားခဲ့ရသည်။


ဒီးဒုတ်ဦးဘချို (၁၈၉၃-၁၉၄၇)


ဧရာဝတီတိုင်း၊ မြောင်းမြမြို့သား ဦးဘချိုသည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ကလောင်ဖြင့် တိုက် ပွဲဝင်ခဲ့သည့် ဒီးဒုတ်ဂျာနယ်၊ ဒီးဒုတ် သတင်းစာထုတ်ဝေသူ၊အယ်ဒီတာ၊ စာရေးဆရာအဖြစ် ထင်ရှားသည်။ ဒီးဒုတ်၊ တောက်တဲ့၊ စပယ်၊ ဥက္ကလာ မခင်စိန်စသည့် ကလောင်အမည် အမျိုးမျိုးဖြင့် စာပေများစွာ ရေးသား ခဲ့သည်။ ၁၉၄၀ ပြည့်နှစ်မှာ မြန်မာ နိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။ စာပေနှင့် ဂီတ လောကတွင်   နှစ်ယောက်မရှိသူ၊ စာပေဗဟုသုတဘက်တွင် စာအုပ်လှန် စရာမလိုဘဲ စာကိုအလွတ် ရွတ်ပြနိုင် သူ၊ ဂီတဘက်တွင် ပညာဗဟုသုတ ဖြန့်ဝေပေးသူ၊ နက္ခတ်၊ ဆေးဝါး၊ မန္တရား၊ အင်း၊ အိုင်ဘက်တွင် ကျွမ်းကျင် သူ၊ပန်းချီဘက်တွင်လည်း ဝါရင့် ပန်းချီဆရာများကိုပင် လမ်းညွှန်နိုင်သူ၊ လုပ်ငန်းမှန်သမျှ သူမပါလျှင်မပြီး ခရီးရောက်သည့်သူ၊ အဘက်ဘက်မှ စွယ်စုံပညာရှင် Versatile ဆရာကြီး ဖြစ်ပါသည်။ ဒီးဒုတ်ဦးဘချိုသည် အနုပညာဘက်တွင်လည်း အလွန်နှံ့စပ် သဖြင့်၊ တစ်နေ့တွင် ဦးရာဇတ်က ဒီးဒုတ်ဦးဘချိုဆီတွင် နန်းတော်ရှေ့ ဆရာတင်ကို အပ်နှံသည့်စာတစ်စောင် ရေးပေးလိုက်သည်။ ထို့ကြောင့် နန်းတော်ရှေ့ဆရာတင်၏ အောင်မြင် မှုသည် ဒီးဒုတ်ဦးဘချိုဟူသောဆရာ သမားကောင်းနှင့် တွေ့ဆုံခဲ့ရခြင်းဖြစ် ပေသည်။ ဦးဘချိုမကွယ်လွန်ခင် အထိ သတင်းဖြန့်ချိရေးနှင့် ဝါဒဖြန့်ဖြူး ရေးဝန်ကြီးအဖြစ်    တာဝန်ထမ်းဆောင်ခဲ့သည်။ ဒီးဒုတ် ဦးဘချို အသက် ၅၄ နှစ် အရွယ်တွင် ကျဆုံးခဲ့ပြီး၊ သူကွယ်လွန်ချိန် ဇနီး ဒေါ်လှမေနှင့်အတူ  သမီးငယ်နှစ်ဦး ကျန်ရစ်ခဲ့သည်။ (သမီးအကြီးနှစ် ယောက်က ဂျပန်ခေတ်တွင် ဆုံးပါး ခဲ့သည်)


(လေးစားအပ်သော စိတ်နေ စိတ်ထား) ဦးနုအပါအဝင် နိုင်ငံရေး သမားများက သူ့ကိုအလွန်လေးစား ကြ၍ ဆရာချိုဟု ခေါ်ကြသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေး မှူး ဦးသန့်က ယခုလို မှတ်ချက်ပေး သည် “အင်္ဂလိပ်လူမျိုးထဲတွင် အဲလ်ဒစ်ဟတ်စလေဆိုသည့် ပုဂ္ဂိုလ် တစ်ယောက်ရှိ၏၊ ဘယ်ဘက် က စမ်းစမ်းရတဲ့ ပုဂ္ဂိုလ်ပါ၊ သို့သော် ဦးဘချိုလောက်တော့ စုံမယ်မထင်ပါ”  ဟုဆိုထားသည်။


သခင်မြ (၁၈၉၇-၁၉၄၇)


ပြည်ခရိုင်၊ ထုံးဘိုမြို့သားဖြစ်ပါ သည်။ ၁၉၂၀ ပြည့်နှစ်မှစ၍ ကွယ်လွန် ချိန်အထိ ခေတ်အဆက်ဆက်နိုင်ငံ ရေးရာ အသင်းအဖွဲ့များတွင် ဦးစီး ဦးဆောင်သူဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သော ကြားဖြတ် ယာယီ အမျိုးသားအစိုးရအဖွဲ့၌ လည်း သခင်မြက ပြည်ထဲရေးနှင့် တရားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသည်။ သခင်မြမကွယ် လွန်ခင်အထိ ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။ သခင်မြကဖြစ်ပေါ်လာသော ကိစ္စမှန်သမျှကို ခပ်အေးအေးစဉ်းစား ဝေဖန်ဆုံးဖြတ်လေ့ရှိသည်။ အရေး ကြီးသော ဆုံးဖြတ်ချက်တစ်ခုခု ကို လုပ်စရာရှိလျှင် ဗိုလ်ချုပ်တို့က အစ သခင်မြ၏ ဆုံးဖြတ်ချက်ကို စောင့်ရသည်။ သခင်မြ ခေါင်းညိတ် လိုက်မှလည်း ဆုံးဖြတ်ချက်ချမှတ် ပြီးစီးသည်။ အသက် ၅၀ အရွယ်မှာ ကျဆုံးခဲ့ပြီး၊ သူကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်ညွန့် ကျန်ရစ်ခဲ့သည်။ သခင်မြတွင် သားသမီး မထွန်းကားပါ။


(လေးစားအပ်သော စိတ်နေ စိတ်ထား) သခင်မြသည် စိတ်အေးသူ၊ စိတ်သဘောထားကောင်း၍ ချင့်ချိန် နိုင်စွမ်းရှိသူ၊ အေးအေးဆေးဆေး စဉ်းစားတတ်သူ၊ စွမ်းဆောင်ရည်ရှိ သူဖြစ်ကာ အကြောင်းရပ်တိုင်း၌ ပြတ်ပြတ်သားသား ရှင်းလင်းနိုင်သည့် သတ္တိရှင်ဖြစ်ပါသည်။ အေးချမ်းပြီး အမြဲပြုံးနေတတ်သည်။ အောက် လက်ငယ်သားတွေအပေါ်တွင် အလွန် ရည်မွန်သူဖြစ်ပြီး၊ ကျောသားရင်သား မခွဲခြားတတ်ပေ။ ထမင်းစားလျှင် လည်း ငါဝန်ကြီးဆိုပြီး မာန်မာနမရှိ၊ အတူတူလာစားကြဟု ဖိတ်ခေါ်တတ် ပြီး တပည့်တပန်းများနှင့်ပျော်ပျော် နေတတ်သည်။ သူ့ဇနီးကလည်း သူ့အတိုင်း စိတ်တူကိုယ်တူ၊ ခင်ပွန်း သည်ကို အမြဲပါရမီဖြည့်ပေးလေ့ရှိ သည်။ ပြည်ထဲရေးဝန်ကြီးချုပ်ဆာပေါ် ထွန်းက “သခင်မြသည်အလွန်အကျိုး အကြောင်းမျှတစွာ ဆက်ဆံတတ်သည့် ပုဂ္ဂိုလ်၊ သခင်မြလို သခင်မျိုးကိုတော့ ကျွန်တော်တို့က ကန်တော့ပွဲနှင့်တောင် ထားချင်ပါတယ်”ဟု ဆိုသည်။ သခင်မြ ၏ ဆိုရှယ်လစ်ပါတီဥက္ကဋ္ဌ ရာထူးကို ဆက်ခံသော ဦးကိုကိုကြီးကလည်း “သခင်မြက ငါတို့ခေတ်မှာ ဂုဏ်သရေရှိ လူကြီးလူကောင်းအားလုံးရဲ့ အထက် မှာ ရှိတယ်” ဟု မှတ်ချက်ချသည်။


အတွင်းဝန် ဦးအုန်းမောင်(၁၉၁၃- ၁၉၄၇) 


မင်းဘူးမြို့နယ်၊ ထောက်ရှာ ပင်ရွာသားဖြစ်ပါသည်။ ရန်ကုန် တက္ကသိုလ်ကျောင်းသားဘဝ၌တပ်ရင်း တပ်ခွဲတစ်ယောက်ဖြစ်ပြီး သေနတ် ပစ်ထူးချွန်သည်။ ဝန်ထောက်စာမေး ပွဲအပြင်၊ အိန္ဒိယပဋိညာဉ် အိုင်စီအက်စ် စာမေးပွဲနှစ်ရပ်လုံး အောင်မြင်သော ခေတ်ပညာတတ်တစ်ဦး ဖြစ်သည်။ အင်္ဂလန်အောက်စဖိုဒ့် တက္ကသိုလ် ဂျီးဆပ်ကောလိပ် (Jesus College)၌ နိုင်ငံ့ဝန်ထမ်းအုပ်ချုပ်ရေး ပညာသင် ခဲ့သည်။ ပင်လုံညီလာခံတွင် ကချင် ပြည်နယ်က ဒူးဝါးဆင်ဝါးနောင်တို့နှင့် ပင်လုံညီလာခံတွင် လက်မှတ်ထိုးရန် အတွက် ဦးအုန်းမောင်က ကချင်လူမျိုး များနှင့် အဆင်ပြေအောင် တာဝန်ယူ နိုင်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီ ရန်ကုန်မြို့ အတွင်းဝန်များရုံး၊ ဝန်ကြီးများ အစည်း အဝေးမှာ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးစောစံ ဖိုးသင် ခရီးလွန်နေသဖြင့် သူ့ကိုယ်စား ဒုတိယအတွင်းဝန် ဦးအုန်းမောင်က အစည်းအဝေး တက်ရသည်။ ထို အစည်းအဝေး၌ ၎င်းတို့ ဝန်ကြီးဌာန ၏ လုပ်ငန်းအစီအစဉ်များ တင်ပြ နေစဉ် မသမာသူသေနတ်သမား များ၏ လုပ်ကြံမှုဖြင့် ဦးအုန်းမောင် လည်း အာဇာနည်ခေါင်းဆောင်ကြီး များနှင့်အတူ ကျဆုံးခဲ့ရသည်။


(လေးစားအပ်သော စိတ်နေ စိတ်ထား) အင်္ဂလန်တွင် ပညာသင် နေစဉ် “မျိုးချစ်စိတ်ဓာတ် ထက်သန်၍ တိုင်းပြည်နှင့် လူမျိုးကိုထိလျှင် နည်း နည်းမျှသည်းမခံနိုင်သူ၊ ထို့ကြောင့် သူ့ကို အင်္ဂလန်ရှိ အငြိမ်းစားအိုင်စီ  အက်စ်အရာရှိကြီးတချို့က တိုက်ကြက် ကလေးဟု ကွယ်ရာတွင် ခေါ်လေ့ ကြောင်း” ပညာသင်ဖော် ဆရာမင်းသုဝဏ်က မှတ်တမ်းတင်ခဲ့သည်။ သူ့ဇနီးက “တစ်ညမှာ အငယ်ဆုံးသားလေး ကျန်းမာရေး မကောင်းဘူး၊ စိုးရိမ်ရတဲ့ အခြေအနေပါ၊ ဦးအုန်းမောင်က ကလေးချီပြီး လမ်းလျှောက်နေတုန်း ဗိုလ်ကျာ်နဲ့ ဗိုလ်လှထွန်းတို့က အိမ် လာခေါ်တယ်။ ဗိုလ်ချုပ်က ကချင်ပြည် လွှတ်မလို့တဲ့၊ ကလေးနေမကောင်းလို့ သူက မသွားချင်ပေမယ့် တိုင်းပြည် အရေးကိစ္စအတွက် ည ၂ နာရီလောက် မှာ ကချင်ပြည်ကို ထွက်သွားရတယ်၊ တိုင်းပြည်အရေးကို အဲလိုအလေးထား တာပါ”ဟု ဆိုသည်။ ဦးအုန်းမောင် အသက် ၃၄ နှစ် အရွယ်မှာ ကျဆုံးခဲ့ပြီး၊ သူကွယ်လွန်ချိန်မှာ ဇနီးဒေါ်သိန်း ကြွယ်နှင့်အတူ သားသုံးဦး ကျန်ရစ်ခဲ့သည်။


ရဲဘော်ကိုထွေး (၁၉၂၉-၁၉၄၇)


ရဲဘော် ကိုထွေးမိသားစုသည် မန္တလေးတွင်နေကြပြီး ဖခင်က အစ္စလာမ်ဘာသာဝင်၊ မိခင်က ပိုးကရင် ခရစ်ယာန်ဘာသာဝင် ဖြစ်သည်။ လက်ဝှေ့ကျော်စောဘာဘာ၏ ညီ အငယ်ဆုံးဖြစ်သည်။ မန္တလေးတွင် ဦးရာဇတ်အိမ်နှင့် ဘေးချင်းကပ်လျက် နေကြသည်။ ဦးရာဇတ်က ကိုထွေးကို အလွန်ချစ်သဖြင့် သူဝန်ကြီးဖြစ်ချိန်မှာ သက်တော်စောင့်အဖြစ် ကိုထွေးကို ခေါ်လာခဲ့သည်။ ထို့ကြောင့် ကိုထွေး သည်  ဦးရာဇတ်တာဝန်နှင့် အမြဲလိုက် ပါသွားရသည်။ “သူလုပ်ကြံမခံရခင် ဇူလိုင် ၁၈ ရက်က သူဆုရခဲ့တဲ့ဘူးလေး အိမ်နံရံမှာ ချိတ်ထားရာကနေ သူ့ အလိုလို ပြုတ်ကျနိမိတ်ပြခဲ့တယ်” ဟု ကျန်ရစ်သူ မိသားစုက ဆိုပါသည်။ ကိုထွေးသည် သေနတ်ကျည်ဆန် ဒဏ်ရာများနှင့် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ပြီးနောက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် တိုင်းပြည်အတွက် အသက် စွန့်ခဲ့သည်။ အသက် ၁၈ နှစ်တွင် ကွယ်လွန်သည်။ 


ဗိုလ်ချုပ်ရဲ့နောက်ဆုံးမိန့်ခွန်း


“လွတ်လပ်ရေးဆိုတာ စည်းမဲ့ ကမ်းမဲ့ သဘောမျိုးမဟုတ်ဘူး။ စည်းနဲ့ကမ်းနဲ့ သဘောမျိုးဖြစ်တယ်။ စည်းနဲ့ကမ်းနဲ့ရှိမှသာ လွတ်လပ်ရေး ဆိုတာ ဖြစ်နိုင်တယ်။ လွတ်လပ်ရေး ရတဲ့အခါ အခွင့်အရေးပိုရလာသလို တာဝန်တွေလည်း ပိုလာမယ်။ လွတ်လပ်ရေးရတဲ့အခါ မြန်မာပြည်ကို ကာကွယ်ရန်တာဝန်ဟာ မြန်မာတွေရဲ့ အဓိကတာဝန်ဖြစ်တယ်”  


“ခြင်္သေ့မင်းများဟာ တောကောင် ကို လိုက်တဲ့နေရာမှာ ကြီးတာငယ်တာ ပဓာနမထားဘဲနဲ့ ကြီးကြီးငယ်ငယ် လုံ့လစိုက်တဲ့နေရာမှာ အဲဒီအတိုင်း ပဲ လုံ့လစိုက်သွားတယ်။ အဲဒီလိုထုံးစံ အတိုင်းပဲ  ကျွန်တော်တို့ကပန်းတိုင် ရောက်တဲ့အထိ အောင်မြင်လာတဲ့တိုင် အောင် ကြိုးစားမှု၊ အားထုတ်မှုကို လျှော့လို့မဖြစ်နိုင်ဘူး။ လုံ့လဝီရိယ ကို လျှော့လို့မဖြစ်နိုင်ဘူး။ ဆတက် ထမ်းပိုးသာ ကျွန်တော်တို့ လုပ်ဖို့လိုတယ် ”


အထက်ပါ မိန့်ခွန်းသည် ၁၉၄ရ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် (ဗိုလ်ချုပ်မကျ ဆုံးခင် တစ်ပတ်ခန့်အလို မြို့တော် ခန်းမတွင် ကျင်းပသော ပြည်သူ့ အစည်းအဝေးကြီးတွင် ဗိုလ်ချုပ်ဟော ကြားခဲ့သော နောက်ဆုံးမိန့်ခွန်းဖြစ် ပါသည်။


 နိဂုံး

အာဇာနည်နေ့ဆိုသည်မှာ နှစ်စဉ် အာဇာနည်နေ့ရောက်တိုင်း အားလပ် ရက် တစ်ရက်ရခြင်း၊ အလေးပြုခြင်း၊ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးသောအချိန်ကို ဥသြဆွဲခြင်း၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်နှင့် တကွ ကျဆုံးလေပြီးသော အာဇာ နည် ခေါင်းဆောင်ကြီးများကို အမှတ် တရ တမ်းတခြင်းဆိုသည် မျိုးထက်၊  အာဇာနည်နေ့က ပို၍အဓိပ္ပါယ်ရှိပါ သည်။ ထို့ကြောင့် အောက်ပါ အတိုင်း လေးလေးနက်နက် တွေးသင့်ပါသည်။ 


- ပြည်သူတွေဘက်က ဗိုလ်ချုပ်တို့ အသက်စွန့် ကြိုးပမ်းရယူပေးခဲ့သည့် လွတ်လပ်ရေး၏ တန်ဖိုးရှိပုံနှင့် ဒီမို ကရေစီ၏ အနက်အဓိပ္ပါယ်ကိုကောင်း စွာ နားလည်သဘောပေါက်ဖို့လို သည်။


- စည်းကမ်းရှိဖို့လိုသည်။


- တာဝန်သိဖို့လိုသည်။ 


အချုပ်အားဖြင့်ဆိုသော် မျိုးဆက် သစ်လူငယ်များ သိထားသင့်သည့် အာဇာနည်ဆိုသော အဓိပ္ပါယ်သည် အသတ်ခံရမှပေးရမည့် ဘွဲ့မျိုး မဟုတ်။ အသတ်မခံရသော်လည်း သူသေဆုံးသည့်တိုင် နိုင်ငံ့အကျိုး၊ လူမျိုးအကျိုး၊ လူသားအကျိုးတို့ကို ထူးထူးခြားခြား စွမ်းစွမ်းတမံဆောင် ရွက်သူကို “အာဇာနည်”ဟု ခေါ်ပါ သည်။ ထို့ကြောင့် ကျွန်မတို့အားလုံး ကိုယ်ကျိုးမဖက်ဘဲ လိုအပ်ရင် ကိုယ့်နိုင်ငံတိုးတက်ရာ တိုးတက် ကြောင်းကို လုပ်ဆောင်ကြရင်းဗိုလ်ချုပ် တို့ အရယူပေးခဲ့သော လွတ်လပ် သည့်နိုင်ငံတော်ကို ပြည်ချစ်စိတ်ဖြင့် စောင့်ရှောက်ကြရပါမည်။     ။ တင်ထက်ထက်ဇော်






အခြားဆက်စပ်သတင်းများ