နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစာအဆိပ်သင့်ခြင်း(FOOD POISONING)

ကျွန်တော်တို့နိုင်ငံတွင် အစာအဆိပ်သင့်ခြင်း ကို အလှူမင်္ဂလာများ၊ မင်္ဂလာဆောင်များ၊ စုပေါင်း ချက်ပြုတ်စားသောက်ခြင်းနှင့် စားသောက်ဆိုင် များ၊ အစားအစာများကို စားသောက်ပြီးဖြစ်ပေါ် ကြောင်း မကြာခဏကြားနေရပါသည်။  အချိန်မီ ဆေးရုံ၊ ဆေးခန်းသို့ ပို့ဆောင်ကုသပါက အသက် ရှင်နိုင်သော်လည်း နောက်ကျစွာဆေးကုသမှုခံ ယူပါက  သေဆုံးမှုများလည်း ဖြစ်ပေါ်တတ်ပါ သည်။ ထို့ကြောင့် အစားအစာများကို စနစ်တကျ ကိုင်တွယ်ချက်ပြုတ်၊ ပြင်ဆင်ကျွေးမွေးရန်လိုအပ် ပါသည်။


(၁)အစာအဆိပ်သင့်ခြင်းဆိုသည်မှာ


အစာအဆိပ်သင့်ခြင်းသည် မသန့်ရှင်းသော အစားအသောက်များကို စားသုံးခြင်းကြောင့် ဖြစ်ပွားတတ်ပါသည်။ အဆိပ်အတောက်ထွက် သည့် အဏုဇီဝရောဂါပိုးကြောင့် အဓိကဖြစ်တက် ပါသည်။ အခြားအဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်းများ၊ အပင်များနှင့် အသားငါးများ (မှို၊ ငါး၊ ခရု)ရှိ အဆိပ်ဖြစ်စေသော ဓာတ်ပစ္စည်း များကြောင့် ဖြစ်ပွားတတ်ပါသည်။ တိရစ္ဆာန်မှ တစ်ဆင့် လူဆီသို့ ရောက်ရှိကူးစက်သော သန်ကောင်များကြောင့်လည်း ဖြစ်နိုင်ပါသည်။


(၂)အစာအဆိပ်သင့်ခြင်းကို  ဖြစ်စေနိုင်သော အကြောင်းအရာများ


အစာအဆိပ်သင့်ခြင်းကို ရောဂါပိုးကြောင့် အစာအဆိပ်သင့်ခြင်းနှင့် ဓာတုပစ္စည်းများ ကြောင့် အစာအဆိပ်သင့်ခြင်းဟူ၍ နှစ်မျိုးခွဲခြား ထားပါသည်။


ရောဂါပိုးကြောင့် အစာအဆိပ်သင့်ခြင်းသည် အသားစိမ်း၊ ငါးစိမ်းများ စားသုံးခြင်း၊ မကျက်တ ကျက်ချက်ပြုတ်ထားသော အသားနှင့် ပင်လယ်စာ များစားသုံးခြင်း၊ ရက်လွန်အစားအစာများစား သုံးခြင်း၊ မသန့်ရှင်းသော နို့နှင့် နို့ထွက်ပစ္စည်းများ စားသုံးခြင်း၊ သိုးနေသော ထမင်းနှင့်ဟင်းများ စားသုံးခြင်း၊ အမှည့်လွန်သစ်သီးများကို စားသုံး ခြင်း၊ မသန့်ရှင်းသော အိုးခွက်ပန်းကန်များ၊ သို့ မဟုတ် မသန့်ရှင်းသောလက်ဖြင့် အစားအစာ ချက်ပြုတ်ပြင်ဆင်စားသုံးခြင်းများကြောင့် ဖြစ် တတ်ပါသည်။


ဓာတုပစ္စည်းများကြောင့် အစာအဆိပ်သင့် ခြင်းသည် မစားသင့်သောမှို၊ အသီးအရွက်၊ ငါး၊ ခရုများကို စားသုံးမိခြင်း၊ ဓာတုပစ္စည်းများဖြစ် သော အင်ဂျင်ဝိုင်၊ ဒီဇယ်၊ မက်သနောစသည်တို့ ကို ထည့်ထားသည့် ပုလင်း၊ ပုံး၊ ခွက်စသည်တို့ ကို အစားအသောက်နှင့် ရေများထည့်၍ စား သောက်ခြင်း၊ ဘက်တီးရီးယားပိုးပေါက်၍ ဖောင်း နေသော စည်သွပ်ဘူးများအား စားသုံးမိခြင်းနှင့် သန့်ရှင်းမှုအားနည်း၍ မက်သနောပါဝင်မှုများသော အရက်များသောက်မိခြင်းတို့ကြောင့် ဖြစ်တတ် ပါသည်။


(၃) အစာအဆိပ်သင့်ခြင်း လက္ခဏာများ


အစာအဆိပ်သင့်ခြင်းကြောင့် မူးဝေခြင်း၊ အော့ အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းအရည်သွားခြင်း၊ ဖျား ခြင်း၊ မအီမသာဖြစ်ခြင်း၊ ယားယံခြင်း၊ မျက်စိပြာ ဝေခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ တက်ခြင်း၊ ချွေး ထွက်များခြင်းနှင့် သတိလစ်ခြင်းများဖြစ်ပွားနိုင် ပါသည်။ အသက်ဆုံးရှုံးသည်အထိ ဒုက္ခပေးနိုင်ပါ သည်။


အစားအစာစားသုံးပြီးချိန် မိနစ်ပိုင်းမှ ရက်ပိုင်း အတွင်း အစာအဆိပ်သင့်လက္ခဏာများ ပေါ်ပေါက် ပါက  နီးစပ်ရာကျန်းမာရေးဌာနတွင်  ချက်ချင်း ဆေးကုသမှုခံယူရပါမည်။ နောက်ကျပါကသေဆုံး တတ်၍ ဂရုစိုက်ရပါမည်။


(၄)အစာအဆိပ်သင့်ခြင်းမဖြစ်စေရန် ကာကွယ်ခြင်း


အစာအဆိပ်သင့်ခြင်းမဖြစ်စေရန် ကြိုတင်ကာ ကွယ်မှုများပြုလုပ်ရပါမည်။


(က) သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်း ရွက်၊ သစ်သီးဝလံများ၊ အသားများကိုသာ ရွေးချယ် စားသောက်ရပါမည်။


(ခ) အသီးအရွက်၊ အသားငါးများကို ကျက်အောင်ချက်ပြုတ်စားသောက်ရပါမည်။


(ဂ) ရက်လွန်သော အစားအစာများ၊ ပုပ်သိုး နေသော အစားအစာများ၊ အမှည့်လွန်သော သစ်သီး ဝလံများ၊ သံချေးတက်ပုံပျက်နေသော စည်သွပ်ဘူး များအား စားသုံးခြင်းမှ ရှောင်ကြဉ်ရပါမည်။


(ဃ) အစားအစာများကို ချက်ပြုတ်ပြီး မကြာ မီအချိန်အတွင်း  ပူပူနွေးနွေးစားသုံးရပါမည်။


(င) လတ်တလောမစားသုံးဖြစ်သေးသော အစားအစာများကို ရေခဲသေတ္တာထဲတွင် ၅ ဒီဂရီ စင်တီဂရိတ်အောက်၌ သိမ်းဆည်းသိုလှောင်ထား ရပါမည်။ ပြန်လည်စားသုံးမည်ဆိုပါက အပူချိန် ၆၀ ဒီဂရီစင်တီဂရိတ်အထက်၌ ပြန်နွေး၍ စားသောက် ရပါမည်။


(စ) အစားမစားမီ၊ အစားအစာကိုင်တွယ် ချက်ပြုတ် ပြင်ဆင်ခြင်းမပြုလုပ်မီနှင့် အိမ်သာ အသုံးပြုပြီးချိန်တွင် လက်ကိုဆပ်ပြာဖြင့်‌ သေချာ စွာ ဆေးကြောရပါမည်။


(ဆ) ချက်ပြုတ်ပြီးသော အစားအစာနှင့် မချက်ပြုတ်ရသေးသော အသီးအရွက်အသားငါး များကို ရောနှောသိုလှောင်သိမ်းဆည်းခြင်းကို မပြုလုပ်သင့်ပါ။


(ဇ)ချက်ပြုတ်ပြီးသော အစားအစာနှင့် မချက် ပြုတ်ရသေးသော အသီးအရွက် အသား၊ ငါးများကို လှီးဖြတ်ရာတွင် အသုံးပြုသော ဓားနှင့် စဉ်းတီတုံးများကို သပ်သပ်စီခွဲခြားအသုံးပြုရပါ မည်။


(ဈ) အမျိုးအမည်မသိသော၊ မစားသောက် ဖူးသော မှို၊ သစ်သီး၊ သစ်ဖုနှင့် ပင်လယ်စာများ ကို သတိထား၍ စားသောက်ရပါမည်။


(ည) ကြွက်၊ ယင်၊ ပိုးဟပ်များ မခိုအောင်းနိုင် စေရန် မီးဖိုချောင်အား သန့်ရှင်းသပ်ရပ်စွာထား ရပါမည်။


(ဋ) စာကြွင်း၊ စားကျန်များထည့်ထား သော အမှိုက်ပုံးအား သေချာစွာဖုံးအုပ်ထားရပါ မည်။ မပြည့်လျှံမီ စနစ်တကျထုပ်ပိုး၍ စွန့်ပစ်ရ ပါမည်။ အမှိုက်များ ကိုင်တွယ်ပြီးနောက် လက် ကို စနစ်တကျဆပ်ပြာဖြင့် ဆေးကြောရပါမည်။


(ဌ) မက်သနောပါဝင်မှုများသော အရက် သေစာသောက်စားခြင်းမှ ရှောင်ကြဉ်ရပါမည်။


(ဍ) ဝမ်းပျက်ဝမ်းလျှောရောဂါ၊ လက်တွင် ပြည်တည်နာ၊ အသည်းရောင်အသားဝါ၊ အူရောင် ငန်းဖျားရောဂါ၊ ကြွက်ဆီးကြောင့် ဖြစ်သော အသားဝါရောဂါ ခံစားနေရသော လူနာများအနေ ဖြင့် အစားအစာများအား ကိုင်တွယ်၊ ပြင်ဆင်၊ ချက်ပြုတ်ခြင်းကို မပြုလုပ်သင့်ပါ။


(၅)အကြံပြုချက်


"အစာလည်းဆေး၊ ဆေးလည်းအစာ" ဆို သည့်အတိုင်း အာဟာရပြည့်ဝရန်၊ အင်အားဖြစ် စေရန်နှင့် ရောဂါပိုးကာကွယ်နိုင်ရန် အစားအစာ များကိုရည်ရွယ်၍ စားသောက်ကြပါသည်။ သို့ ရာတွင် မိမိတို့နေ့စဉ် စားသောက်နေသောအစား အစာသည် အာဟာရပြည့်ဝပြီး ဓာတုဆိုးဆေး ကင်းကာ ကျန်းမာရေးနှင့် ညီညွတ်သောအစား အစာဖြစ်ရန် လိုအပ်ပါသည်။ အစာအဆိပ်သင့် ခြင်းကြောင့် အသက်အန္တရာယ်စိုးရိမ်ရ၍ သတိ ထားကာ  အစားအစာများကို    စားသင့်ပါ သည်။ ။ဒေါက်တာမြင့်သန်းထွန်း

(ပြည်သူ့ကျန်းမာရေး)






အခြားဆက်စပ်သတင်းများ