သွေးလွန်တုပ်ကွေးရောဂါသည် ၂၀၂၂ ခုနှစ် တွင် ကပ်ရောဂါအသွင်ဖြစ်နိုင်ပါသည်။ " ကာကွယ် ခြင်းသည် ကုသခြင်းထက် ပို၍ကောင်းသည်" ဆိုသည့်အတိုင်း သွေးလွန်တုပ်ကွေးရောဂါ မဖြစ် စေရန် ကြိုတင်ကာကွယ်ရပါမည်။ ကြိုတင် ကာကွယ်မှုများ ပြုလုပ်ရာတွင် ကျန်းမာရေးဌာန တစ်ခုတည်းဆောင်ရွက်၍ မရပါ။ ဌာနဆိုင်ရာ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရပါမည်။
အစိုးရ မဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့ အစည်းများ၊ လူမှုရေး၊ ဘာသာရေးအသင်း အဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ၊ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွင် အလုပ်လုပ်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် မီဒီယာများလည်း ပါဝင်ရပါမည်။ တစ်နည်းအားဖြင့် ပြည်သူလူထု အားလုံး တက်ညီလက်ညီပါဝင် ဆောင်ရွက်မှ သာ သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်မှ ကင်းဝေးပါမည်။
(၁) သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်ခြေများ သူများ
သွေးလွန်တုပ်ကွေးရောဂါသည် အသက် ၁၅ နှစ်အောက် ကလေး အထူးသဖြင့် သုံးနှစ်မှ ကိုးနှစ် အတွင်းရှိ ကလေးများတွင် ပို၍ဖြစ်ပါသည်။ နို့စို့ ကလေးငယ်များ အပါအဝင် အသက်ကြီးသူများ လည်းဖြစ်၍ အသက်အရွယ်မရွေး ဖြစ်နိုင်ပါ သည်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေသောနေရာ သို့မဟုတ် ကူးစက်ပြန့်ပွားနေသော နေရာတွင် နေထိုင်သူ သို့မဟုတ် သွားရောက် လည်ပတ်သူများသည် ဖြစ်နိုင်ခြေအလွန်များပါ သည်။
(၂) သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသော အကြောင်းအရင်း
သွေးလွန်တုပ်ကွေးရောဂါသည် များသော အားဖြင့် မိုးရာသီတွင် ဖြစ်တတ်ပါသည်။ သို့ရာ တွင် ခြင်ပေါက်ပွားမှုများလာခြင်းကြောင့် ၁၂ ရာသီပတ်လုံး ဖြစ်တတ်၍ အထူးသတိထားရ မည့် ရောဂါတစ်ခုဖြစ်လာပါသည်။
သွေးလွန်တုပ် ကွေးရောဂါသည် သွေးလွန်တုပ်ကွေးရောဂါဖြစ် စေသော ဗိုင်းရပ်စ်ပိုးသယ်ဆောင်သော ခြင်ကျား (Aedes အေဒီးစ်အမျိုးအစား) ကိုက်ခြင်းကြောင့် ဖြစ်သောရောဂါတစ်မျိုးဖြစ်ပါသည်။ ၎င်းဗိုင်းရပ်စ် ပိုးကို သယ်ဆောင်ထားသော ခြင်ကျားသည် နေ့ခင်းဘက်များတွင် အထွက်များပြီး ပို၍ကိုက် တတ်ပါသည်။
(၃) သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး
သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုးအမျိုးအစား လေးမျိုးရှိပါသည်။ ဒင်ဂီဝမ်း၊ ဒင်ဂီးတူး၊ ဒင်ဂီး သရီးနှင့် ဒင်းဂီးဖိုးတို့ဖြစ်ပါသည်။ အမျိုးအစား လေးမျိုးရှိသည့်အနက် ကလေးတစ်ဦးသည် တစ်ကြိမ်တွင် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် လေးမျိုးထဲက တစ်မျိုးနှင့် ထိတွေ့မိပါက ၎င်း အမျိုးအစားအတွက် ခုခံအားကိုသာ ရရှိပါသည်။
သို့ရာတွင် ကျန်သောအမျိုးအစားများကို ကာကွယ် မှု မပေးနိုင်ပါ။ မတူညီသော သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုး အမျိုးအစားနှင့် ဒုတိယအကြိမ် ကူးစက်ခံရပါက ရောဂါလက္ခဏာများသည် ပို၍ ပြင်းထန်တတ်ပါသည်။
(၄) သွေးလွန်တုပ်ကွေးရောဂါ၏ လက္ခဏာများ
သွေးလွန်တုပ်ကွေးရောဂါ သယ်ဆောင်ထား သော ခြင်ကျားအကိုက်ခံရပြီး သုံးရက်၊ လေးရက် ခန့်တွင် ရောဂါလက္ခဏာစတင်ပေါ်တတ်ပါသည်။ ဖျားပြီး သုံးရက်မှ ခြောက်ရက်အတွင်း၌ သွေးလွန်တုပ်ကွေးရောဂါ၏ စိုးရိမ်ရေမှတ်ဖြစ် သော သွေးလန့်ခြင်းအန္တရာယ်ရှိတတ်ပါသည်။
သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုးတစ်မျိုးနှင့် ပထမဆုံးထိတွေ့ဖူးသော လူများ၏ ၈၀ ရာခိုင်နှုန်း မှ ၉၀ ရာခိုင်နှုန်းအထိသည် ရောဂါလက္ခဏာ မပြတတ်ကြပါ။ သို့ရာတွင် အချို့သောသူများတွင် အဖျားကြီးခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြား အောက်တွင် အနီစက်ပေါ်ခြင်းစသည်များ ရှိတတ် ပါသည်။ သွေးလွန်တုပ်ကွေးရောဂါ၏ လက္ခဏာ များကို ခွဲခြားပြီး သိရှိထားရပါမည်။
သွေးလွန်တုပ် ကွေးအဖျား (Dengue Fever) ရောဂါ လက္ခဏာ များမှာ အဖျားကြီးခြင်း၊ အန်ခြင်း၊ အစား အသောက်ပျက်ခြင်၊ အသည်းအနည်းငယ်ကြီး ခြင်း၊ သွေးပေါင်ချိန်တိုင်းကိရိယာဖြင့် လက်ကို စမ်းသပ်ပါက အနီစက်များ ထွက်လာခြင်း (Hess Test Positive) တို့ဖြစ်ပါသည်။
သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများမှာ သွေးလွန်တုပ်ကွေး အဖျားလက္ခဏာများအပြင် အန်သောအခါတွင် အညိုရောင်( ကော်ဖီရောင်) အရည်များ ပါလာပါသည်။ မှိန်းပြီး ခြေဖျားလက် ဖျားများ အေးလာပါသည်။ သွေးပေါင်ချိန်ကြည့် ရာတွင် အပေါ်သွေးနှင့် အောက်သွေးကြား ကွာဟ ချက်သည် လွန်စွာ နီးကပ်နေခြင်း( ဥပမာ- အပေါ် သွေး ၁၀၀ နှင့် အောက်သွေး ၈၀ ရှိနေခြင်း) ခံစား ရနိုင်ပါသည်။
(၅) သွေးလွန်တုပ်ကွေး၏ သွေးလန့်ခြင်းလက္ခဏာ များ
သွေးလန့်ခြင်းလက္ခဏာများမှာ မှိန်းနေရာမှ ဂနာမငြိမ်ဖြစ်ခြင်း သို့မဟုတ် မလှုပ်မယှက်ပျော့ ခွေနေခြင်း၊ ခြေဖျားလက်ဖျားများ အေးစက်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ လက်ကောက်ဝတ်သွေးခုန် နှုန်းအားပျော့ခြင်း၊ သွေးပေါင်ချိန် ကျဆင်လာပြီး တိုင်းတာ၍ မရခြင်း၊ တက်ခြင်းနှင့် သတိလစ်ခြင်း များ ဖြစ်ပါသည်။
(၆) သွေးလွန်တုပ်ကွေးရောဂါမှန်း သိရှိအောင် ပြုလုပ်ခြင်း
သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများ ဖြစ်ပါက နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် ပြသရပါမည်။ သွေးလွန်တုပ်ကွေးရောဂါမှန်း သိရှိ စေရန်အတွက် လက်မောင်းပေါ်တွင် သွေးပေါင် ချိန်တိုင်း ကိရိယာနှင့် Hess Test စမ်းသပ်ကြည့် ရပါမည်။ သွေးဖောက်စစ်ဆေးမှု (Ig G and Igm) ပြုလုပ်ခြင်း၊ သွေးကြောတွင်းရှိ အပျစ်အကျဲ ရာခိုင်နှုန်းကို စစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါ သည်။
(၇) သွေးလွန်တုပ်ကွေးရောဂါကို ကုသခြင်း
သွေးလွန်တုပ်ကွေးရောဂါသည် ကာကွယ်ဆေး များ မပေါ်ပေါက်ခြင်း ထိရောက်သော ကုသမှု လည်း မရှိသေးပါ။ သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများ သက်သာပျောက်ကင်းရန်နှင့် နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်စေရန် ကုသရ ပါမည်။ သွေးလန့်ခြင်း အန္တရာယ်မရှိစေရေး သည် သွေးလွန်တုပ်ကွေးရောဂါကုသမှု၏ အဓိက ရည်ရွယ်ချက်ဖြစ်ပါသည်။
အဖျားကြီးပါက ရိုးရိုးအဖျားကျဆေးဖြစ် သော ပါရာစီတမောလ်တို့ တိုက်နိုင်ပါသည်။ အစာအိပ်သွေးကြောကို ပေါက်စေသည့် ဆေးများ (အက်စ်ပရင်၊ ဒိုင်ကလိုဖန်နက်စ် လိုင်ဗျူးရိုပရိုဖန်) ကို ရှောင်ကြဉ်ရပါမည်။ ရေပတ်တိုက်ခြင်းများ ပြုလုပ်နိုင်ပါသည်။ အဝတ်အထည်ပါးပါးများကို ဝတ်ဆင်နိုင်ပါသည်။ အရည်များများ တိုက်ရပါ မည်။ သို့ရာတွင် အနီရောင်၊ အညိုရောင်ရှိသော ကော်ဖီ၊ မိုင်လို၊ အိုဗာတင်းများကို ရှောင်ကြဉ်ရ ပါမည်။
သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာဖြစ် ပါက နားလည်တတ်ကျွမ်းသော ဆရာဝန် နှင့် ပြသရပါမည်။ သွေးလန့်ခြင်း၏ လက္ခဏာ များရှိပါက နီးစပ်ရာ ဆေးရုံသို့ အမြန်ဆုံး သွားရန် လိုအပ်ပါသည်။ သို့မှသာ သွေးလွန် တုပ်ကွေး သွေးလန့်ခြင်းကြောင့် အသက် ဆုံးရှုံးခြင်း မဖြစ်စေရန် ကာကွယ်နိုင်ပါသည်။
(၈) သွေးလွန်တုပ်ကွေးရောဂါ၏ နောက်ဆက် တွဲဆိုးကျိုးများ
သွေးလွန်တုပ်ကွေးရောဂါကို စနစ်တကျ ကုသခြင်း မပြုလုပ်ပါက သွေးလန့်ခြင်း၊ နှာခေါင်း သွေးလျှံခြင်း၊ သွေးအန်ခြင်းနှင့် သွေးဝမ်းသွားခြင်း ကဲ့သို့သော သွေးယိုစီးခြင်း၊ နှလုံးထိခိုက်ပျက်စီးခြင်း၊ အသည်းထိခိုက် ပျက်စီးခြင်းနှင့် အသက်ဆုံးရှုံးနိုင်ခြင်းစသည်တို့ဖြစ်တတ်ပါသည်။
(၉) သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရန် ကာကွယ်ခြင်း
သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကြောင့် ဖြစ်သော ရောဂါတစ်မျိုးဖြစ်ခြင်းကြောင့် ခြင်ကိုက် မခံရစေရန် ကာကွယ်ရပါမည်။ ခြင်ကိုက်မခံ ရစေရန် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ် ရပါမည်။ အိပ်သည့်အခါတိုင်း ခြင်ထောင်နှင့် အိပ်ရပါမည်။ ဆေးစိမ် ခြင်ထောင် အသုံးပြုပါက ပို၍ကောင်းပါသည်။ ပတ်ဝန်းကျင်တွင် ခြင် မခိုအောင်းစေရန် ချုံနွယ်များ ရှင်းလင်းခြင်း ဆောင်ရွက်ရပါမည်။ ရေဝပ်နိုင်သောနေရာတွင် မြေဖို့ရပါမည်။
ခြင်ပေါက်ပွားမှုနည်းအောင်လည်း ပြုလုပ် ရပါမည်။ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင် ရွက်ရပါမည်။ အဘိက်ဆေးများ ခတ်ရပါမည်။ ပိုးလောက်လမ်းစားသော ငါးများမွေးမြူရပါ မည်။ ခြင်ထောင်များ လိုက်ကာများကို ဆေးစိမ် ပေးရပါမည်။
(၁၀) အကြံပြုချက်
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်း ရာတွင် ပြည်သူလူထုအခြေပြုလုပ်ငန်းများ ဆောင်ရွက်ရပါမည်။ ရပ်ကွက်၊ ကျေးရွာများ တွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ခြင်း၊ အဘိက်ဆေးခတ် ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ရပါမည်။ ကျောင်းများကို အခြေပြု ရာတွင် ခြင်ကျားကင်းစင်သော၊ ပိုးလောက်လမ်း ကင်းစင်သော ကျောင်းများဖြစ်အောင် ပြုလုပ်ရ ပါမည်။
လူနာအခြေပြုရာတွင် တတ်ကျွမ်းနားလည် သော ဆရာဝန်များနှင့် ပြသရပါမည်။ နီးစပ်ရာ ဆေးရုံသို့ အမြန်ပို့ဆောင်ကုသရပါမည်။ ဆေး မြီးတိုများ၊ စပ်ဆေးများနှင့် သစ်ဥ၊ သစ်ဖုများ တိုက်ကျွေးခြင်းကို ရှောင်ကြဉ်ရပါမည်။ ကျန်းမာ ရေးဝန်ထမ်းများအနေဖြင့် ပြည်သူလူထုများ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး တွင် ပါဝင်လာစေရန် အသိပညာပေးခြင်းနှင့် မီဒီယာများဖြင့် ပေါင်းစပ်၍ ဆောင်ရွက်ခြင်းများ ပြုလုပ်သင့်ကြောင်း အကြံပြုအပ်ပါသည်။ ဒေါက်တာမြင့်သန်းထွန်း
(ပြည်သူ့ကျန်းမာရေး)