နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝအင်ဥမှို လူကြိုက်များလာသဖြင့် ရှာဖွေရောင်းချသူများ အဆင်ပြေ

ပင်လယ်ဘူး၊ ဇွန် ၈


စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့တို့မှ ထွက်ရှိသော အင်ဥမှိုများ ကောလင်းမြို့စျေးကွက်သို့ စတင်ဝင်ရောက်လျက်ရှိပြီး သဘာဝအင်ဥမှို လူကြိုက်များလာသဖြင့် ရှာဖွေ ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း ပင်လည်ဘူးမြို့နယ်၊ ရွာသာယာကျေးရွာ အင်ဥမှို ရှာဖွေရောင်းချသူ ဒေါ်ဝင်းကြည်ထံမှ သိရသည်။


အဆိုပါ အင်ဥမှိုသည် နှစ်စဉ်ဖြစ်ထွန်းသည့်မှိုကျင်းများတွင် ပေါက်ရောက်လေ့ရှိပြီး ယခုရာသီ၌ အင်ဥမှိုရှာဖွေသူများနှင့်    ဖောက်သည်ယူကြသူများ၊ မှိုဝယ်ရောင်းချသူများ  အပိုဝင်ငွေရရှိသည့် ရာသီဖြစ်သည်။


အင်ဥမှိုရောင်းဝယ်ကြရာတွင်  တစ်တင်း၊ နှစ်တင်းစသည်ဖြင့် ခြင်တွယ်ရောင်းချသကဲ့သို့  လက်လီ လက်ကားစျေးကွက်တွင် တစ်ပြည်၊ နှစ်ပြည်စသည်ဖြင့်လည်းကောင်း၊ နို့ဆီဘူးဖြင့်လည်းကောင်း ခြင်တွယ် ရောင်းချကြသည်။


ပေါ်ဦးပေါ်ဖျားအချိန် အင်ဥမှိုတစ်ပြည်ကို ငွေကျပ် ၈၀၀၀ ရောင်းချရပြီး ယခုအင်ဥမှို ပေါများချိန်တွင် တစ်ပြည်ကို ငွေကျပ် ၃၅ဝ၀ မှ ၄ဝ၀၀ ထိသာ စျေးရှိသဖြင့် စားသုံးသူများလာပြီး လူကြိုက်များလာသဖြင့် အချို့လက်ကားယူသူများသည် ရွှေဘို၊ မုံရွာ၊ မန္တလေးမြို့တို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်းသိရသည်။


ယခုအခါ ကောလင်းစျေးကွက်သို့ ဝင်ရောက်လာသော အင်ဥမှိုများကို ရာသီပေါ် သီးနှံစာ အဖြစ်  ဝယ်ယူစားသုံးကြကြောင်း ထိုမှိုများကို ကန်စွန်းရွက်များ၊ဝက်သားများနှင့်ရောနှော၍လည်း ချက်ပြုတ် စားသောက်ကြကြောင်း သိရသည်။



မြင့်ထွန်းမင်း(ကောလင်း)






အခြားဆက်စပ်သတင်းများ