နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငရုတ်‌ဈေးနှုန်း ယခင်နှစ်ကာလတူထက် ထက်ဝက်နီးပါး‌ဈေးနိမ့်နေဆဲ

ရန်ကုန်  ဇွန် ၇

မြစ်ဝကျွန်းပါ်ဒေသထွက် ငရုတ်အသစ်မျိုးစုံ ရန်ကုန်ငရုတ်ဈေးကွက်သို့ ဝင်ရောက်နေဆဲ ယခုနှစ်လယ်ပိုင်း မတိုင်မီကာလတွင် ငရုတ်ဈေးနှုန်းများ သိသာစွာကျဆင်း‌နေသည်ဟု စိန်ပန်းလမ်းငရုတ်မန်ကျည်းပွဲရုံလုပ်ငန်း လုပ်ကိုင်သူ ဦးလှဟန်ထံမှသိရသည်။

၂၀၂၀ ပြည့်နှစ် ဇွန် ၆ ရက်တွင် ပြည်တွင်းစိုက်အိန္ဒိယမျိုးငရုတ်ရှည် လက်ကားတစ်ပိဿာ၂၇၀၀ ကျပ်   ရွှေလောင်းအိမ်မဲ ပန်းတနော်ငရုတ်ရှည် လက်ကားတစ်ပိဿာ၂၄၀၀-၂၅၀၀ကျပ်၊ ဝါးခယ်မငရုတ်ရှည် ၂၅၅၀ ကျပ် နှုန်းအသီးသီးဈေးနှုန်းရှိသည်။

လေးအိမ်စုမိုးထောင် လက်ကား တစ်ပိဿာ ၃၁၀၀ ကျပ်၊ ရေလဲမိုးထောင်၂၉၅၀ကျပ်၊ ဒီမိုမိုးထောင် ၂၉၅၀ ကျပ်နှုန်းရှိနေသည်။ မြစ်ဝကျွန်းပေါ်ငရုတ်ပွ လက်ကားတစ်ပိဿာ ၄၂၀၀-၄၇၀၀ကျပ်၊ မြစ်ဝကျွန်းပေါ် စကငရုတ်ပွ ၃၀၀၀-၃၃၀၀ကျပ်၊ ဆင်ဖြူကျွန်းငရုတ်ပွ ၅၅၀၀-၆၀၀၀ကျပ်နှုန်း ဈေးနှုန်း အသီးသီးရှိနေသည်ဟု သိရသည်။

ယခင်နှစ်ကာလတူ ၂၀၁၉ ခုနှစ် ဇွန် ၆ရက်တွင် အိန္ဒိယငရုတ်ရှည်လက်ကားတစ်ပိဿာ ၄၇၀၀ကျပ်၊ ဝါးခယ်မငရုတ်ရှည်တစ်ပိဿာ ၄၄၀၀ကျပ်၊ မိုးထောင်ငရုတ် ၅၂၀၀ကျပ်၊ ဆင်ဖြူကျွန်းငရုတ်ပွ ၁၀၀၀၀ကျပ်နှုန်း ရှိခဲ့သည်ဟု ဈေးနှုန်းဟောင်းများအရ သိရသည်။
၂၀၁၉ နှစ်လယ်နောက်ပိုင်း ငရုတ်ဈေးနှုန်းမြင့်တက်ခဲ့ရာ ဒီဇင်ဘာလ၂၄ရက်တွင် အိန္ဒိယငရုတ်ရှည်   လက်ကားတစ်ပိဿာ ၆၇၀၀ကျပ်၊ အိန္ဒိယမိုးထောင် ၇၀၀၀ကျပ်၊ ပြည်တွင်းမိုးထောင် ၅၆၀၀ကျပ်၊ ရှမ်းငရုတ်ရှည် ၄၈၀၀ ကျပ်၊ စက ငရုတ်ပွလက်ကား တစ်ပိဿာ ၄၈၀၀ကျပ်နှုန်းအထိရှိခဲ့၍ ငရုတ်လှောင်သမားအများစုအကျိုး အမြတ်များရခဲ့သည်။

၂၀၂၀ ပြည့်နှစ် မြစ်ဝကျွန်းပေါ်ဒေသထွက် ငရုတ်မျိုးစုံသည် ယခင်နှစ်ကာလတူထက် ဈေးနှုန်းထက်ဝက် နီးပါးဈေးနိမ့်နေ၍ ရန်ကုန်ဈေးကွက်ရှိ ငရုတ်ကုန်သည်များအနေဖြင့် ဝယ်ယူသိုလှောင်မှုများ ကိုမြင်တွေ့ရသည်။ ဟင်္သာတနယ်မှ ရန်ကုန်သို့ ကားစီးလုံးတင်ပို့မှုများရှိ‌နေသည်ဟု ရန်ကုန်ဟင်္သာတ ကုန်ကားဂိတ်မှ သိရသည်။ ရန်ကုန်ငရုတ်ဈေးကွက်အတွင်း ငရုတ်များကိုအအေးခန်းများတွင် သိုလှောင်ကြသည်။ တစ်လလျှင်အအေးခန်းသိုလှောင်ခ ငရုတ်တစ်ပိဿာလျှင် ၇၅ကျပ် ဝန်းကျင်ပေးရသည်။ အများဆုံးနှစ်ဝက်ခန့်သာ အအေးခန်းထားရာသိုလှောင်ခ ငရုတ်တစ်ပိဿာလျှင်ကျပ် ၅၀၀ ဝန်းကျင်သာ  ကျသင့် သည်။ သို့သော်အအေးခန်းထုတ်ငရုတ်များမှာ မူလငရုတ်အရောင်နှင့် အရည်အသွေးအတိုင်းသာ ရှိ‌နေဆဲဖြစ်၍ဈေးနှုန်းအမြင့်ဖြင့်ရောင်းချ၍ရသည်ဟု ဦးလှဟန်ကပြောသည်။

၂၀၂၀ ပြည့်နှစ် ဇွန် ငရုတ်ဈေးနှုန်းသည် ကာလတူ ၂၀၁၉ ဈေးနှုန်းထက်ဝက်ဝန်းကျင်သာ ရှိခဲ့သော်လည်း ကာလတူ ၂၀၁၈ ငရုတ်ဈေးနှုန်းဝန်းကျင်ရှိနေသည်ဟု သိရသည်။ နှစ်လယ်ပိုင်းမတိုင်မီ မြစ်ဝကျွန်းပေါ်ဒေသ များမှ ငရုတ်အသစ်များဈေးကွက်သို့ဝင်ရောက်ပြီး နှစ်လယ်နောက်ပိုင်းတွင် မြန်မာပြည်အလယ်ပိုင်းဒေသများ အပြင် မုံရွာနှင့်ရှမ်းပြည်နယ်များမှ ငရုတ်များဈေးကွက်သို့ ဝင်ရောက်မှုရှိသည်။

နှစ်အတန်ကြာပြည်တွင်း ငရုတ်ဈေးကွက်တွင်အရည်အသွေးနှင့် ထုပ်ပိုးမှုအားသာချက်များကြောင့်       အိန္ဒိယငရုတ်များ ဈေးနှုန်းအမြင့်ဖြင့် ဈေးကွက်ဝေစုအများအပြားရခဲ့သည်။ သို့သော်အိန္ဒိယငရုတ်မျိုးများ   ပြည်တွင်း တွင်စိုက်ပျိုးထွက်ရှိလာရာ ယခုလပိုင်းများတွင် ပြည်ပမှအိန္ဒိယ ငရုတ်များ ရန်ကုန်ဈေးကွက်သို့ဝင်ရောက်မှု နည်းသွားသည်။ ၂၀၁၉ ခုနှစ် သင်္ကြန်အလွန်မှစ၍ ပြည်ပသို့ငရုတ်စိမ်းတင်ပို့မှုများလာရာ မြန်မာပြည် အလယ်ပိုင်းဒေသတွင် ငရုတ်စိမ်းတစ်ပိဿာ ကျပ် ၂၀၀၀ ဝန်းကျင် သာရှိရာမှ ၈၀၀၀ ကျပ် ဝန်းကျင်အထိ ဈေးမြင့်လာခဲ့သည်။ ငရုတ်စိမ်းဈေးမြင့်၍ ငရုတ်ခြောက်အဖြစ်နေလှန်းခြင်းနည်းသွားသည်။ ၂၀၂၀ ပြည့်နှစ် တွင်မူ ငရုတ်စိမ်းပြည်ပသို့ တင်ပို့ခြင်းမရှိ၍ ငရုတ်ဈေးနိမ့်နေရသည်ဟု ရန်ကုန်ငရုတ်ဈေးကွက်မှ သိရသည်။                                                                                                                            

 မိုးပွင့်သူ






အခြားဆက်စပ်သတင်းများ