နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လယ်ယာကဏ္ဍ စက်စွမ်းအားဖြည့် စွမ်းဆောင်

မျက်မှောက်ကာလတွင် ပြောင်းလဲလာသော ခေတ်စနစ်နှင့် ပြုပြင်ပြောင်းလဲဖော်‌ဆောင်မှုများကို ဆောင်ရွက်လျက်ရှိသည်။ နွေစပါးစိုက်ပျိုးရာသီတွင် မြေယာပြုပြင်ရာ၌ လယ်ယာလုပ်ငန်း ခွင်သုံး စက်ကိရိယာများကို အသုံးပြုမှု ပိုမိုများပြားလာသည်။  ရှေးဦးစွာ  သီးနှံများရိတ်သိမ်းအပြီး စပါးများအချိန်မီ စိုက်ပျိုး ရန် နွားထွန်စရိတ် ကြီးမြင့်ခြင်း၊ အချိန်စောင့်ဆိုင်းရခြင်းတို့ကြောင့် လယ်ယာသုံးစက်ကိရိယာများကို  ယခင်ကထက် ပိုမိုသုံးစွဲလာကြသည်။


လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် မြေယာပြုပြင်နိုင်မှုသည် အဓိကလိုအပ်ချက်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများတွင် အကြောင်းအမျိုးမျိုးသော အခက်အခဲများ၊ ခေတ်မမီသည့် စိုက်ပျိုးရေးစနစ်များကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွင် တိုးတက်မှု နှေးကွေးသည်။ 


ယင်း အခက်အခဲများကို ကျော်လွှားရာတွင် စက်အင်အား၊ ဓနအင်အားများ ပါဝင်လာသည်။ စွမ်းရည်မြင့် လယ်ယာသုံး ထွန်စက်များကို သုံးစွဲခြင်းဖြင့် တမန်းညက်ခြင်း၊ စပါးရှင်သန်မှု အားသာချက်အဖြစ် အထောက်အပံ့ရရှိစေသည်။ ရာသီ သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြေယာထွန်ယက်ပြုပြင်ရာတွင် စက်ကိရိယာများ ပိုမိုသုံးစွဲလာကြသည့်အတွက် ယခင်နှစ်များက ထက် စက်ကိရိယာများ ထူထောင်လာကြသည်။


မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် တောင်သူလယ်သမား ဦးကြီးများ စိုက်ပျိုးစရိတ်ချေးငွေများကို ဘဏ်စတင်တည်ထောင် သည့် ၁၉၅၃ ခုနှစ်မှစ၍ နှစ်စဉ်ထုတ်ချေးပေးလျက်ရှိသည်။ တောင်သူလယ်သမားကြီးများက သီးနှံပေါ်ချိန်တွင် ချေးငွေများ အချိန်မီပြေကျေစွာ ပေးဆပ်ပြီးနောက် ချေးငွေသစ် ထပ်မံရယူ ခြင်းဖြင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်ဖွံ့ဖြိုးရေးကာလ ကြာရှည်စွာ ဆောင်ရွက်ခဲ့ကြသည်။


ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံတော်မှ မိုးချေးငွေ ပေးဆပ်မှုများကို ၂၀၂၁ ခုနှစ် ဧပြီ ၁၅ ရက်နေ့အစား ၂၀၂၁ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ တိုးမြှင့်ပြင်ဆင် ဖြေလျှော့ပေး သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် ‌တောင်သူ ဦးကြီးများသို့ ထုတ်ချေးပေးထားသည့် ကိုဗစ်အထူးချေးငွေကို တောင်သူများ စိုက်ပျိုးရေးတွင် အရင်းအနှီးတစ်ရပ်အဖြစ် ဆက်လက်သုံးစွဲပြီး ဝင်ငွေတိုးတက်ရှာဖွေနိုင်ရေးအတွက် ချေးငွေ ပြန်လည်ပေးဆပ်ရန် ကာလကို ၃၁. ၃. ၂၀၂၂ ရက်အစား ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ တတိယအကြိမ် ပြင်ဆင် တိုးမြှင့် ဖြေလျှော့ပေးသည်။


၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မေ တတိယပတ် ၁၆.၅.၂၀၂၂ ရက်မှစ၍ သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ် ဘဏ်ခွဲများတွင် စတင်ထုတ်ချေးပေးမည်ဖြစ်သည်။ ယခင် ချေးငွေများပြေကျေစွာ ပေးဆပ်လာသူ တောင်သူများကိုလည်း ၂၀၂၂ မိုးရာသီ ချေးငွေသစ်များ ထုတ်ချေးပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာက ကြေညာထားသည်။


လယ်ယာသုံးစက်ကိရိယာများ သုံးစွဲခြင်း၊ သွင်းအားစု စိုက်ပျိုးစရိတ်ချေးငွေများ ရယူနိုင်ခြင်း၊ သိပ္ပံနည်းကျစိုက်ပျိုးခြင်း၊ သီးနှံမျိုးကောင်းမျိုးသန့်နှင့် ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေး များ စနစ်တကျ သုံးစွဲခြင်းဖြင့် လယ်ယာကဏ္ဍ တိုးတက်မြင့်မား လာမည်ဟု ဆိုချင်ပါကြောင်း။     ။






အခြားဆက်စပ်သတင်းများ