နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥတုရာသီ တောကိုမှီ

ရန်ကုန်   ဇွန်   ၇ 

လူသားအားလုံးအသက်ရှင်ရပ်တည်နိုင်ရေးအတွက် ရာသီဥတုမျှတခြင်းသည် အဓိကအချက်ဖြစ်နေသည် ကို အားလုံးသိရှိပြီးဖြစ်သည်။ ရာသီဥတုဖောက်ပြန်ပျက်စီးခြင်း၏အဓိကလက်သည်သည် သစ်တောများ ပျက်စီးပြုန်းတီးခြင်းဖြစ်သည်။ ရာသီဥတုသည် တောကိုအမှီသဟဲပြုသည်ဆိုလျှင်မှားမည်မထင်ပါ။

ကမ္ဘာ့သစ်တောကြီးများ တစ်စတစ်စပြုန်းတီးလာနေသည်။ လူတို့၏ပယောဂကြောင့် အများဆုံး ဆုံးရှုံး နေရသည်။ သဘာဝဘေးအန္တရာယ် တောမီးလောင်ကျွမ်းမှုကြောင့်လည်း ဆုံးရှုံးနေရသည်။ မည်သို့ဆိုစေ သစ်တောပြုန်းတီးမှုသည် သက်ရှိများရှင်သန်ရေးတွင် ကြီးမားသောဆုံးရှုံးမှုတစ်ရပ်ဖြစ်ပေသည်။

မြန်မာနိုင်ငံသည် သစ်တောသယံဇာတပေါများကြွယ်ဝသကဲ့သို့ နေချင်စဖွယ်ကောင်းသောနိုင်ငံအဖြစ်  အသိအမှတ်ပြုခြင်းခံခဲ့ရပေသည်။ သို့သော် ကမ္ဘာ့သစ်တောကြီးများနည်းတူ မိမိတို့နိုင်ငံရှိ ဒီရေတော၊ တောင် ပေါ်တောသစ်တော၊ ရွက်ပြတ်သစ်တော၊ အမြဲစိမ်းသစ်တောများ တစ်စတစ်စယိုယွင်းပျက်စီးလာနေသည်။
မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုမှာ ယခုလက်ရှိတွင် ၂၄ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။ ယင်းကဲ့သို့ ပြုန်းတီးမှုများပြားလာခြင်းက မြန်မာနိုင်ငံ၏ဂေဟစနစ်တစ်ခုလုံး အထိန်းအကွပ်မရှိဘဲ ပျက်စီးသွားနိုင်သည်။

နိုင်ငံတော်မှ သစ်တောသယံဇာတများပြန်လည်ဖွံ့ဖြိုးလာစေရန် သစ်တောစိုက်ခင်းများကို စီမံကိန်းများ နှင့်ဆောင်ရွက်ရာတွင် ဒေသခံများဆန္ဒ၊ ဒေသခံလူနေမှုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပတ်ဝန်းကျင်လူမှုရေး ထိခိုက်မှုဆန်းစစ်ခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ စီမံကိန်းခန့်ခွဲမှုစနစ်နှင့် ဂေဟစနစ်ဆိုင်ရာဝန်ဆောင်မှုများ အကောင်အထည်ဖော်လျက်ရှိပေသည်။
မြန်မာနိုင်ငံတွင် ဇူလိုင်လကို သစ်ပင်စိုက်ပျိုးရေးလအဖြစ်သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်းသစ်ပင်စိုက်ပျိုးကြသည်။ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို ရပ်ကွက်၊ ကျေးရွာ၊ အဖွဲ့အစည်းများက နှစ်စဉ်သန်းချီသော သစ်ပင်များစိုက်ပျိုးခဲ့ကြသည်။ သစ်ပင်များစိုက်ပျိုးရာတွင် စိုက်ပြီးသစ်ပင်များရှင်သန်ဖြစ်ထွန်းရေး၊ စဉ်ဆက် မပြတ်ပြုစုစောင့်ရှောက်ရေးသည် အရေးပါသည်။

ဒေသတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သစ်တောသယံဇာတများပြန်လည်ဖွံ့ဖြိုးလာစေရန် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ သစ်တောသစ်ပင်စိမ်းလန်း စိုပြည်လာသည်နှင့်အမျှ လူသားတို့မှီခိုအားထားရာ အကျိုးပြုရာ သဘာဝပတ်ဝန်းကျင်သည်လည်း ရှင်သန်ဖွံ့ဖြိုးလာမည်ဖြစ်သည်။

ကမ္ဘာမြေ၏သဘာဝပတ်ဝန်းကျင်မထိခိုက်၊ မပျက်စီးအောင်ထိန်းသိမ်းကာကွယ်နိုင်သည့် သစ်တော     စိုက်ခင်းများမပြုန်းတီးအောင်ကာကွယ်ခြင်းဖြင့် နိုင်ငံတစ်ဝန်းစိမ်းစိုအေးမြရာသီဥတုပြောင်းလဲမှုကို ကာကွယ်စောင့်ရှောက်စေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ