နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်နှင့် ကျွန်တော် (၅)

လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်း သီရိမင်္ဂလာ ကုန်စိမ်းဈေးကြီးရှေ့မှ ကြိမ်ဖန်များစွာဖြတ်သန်း ဖြတ်လာသွားခဲ့ဖူးသည်။ မော်တော်ယာဉ်ငယ် အသုံးပြု၍လည်းကောင်း၊ ခရီးသည်ယာဉ်ဖြင့် လိုက်ပါ၍လည်းကောင်း၊ ခြေလျင်ဖြင့် လည်း ကောင်း အမျိုးမျိုးအဖုံဖုံပါ။ ဈေးကြီး၏ တောင်ဘက်တွင် ရွှေပိတောက်ငါးဈေးကြီး၊ မြောက်ဘက်တွင် ပိတောက်ချောင်းရဲစခန်း၊ ပိတောက်ချောင်း၊ အတွင်းပိုင်းတွင် ဧရာဝတီ ဘဏ်၊ Max  ရေနံထွက် ပစ္စည်းအရောင်းဆိုင်တို့ ရှိကြသည်။ ထို့ပြင် ဈေးကြီးအနောက်ဘက်တွင် လှိုင်မြစ်ကြီး တည်ရှိနေပြီး ဆိပ်ခံတံတား များလည်း တည်ဆောက်ထားရာ ရေကြောင်းမှ ကုန်စည်များစွာ ဈေးကြီးအတွင်းသို့ လည်း ကောင်း၊ ငါးဈေးအတွင်းသို့လည်းကောင်းရောက် ရှိကြသည်။ ဈေးကြီးနှင့် မျက်နှာချင်းဆိုင် ဘုရင့်နောင်လမ်း အရှေ့ဘက်ခြမ်းမှာတော့ ကမ္ဘောဇဘဏ်၊ အင်တာနေရှင်နယ်စကူးလ်တို့ ရှိကြသည်။ 


ဘုရင့်နောင်လမ်းကြီးသည် ခြောက်လမ်း သွား ကွန်ကရစ်လမ်းမကြီးဖြစ်ပြီး ကမာရွတ် မြို့နယ်၊ လှည်းတန်းလမ်း၊ ကမ်းနားလမ်း၊ နာနတ်တောလမ်းတို့ဆုံရာမှ စတင်ပြီး အင်းစိန် မြို့နယ် အောက်မင်္ဂလာဒုံလမ်းဆုံရာအထိဖြစ် သည်။ အရှည်အားဖြင့် ခြောက်မိုင်ခွဲခန့် နီးပါးရှိသည်။ လမ်းတစ်လျှောက် ကမာရွတ် မြို့နယ်၊ လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်တို့၏ အစိတ်အပိုင်းတို့ကို ဖြတ် သန်းသွားရသည်။ ဘုရင့်နောင်လမ်းမကြီး အောက်ကဖြတ်၍ ကမာရွတ်ချောင်း၊ချောင်းဝ ချောင်း၊ ပိတောက်ချောင်း၊ သမိုင်းချောင်း၊ ရိုးကြီးချောင်း၊ကသွယ်ချောင်း၊ပေါက်တောချောင်း၊ ရွာမချောင်းစသည်တို့ ဖြတ်သန်းစီးဆင်းနေကြ ပြီး အဆိုပါချောင်းသီးသီးမှ ရေများသည် ဘုရင့်နောင်လမ်းမကြီး၏ အနောက်ဘက် မလှမ်းမကမ်းတွင်ရှိသော လှိုင်မြစ်ကြီး အတွင်းသို့ စီးဝင်ခြင်းဖြစ်ပါသည်။ 


ဖော်ပြခဲ့သည့်အတိုင်း ဘုရင့်နောင် လမ်းမကြီးသည် ရန်ကုန်မြို့၏ အနောက်ဘက်ခြမ်းတွင် မြို့တော်ပတ်လမ်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် တည်ရှိနေပြီး တောင်ဘက်တွင် ဆက်စပ်လျက် ကမ်းနားလမ်း၊ မြောက်ဘက်တွင် ရန်ကုန်မြို့ အဝင် အမှတ် ၄ လမ်း၊ ပြည်လမ်းမကြီး၊ အမှတ် ၃ လမ်း (ခရေပင်လမ်းမှတစ်ဆင့်)တို့နှင့် ချိတ်ဆက်ထားသကဲ့သို့ ဧရာဝတီတိုင်းဘက်မှ ဝင်ရောက်လာသည့် မော်တော်ယာဉ်များသည် လည်း လှိုင်သာယာ ဘုရင့်နောင်တံတား၊ အောင်ဇေယျတံတား၊ ရွှေပြည်သာတံတားတို့နှင့် ချိတ်ဆက်ထားပါသည်။ သို့ဖြစ်ရာ ဘုရင့်နောင် လမ်းမကြီးတစ်လျှောက် ယာဉ်ကြီး၊ ယာဉ်ငယ် များစွာ နေ့စဉ်အသုံးပြုသွားလာနေကြသည်ကို တွေ့ကြရသည်။ ဘုရင့်နောင်လမ်းမကြီးကို ကုန် တင်ယာဉ်များ ဖြတ်သန်းအသုံးပြုနိုင်ရန် လမ်း ကြောင်းအဖြစ် ခွင့်ပြုသတ်မှတ်ထားရှိပါသည်။


သီရိမင်္ဂလာဈေးကြီးအတွင်းသို့ မြန်မာပြည် အရပ်ရပ်မှ လာရောက်ကြသော ရာသီအလိုက် ကုန်စိမ်းကားကြီးများ နေ့စဉ် ဝင်/ထွက်လျက် ရှိသည်။ များသောအားဖြင့် ညဦးပိုင်း အချိန်များနှင့် နံနက်စောစောပိုင်း အချိန်တို့တွင် အသွားအလာ များပြားပါသည်။ ရန်ကုန်မြို့နယ် အသီးသီးမှ လာရောက်ကြသော တစ်ဆင့်ဖောက်သည်ယူ လက်လီရောင်းချကြမည့် ဈေးလာဝယ်သူများ၊ ၎င်းတို့နှင့်အတူ ကုန်စိမ်းများတင်ဆောင်ရန် လိုက်ပါလာသည့် ယာဉ်ကြီး၊ ယာဉ်ငယ်များ၊ ကုန်တင်ယာဉ်၊ ဆိုက်ကားများ၊  လက်တွန်း လှည်းများ၊ ကုန်စိမ်းထမ်း အလုပ်သမားများ၊ ဈေးရောင်းသူ၊ ဈေးလာဝယ်သူ စသည်တို့ဖြင့် သီရိ မင်္ဂလာဈေးကြီးရှေ့ ဘုရင့်နောင်လမ်းကြီးသည် နံနက်အစောပိုင်းများတွင် အလွန်စည်ကား ပါသည်။ စည်ကားရုံနှင့် ရပ်မနေပါ။ရှုပ်ထွေး ပြည့်ကြပ်ပြီး လမ်းမကြီးပေါ်တွင် ကားများ သွားလာ၍မရအောင် ပိတ်ဆို့နေခြင်းမျိုးလည်း နေ့စဉ်လိုလို ဖြစ်နေပါသည်။


 ဒီကြားထဲ ခိုး၊ ဆိုး၊ နှိုက်၊ လုယက် ဒုစရိုက်မှု ကျူးလွန်လိုသူတို့ မျက်စေ့ကျစရာလည်းဖြစ် တစ်ကယ်လည်းမှုခင်း ပေါင်းစုံဖြစ်ပေါ်ခဲ့သည်။ ဈေးကြီးထဲကနေတစ်ရွက် တစ်ဗန်း စာဝယ်ယူပြီး ဈေးအဝ ဘုရင့်နောင် လမ်းဘေးမှာပဲ လက်လီရောင်းချနေသည့် စည်း ပျက်ပျံကျ ဈေးတန်းကလည်း ဖြစ်ပေါ်နေသည်။ ဒီလိုဖြစ်ပေါ် နေတာတွေကို ဖြေရှင်းပေးဖို့ ကျွန်တော့်မှာတာဝန်ရှိပါသည်။ 


ဘုရင့်နောင်လမ်းမကြီးတစ်လျှောက် ယာဉ် ကြောပိတ်ဆို့မှု မရှိရေး၊ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းကောင်းမွန်ရေး၊ လမ်းအသုံးပြုသူများ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ လိုက်နာရေးတို့ ဆောင်ရွက်ပေးရပါမည်။ သီရိ မင်္ဂလာဈေး အဝင်/ အထွက်လမ်းနှင့် ဘုရင့် နောင်လမ်းမကြီး အရှေ့ဘက် လှိုင်မြို့နယ် ရပ်ကွက်အတွင်းမှ လာသည့်လမ်း၊ ဘုရင့် နောင် လမ်းမကြီးတို့ဆုံရာနေရာတွင် ရန်ကုန် မြို့တော်စည်ပင် လမ်းတံတား အင်ဂျင်နီယာ အဖွဲ့မှ အချက်ပြမီးပွိုင့် Traffic Signal လည်း တပ်ဆင်ထားပါသည်။ 


အမှန်တော့ အချက်ပြ မီးပွိုင့် Intersection ဧရိယာများအတွင်းတွင် အချက်ပြမီးပွိုင့် မီးအနီပြ၍ ရပ်တန့်နေရသော ယာဉ်များမှအပ မည်သည့်ယာဉ်မှ မရပ်ရပါ။ ဒါက အခြေခံဥပဒေသတစ်ခုပါ။ ယာဉ်မောင်းသူများ လိုက်နာကြဖို့ လိုပါသည်။ အရှိန်ပြင်း မမောင်းရ။ သတ်မှတ်ယာဉ်ကြောများ အတွင်းမှသာ မောင်းနှင်ကြရန်။


 ယာဉ်ကြောပြောင်းပြန် မမောင်းရ၊ ယာဉ်မောင်းသူရော၊ ယာဉ်ပေါ် လိုက်ပါသူတွေရော ခါးပတ်ပတ်ထားကြရန်၊ ညာအစွန်းဘက်မှ မောင်းရန်၊ ကျော်တက်လိုက ရှေ့မှသွားနေသည့် ယာဉ်၏ ဘယ်ဘက်မှသာ အရှိန်ကြည့်၍ ဂရုတစိုက် ကျော်တက်ရန် စသည်တို့ ရှိပါသေးသည်။ 


သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို      သိရှိကြဖို့လိုပါ သည်။သိပြီးလျှင်လည်း လိုက်နာကြဖို့ လိုပါသည်။ အသိပညာပေးမှုတွေ အရေးယူကြပ်မတ်တာ တွေကတော့ စဉ်ဆက်မပြတ် လုပ်နေကြသည် သာ ဖြစ်ပါသည်။  


ဘုရင့်နောင်လမ်းဘေး ပျံကျဈေးတန်းကို လည်း မရှိအောင် ဆောင်ရွက်ပေးရပါမည်။ သီရိမင်္ဂလာဈေးကြီးကို ၂၀၁၀ ပြည့်နှစ်က စတင် ဖွင့်လှစ်ခဲ့ရာ နှစ်ပေါင်း  ၁၂ နှစ် ရှိနေပြီဖြစ်ပါသည်။ စဖွင့်ကတည်းက  တစ်နှစ်ပတ်လုံး နီးပါး  ၂၄ နာရီ နေ့စဉ်အချိန်ပြည့် ဈေးရောင်း၊ ဈေးဝယ်ဆောင်ရွက်စေခဲ့တာဖြစ်ပါသည်။ ဖွင့်ကာစက ဈေးအတွင်း တစ်နေရာတွင် ပျံကျဈေးတန်း ထားရှိပေးခဲ့သည်ကို အမှတ်ရမိသည်။ ပျံကျ ဈေးတန်း၊ ဈေးဝယ်လာသည့်  ယာဉ်ငယ်များနှင့် Taxi ယာဉ်အချို့ကို သီရိမင်္ဂလာဈေးကြီး အတွင်း သင့်တော်သည့် နေရာသတ်မှတ်ပြီး ပြောင်းရွှေ့ခြင်းများ လုပ်တန်လုပ်ရပါမည်။ အကုန်လုံး အပြည့်အဝတော့ ဆောင်ရွက် ပေးနိုင်ခြင်း မရှိတာတော့ သေချာပါသည်။ 


သီရိမင်္ဂလာဈေးကြီးရှေ့ ဘုရင့်နောင်လမ်းမ ကြီးပေါ်တွင် ဖြစ်ပျက်နေသည့် အခြေအနေ အရပ်ရပ်ကို ဖြေရှင်းရန် ဆောင်ရွက်ရပါမည်။ ဈေးကြီးနှင့် မလှမ်းမကမ်း ပိတောက်ချောင်း ကျော် ဘုရင့်နောင်လမ်း အနေအထားကို သေချာစွာလေ့လာသုံးသပ်ပြီး ဆုံးဖြတ်ချက်ချခဲ့ ပါသည်။ ပိတောက်ချောင်းတံတားမှ အုတ်ကျင်း ဘူတာရုံလမ်းအထိအပိုင်း၊ အရှေ့ဘက်တွင် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊အနောက် ဘက်တွင် စိုက်ပျိုးရေးဌာနမှ ဂေါက်သီးရိုက် လေ့ကျင့်ရေးကွင်း (Driving Range) တွေရှိ သည်။ ဌာနဆိုင်ရာဝင်းများ ဖြစ်ကြသည်။ လမ်းနယ်မှာလည်း အကျယ်ကြီးရှိသည်။ ဘုရင့် နောင်လမ်းမကြီးမှာ ယခင်က ကျောက်ခင်း ကတ္တရာလမ်းပေါ် ကတ္တရာကွန်ကရစ်လမ်းသား တင်ထားသည့်လမ်း အခြေအနေပါ။ ယခုအခါ လမ်းမျက်နှာပြင် ပျက်စီးမှုများကြောင့် ကွန်ကရစ် ထပ်ပိုးလွှာ ခင်းထားသည့်ခြောက်လမ်းသွား ကွန်ကရစ်လမ်းမကြီး ဖြစ်နေပါပြီ။ 


သို့ရာတွင် လမ်းအရှေ့ဘက်ခြမ်းမှာရော၊ လမ်းအနောက်ဘက်ခြမ်းမှာပါ ချုံနွယ်ပိတ် ပေါင်းတွေ၊ စွန့်ပစ်မြေကြီးများ ပုံထား၍ တောင်တန်းငယ်လို ဖြစ်နေတာတွေ၊ အမှိုက် သရိုက်တွေရှိနေကြပြီး၊ မြို့ပြလမ်းအင်္ဂါရပ် နှင့် လုံးဝမညီညွတ်တာ တွေ့ရပါသည်။ ဘုရင့်နောင်လမ်းမကြီးတစ်လျှောက် ပိတောက် ချောင်းတံတားနှင့် အုတ်ကျင်းဘူတာရုံ လမ်းကြားအပိုင်း သန့်ရှင်းသာယာသပ်ရပ် ရေးကို ဦးစွာအကောင်အထည်ဖော် ဆောင်ရွက် စေပါသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၏ စုပေါင်းအားများ ဖြစ်ကြသည့် သန့်ရှင်းရေး၊ ပန်းဥယျာဉ်၊ လမ်းတံတား၊ ရေစီးရေလာဌာနတို့ အားလုံး ကိုဆောင်ရွက်စေခဲ့ပါသည်။ ဈေးဌာနတို့ စီမံ ရေးရာဌာနတို့လည်း အပါအဝင်ပါ။ ပြီးလျှင် ရေစီးရေလာ အင်ဂျင်နီယာဌာနတို့ လမ်းဘေးဝဲ/ယာရေမြောင်းများ တူးဖော်ရေး၊ ရေစီးရေလာ ကောင်းမွန်ရေး၊ ပိတောက်ချောင်းရှင်းလင်းရေး၊ ကျောက်စီနံရံများ တည်ဆောက်ရေးတို့ကို တာဝန် ပေး။ လမ်းတံတား အင်ဂျင်နီယာဌာနကို ဘုရင့်နောင် လမ်းမကြီးအား ကွန်ကရစ်လမ်း သားတိုးချဲ့ခြင်းတို့ကို လမ်းအရှေ့ဘက်ခြမ်း ပိတောက်ချောင်း တံတားအလွန် ကွန်ကရစ် လမ်းသား တိုးချဲ့ခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်စေခြင်း၊ ဝဲ/ယာအတွင်းဘက်တွင် လူသွားလမ်းများအဖြစ်နှစ်မျိုးအသုံးပြုရသည့် စက်ဘီးသွားလမ်း (Bike Lane) ကွန်ကရစ်ခင်း ဆောင်ရွက်စေခြင်းတို့ကို တာဝန်ပေး။ ပန်းဥယျာဉ်ဌာနကို လမ်းဘေး ဝဲ/ယာ အရိပ်ရပင် ပန်းပင်များ စိုက်ပျိုးစေခြင်း တို့ကိုတာဝန်ပေး။ ထို့သို့ အသီးသီး အသက  ဆောင်ရွက်စေခဲ့ပါသည်။ ဤကဲ့သို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လိုက်ခြင်း အားဖြင့် ဘုရင့်နောင်လမ်းမကြီး၊ သီရိမင်္ဂလာ ဈေး၊ ပိတောက်ချောင်းတံတားနှင့် အုတ်ကျင်း ဘူတာရုံလမ်းကြားတွင် လမ်းမကြီး ဝဲ/ယာ အသုံး ပြုနိုင်သော ၂၆၇၅ ပေ အရှည်ရှိလူသွား စင်္ကြံ စက်ဘီးလမ်း (Pedestrian with Bike Lane)ပေါ်လာပါတော့သည်။

                                           

သီရိမင်္ဂလာဈေးနှင့် ဆက်သွယ်ပတ်သက် သော ယာဉ်ကြီး၊ ယာဉ်ငယ်များ City Taxi ယာဉ် များ ခေတ္တယာယီရပ်နားနိုင်သည့်နေရာ၊ ဝဲ/ယာ သစ်ပင်၊ ပန်းမန်တို့ဖြင့် မြင်ကွင်းပသာဒဖြစ်ပေါ် နေသည့်နေရာအဖြစ် ရုပ်လုံးပေါ်လာပြီဖြစ်ပါ သည်။ ပိတောက်ချောင်းရဲစခန်း မြောက်ဘက် ပိတောက်ချောင်းကိုလည်း ကျောက်စီနံရံဖြင့် တည်ဆောက်ပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။ 


သီရိမင်္ဂလာဈေးကြီးရှေ့ ဘုရင့်နောင်လမ်း ပေါ်မှာ ယာဉ်များပိတ်ဆို့ရပ်နားခြင်း မပြုလုပ် ကြတော့ဘဲ အသစ်ပြုလုပ်ပေးလိုက်သည့် ယာဉ်ရပ်နားနေရာများတွင် သွားရောက်ပြီး မိမိတို့ ဆောင်ရွက်ဖွယ် အမှုကိစ္စများကိုဆောင် ရွက်စေချင်ပါသည်။ ပိတောက်ချောင်းတံတား အလွန်၊ ဘုရင့်နောင်လမ်းမကြီးဘေး ယာဉ်ရပ် နေရာတွင် နောင်အခါ အမှိုက်ပုံးများလည်း ချထားပေးပါမည်။ အများသုံးအိမ်သာ Public Toilet လည်း တည်ဆောက်ပေးသွားမည် ဦးမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ 

ရန်ကုန်မြို့တော်သူ၊ မြို့တော်သားအားလုံးကျန်းမာ ချမ်းသာကြပါစေ။






အခြားဆက်စပ်သတင်းများ