နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်နှင့် ကျွန်တော် (၄)

မင်းဓမ္မလမ်း


မင်းဓမ္မလမ်းသည် အင်းစိန်စော်ဘွားကြီး ကုန်း ပြည်လမ်းနှင့်လမ်းသစ်လမ်းဆုံရာ၊ မြောက်ဘက် မှ အစပြုပြီး တောင်ဘက် လှိုင်မြို့နယ်၊ လှိုင် တက္ကသိုလ်နယ်မြေ ပါရမီလမ်းအထိ တစ်ဆက် တစ်စပ်တည်း ဖောက်လုပ်ထားသော လမ်းဖြစ် ပါသည်။ ခြောက်လမ်းသွား ကွန်ကရစ်လမ်းမကြီး ဖြစ်ပြီး လမ်းအရှည် စုစုပေါင်းမှာ သုံးမိုင်ကျော် ခန့်ဖြစ်သည်။


လမ်းတစ်လျှောက် အရှေ့ကြို့ကုန်းလမ်း၊ တော်ဝင်လမ်း၊ အောင်သိဒ္ဓိလမ်း၊ ကျိုက်ဝိုင်းဘုရား လမ်းတို့ကို ဖြတ်သန်းသွားရသည်။ အင်းစိန် မြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် လှိုင်မြို့နယ်တို့ ၏ နယ်မြေအစိတ်အပိုင်းအချို့ကို ဖြတ်သန်း သွား ရသည်။ မင်းဓမ္မလမ်းအောက်တွင် အောင်သိဒ္ဓိ ချောင်း၊ ဆည်မြောင်းချောင်း၊ သမိုင်းချောင်းတို့ ဖြတ်သန်းစီးဆင်းလျက်ရှိပါသည်။ 


ဤမင်းဓမ္မလမ်းကြီးကို ကျွန်တော် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင် နီယာဌာန (လမ်းနှင့်တံတား) တာဝန်ယူခဲ့စဉ် က ဦးစီးဦးဆောင်ပြုလုပ်ပြီး ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ပြည်လမ်းနှင့် အင်းစိန်လမ်းတို့ အကြား ယင်းလမ်းတို့နှင့်အပြိုင်၊ တောင်မြောက် ထွက်ပေါ်လာသည့် လမ်းသစ်တစ်ခုဖြစ်ပါသည်။ 


မင်းဓမ္မလမ်း အကြောင်းပြုပြီး နိုင်ငံတော် အကြီးအကဲနှင့် သုံးကြိမ်တိုင်တိုင် တွေ့ဆုံ လမ်းညွှန် မှာကြားမှုခံယူခဲ့ရသည်ကို သတိရမိ သည်။ ပထမဆုံးအကြိမ်တွင် ယခုလမ်းသစ် ဖောက်လုပ်ရေးနှင့် ပတ်သက်ပြီး ပြည်လမ်းမ ကြီးနှင့် ပါရမီလမ်း ဆက်သွယ်ဖို့ဖြစ်ကြောင်း၊ လုပ်ငန်းအမြန် အကောင်အထည်ဖော်ဆောင်ရွက် ကြရန်ဖြစ်ကြောင်း မှာကြားခြင်းဖြစ်ပါသည်။


ထိုစဉ်အခါက ရန်ကုန်မြို့တော်ဝန် ဦးကိုလေးနှင့်အတူ လမ်းညွှန်မှုခံယူခြင်းဖြစ်ပါ သည်။ ညွှန်ကြားချက်ရယူပြီးသည်နှင့် တစ်ပြိုင် နက်၊ နောက်တစ်နေ့မှ စတင်ကာ ကျွန်တော် လည်း လမ်းသစ်ဖောက်လုပ်ရေးကို အကောင် အထည်ဖော်ပါတော့သည်။   ပါရမီလမ်းနှင့်       ကျိုက်ဝိုင်းဘုရားလမ်းကြားအပိုင်းကို အင်ဂျင် နီယာအရာရှိတစ်ဦး၊ ဦးစီးတစ်ဖွဲ့၊ ကျိုက်ဝိုင်း ဘုရားလမ်းနှင့် တော်ဝင်လမ်းကြားအပိုင်းကို အင်ဂျင်နီယာ အရာရှိတစ်ဦး၊ ဦးစီးတစ်ဖွဲ့၊ တော်ဝင်လမ်းနှင့် ပြည်လမ်းကြားအပိုင်းကို အင်ဂျင်နီယာအရာရှိ တစ်ဦး၊ ဦးစီးတစ်ဖွဲ့ဟူ၍ အပိုင်းလိုက် ခွဲခြားပြီး စက်ယာဉ်ယန္တရား၊ လုပ်သားအင်အား ပြည့်ပြည့်စုံစုံ ဖွဲ့စည်းပြီး အင်တိုက်အားတိုက် လမ်းသစ်ကြီး ဖောက်လုပ် ခြင်းလုပ်ငန်းကို ဆောင်ရွက်ကြပါသည်။ 


လမ်းသစ်ဖောက်လုပ်ခြင်းမှာ ပြည်လမ်းထိပ် တွင် ဆယ်မိုင်ကုန်းနှင့် စော်ဘွားကြီးကုန်းကြား၊ တပ်အိမ်ထောင်သည်လိုင်း အရှေ့ဘက်၊ မင်းဓမ္မ တောင်ကုန်းကြီး၏ အရှေ့ဘက်ခြမ်းကို ကနဦး ဆောင်ရွက်နေကြခြင်းဖြစ်ပါသည်။ မြေသားလမ်း ကျဉ်းလေး မညီမညာ အနေအထား၊ ချိုင့်ခွက် များ၊ လူသွားလမ်း အုတ်ခဲကျိုးခင်းထားသည့် အနေအထားဖြစ်ပါသည်။


လုပ်ငန်းစတင်၍ တစ်ပတ်ခန့်အကြာ၊ ပြည်လမ်းထိပ်တွင် ကျွန်တော်တို့အဖွဲ့ စုစည်း ရောက်ရှိနေချိန်၊ နိုင်ငံတော်အကြီးအကဲယာဉ်တန်း ပြည်လမ်းအတိုင်း ဖြတ်သန်းမောင်းနှင်သွားပါ သည်။ မှော်ဘီဘက်သို့သွားကြောင်း သိရပါ သည်။ မကြာပါ။ မြို့တော်ဝန်နှင့် လမ်းတံတား ဌာနမှူးတို့ ပြည်လမ်း၊ စော်ဘွားကြီးကုန်းနှင့် လမ်းသစ်လမ်း ဆုံရာနေရာမှ စောင့်ဆိုင်းနေကြ ဖို့ မှော်ဘီအပြန်တွေ့မည်ဖြစ်ကြောင်း သတင်း ရောက်လာပါသည်။


ကျွန်တော်နှင့် ရန်ကုန်မြို့တော်ဝန် ဦးကိုလေး တို့ နှစ်ဦးသား စောင့်ဆိုင်းနေရာ နိုင်ငံတော် အကြီးအကဲ မှော်ဘီကအပြန် ရောက်ရှိလာပြီး “မင်းတို့လမ်းဖောက်တာ မှားနေပြီ၊ ငါခိုင်းတာ က အဲဒီအတိုင်း ဖောက်ခိုင်းတာ”ဟု ပြောကာ ပြည်လမ်း၊ စော်ဘွားကြီးကုန်းနှင့် လမ်းသစ်လမ်း ဆုံရာမှ တည့်တည့် မင်းဓမ္မကုန်းရှိရာဘက်ကို လက်ညှိုးထိုးပြသည်။ နာမည်ကျော် သမိုင်းဝင် မင်းဓမ္မတောင်ကုန်း အနောက်ဘက်တောင်ကြော ကြီးကို ဖြတ်သန်းဖောက်လုပ်ခိုင်းခြင်းဖြစ်ပါ သည်။ ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့်လည်း  တစ်ဆက်တစ်စပ်တည်း ဖြစ်နေရာ ဘုန်းကြီး ကျောင်းတည်ရာနှင့် မင်းဓမ္မတောင်ကုန်းကြား တောင်ကြားလမ်းသဖွယ် ဖြတ်ထုတ်ဆောင်ရွက် ရန် ဖြစ်ပါသည်။


ကျွန်တော်တို့ လုပ်ငန်းဆောင်ရွက်နေသည့် နေရာအနီးဝန်းကျင်တွင် ကုန်းတွေများစွာရှိပါ သည်။ နံ့သာကုန်း၊ စော်ဘွားကြီးကုန်း၊ ဦးစက္ကိန် ကုန်း၊ မင်းဓမ္မကုန်း၊ ကြို့ကုန်း စသည်တို့ဖြစ်ပါ သည်။ လုပ်ငန်းဆောင်ရွက်ရန်အတွက် မင်းဓမ္မ တောင်ကုန်းပေါ်သို့ တက်ရောက်ပြီး အကြို လေ့လာ တိုင်းတာမှုတွေ၊ တွေ့ဆုံမှုတွေပြုလုပ် ရပါသည်။ ဆရာ ဦးရှိန်အောင်ဗိုလ်တို့ အဖွဲ့ကို တွေ့ဆုံစကားပြောခွင့်ရခဲ့ပါသည်။ ဆရာ ဦးရှိန် အောင်ဗိုလ်၏အကူအညီဖြင့် မင်းဓမ္မတောင်ကုန်း အနောက်ဘက် တစ်ဆက်တစ်စပ်တည်းရှိသော ဘုန်းတော်ကြီးကျောင်း ဆရာတော်ကြီးအား ကောင်းမွန်စွာ လျှောက်ထားပြီးလမ်းဖောက်လုပ်ခြင်း ဘူဒိုဇာ မြေထိုးခြင်း လုပ်ငန်းကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ မင်းဓမ္မ ဘုရား ကုန်းတော်ကိုလည်း ကန်တော့ပွဲစုံညီ ပူဇော်ပသပြီး လမ်းလုပ်ငန်းကြီး အောင်မြင် ချောမွေ့စွာ ပြီးမြောက်နိုင်ရေးအတွက် ဆိုင်ရာ ဆိုင်ရာများမှ ကူညီကာ ချောမွေ့စွာပြီးမြောက် နိုင်ရေးအတွက် ကူညီစောင့်ရှောက်ကြပါရန် လည်း ဆုတောင်းမေတ္တာပို့ခြင်း အမှုလုပ်ခဲ့ကြ ပါသည်။ 


လမ်းဖောက်လုပ်ရေး စီမံကိန်းလုပ်ငန်းခွင် ရုံးကို တော်ဝင်လမ်းထိပ် တည့်တည့်၊ လမ်းကြီး ၏ အနောက်ဘက်ခြမ်းတွင်ထားရှိပြီး လမ်း လုပ်ငန်းပြီးစီးရေးအတွက် အချိန်နှင့်တစ်ပြေးညီ ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။ 


တာဝန်ရှိသူ အင်ဂျင်နီယာများအားလုံး၊ လမ်းလုပ်သားများ၊ ယာဉ်စက်ယန္တရားမောင်းသူများ အပါအဝင် အားလုံးအထူးကြိုးစား ဆောင်ရွက်ခဲ့ကြရာ၊ တဖြည်းဖြည်းနှင့် လမ်းမကြီးမှာ ပုံပေါ်လာပြီး အချောသပ်လုပ်ငန်းများ ဆောင်ရွက်ရန် အနေ အထားသာ ကျန်ရှိတော့သည့် အခြေအနေသို့ ရောက်ရှိလာပါသည်။ တစ်ရက်တွင် လုပ်ငန်းခွင် ရုံး ရှင်းလင်းဆောင်သို့ နိုင်ငံတော်အကြီးအကဲ ရောက်ရှိလာပါတော့သည်။ လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအနေအထားကို နိုင်ငံတော်အကြီးအကဲ အား ရှင်းလင်းတင်ပြခဲ့ရာ ကျေနပ်နှစ်သက်အားရ သည့် အမူအရာ တွေ့မြင်ရပါသည်။


ကျွန်တော်က လမ်းသစ်ကြီး မကြာမီ အလုံးစုံ ပြီးစီးတော့မည်ဖြစ်သဖြင့် လမ်းသစ်ဖွင့်ပွဲ အခမ်း အနားကိုလည်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီအနေဖြင့် ဆောင်ရွက်ခွင့်ပြုရန် တင်ပြခဲ့ပါသည်။ ထို့ပြင် လမ်းသစ်ကြီးအား အမည်နာမပေးပါရန် တင်ပြရာ နိုင်ငံတော် အကြီးအကဲက စဉ်းစားထားတာ ရှိသလားဟု ပြန်လည်မေးမြန်းရာ ကျွန်တော်က ရှိပါကြောင်း၊ မင်းဓမ္မတောင်ကုန်းအနီး ဖြတ်သန်းဖောက်လုပ် ခဲ့ခြင်းဖြစ်သဖြင့် “မင်းဓမ္မလမ်း” ဟု ခေါ်ဝေါ် သတ်မှတ်စေချင်ပါကြောင်း တင်ပြခဲ့ပါသည်။


နိုင်ငံတော်အကြီးအကဲက “မင်းက ဓားမကြီး နဲ့ဆိုတော့” ဟူ၍ ခပ်ပြုံးပြုံးဖြင့် ထောက်ပြ ပြောဆိုလာရာ ကျွန်တော်က “မဟုတ်ပါခင်ဗျာ၊ တရားရှိသော မင်း၊ တရားအကျင့်နဲ့ ကျင့်ကြံ လုပ်ကိုင် ဆောင်ရွက်သော မင်း၊ မင်းဓမ္မပါ ခင်ဗျာ” ဟု ပြန်လည်ရှင်းလင်း တင်ပြခဲ့ရာ ကျွန်တော်တို့ ဖောက်လုပ်ခဲ့သော လမ်းသစ်ကြီး အား နိုင်ငံတော်အကြီးအကဲက ချက်ချင်း “မင်းဓမ္မလမ်း” ဟု ဆုံးဖြတ်ချက်ချ ခွင့်ပြုပေး လိုက်ပါသည်။ ဤသည်မှာ တတိယအကြိမ် တွေ့ဆုံလမ်းညွှန်မှာကြားမှု ခံယူခဲ့ရမှု ဖြစ်ပါ သည်။ သည်နောက်မှာတော့ ကျွန်တော်တို့ ဖောက်လုပ်ခဲ့သည့် အရှည် သုံးမိုင်ကျော်၊ ၁၆၅၉၀ ပေရှိသော မင်းဓမ္မလမ်းသစ်ကြီးကို ၅၂ နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ၁၉၉၇ ခုနှစ် မတ်လ ၂၆ ရက်တွင် ဖွင့်လှစ်ခဲ့ပါသည်။


ဇင်ဇီယာလမ်း

နောက်နှစ်အတန်ကြာမှာတော့ မင်းဓမ္မလမ်း တစ်လျှောက် ဝဲ/ယာလူနေ အဆောက်အအုံ အသစ်တွေ၊ စီးပွားရေး အဆောက်အအုံတွေ၊ ရုံးခန်း၊ ဆိုင်ခန်းတွေ အလျှိုအလျှို ပေါ်ထွက် လာသည်ကို တွေ့မြင်ရပါသည်။ 


ပို၍ ကြည်နူး ဖွယ်ရာ ရှိရသည်မှာ၊ ယခု မင်းဓမ္မတောင်ကုန်း ပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသော လောကချမ်းသာ အဘယလာဘ မုနိရုပ်ပွားတော် မြတ်ကြီး (ကျောက်တော်ကြီးဘုရား) အား၊ တောင်ကုန်းအနောက်ဘက် မင်းဓမ္မလမ်းပေါ် မှနေ၍ တောင်ပေါ်သို့ ပင့်ဆောင်ပူဇော်ခွင့်ရခဲ့ ခြင်းပါ။ မင်းဓမ္မလမ်းသာ မရှိလျှင် စကျင် ကျောက်သား ရုပ်ပွားတော်ကြီးအား တောင်ပေါ် သို့ ပင့်ဆောင်ရန် အခက်အခဲ ရှိပါလိမ့်မည်။ ယခုတော့ အနောက်ကြို့ကုန်းလမ်း၊ အရှေ့ ကြို့ကုန်းလမ်းတို့မှတစ်ဆင့် မင်းဓမ္မလမ်းအထိ သယ်ယူပင့်ဆောင်ကာ မင်းဓမ္မလမ်းပေါ်အရောက် ရပ်နားပြီး တောင်ပေါ်သို့ ဆက်လက်ပင့်ဆောင် ပူဇော်နိုင်ခဲ့ခြင်းဖြစ်ပါသည်။


ကျွန်တော် ၂၀၁၅ ခုနှစ် ဧပြီလတွင်             ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အငြိမ်းစားရယူခဲ့ရာ ယခုတစ်ကျော့ ပြန်လည် တာဝန်ထမ်းဆောင်ရခြင်းဖြစ်ပါသည်။ မင်းဓမ္မ လမ်းကြီးအတိုင်း ပါရမီလမ်းမှစ၍ ယာဉ်မောင်း လာခဲ့ရာ တော်ဝင်လမ်းဆုံကျော်သည်နှင့် မင်းဓမ္မ ဘုရားတောင်ကုန်းကြီး၏ အရှေ့ဘက်၊ ကျွန်တော် တို့ပြီးစီးအောင် မဆောင်ရွက်လိုက်ရသော လမ်း ကျဉ်းလေးပေါ်တွင် စိတ်မချမ်းမြေ့ဖွယ်ရာ မြင်ကွင်း ကို တွေ့ရပါသည်။


ဘာသာ၊ သာသနာနယ်မြေနှင့် မအပ်စပ်ဘဲ ကျူးကျော်နေထိုင်ကြသည့် လူနေအိမ်နှင့် တဲငယ်ပေါင်း သုံးရာကျော်နီးပါးခန့် ပြွတ်သိပ် နေကြသည့် မြင်ကွင်းပါ။ လမ်းနယ်ပေါ်မှာ တရားမဝင် ကျူးကျော်နေထိုင်ကြသည့်အတွက် အားလုံးဖျက်သိမ်းပြောင်းရွှေ့ရန် တရားဥပဒေ နှင့်အညီ ကြိုတင်သတိပေးစာပေးပို့ခြင်း၊ ထပ်မံ ၍ ရှင်းလင်းဖယ်ရှားပေးကြပါရန် အသိပေး အကြောင်းကြားခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။


ကျူးကျော်တဲများအားလုံး ဖျက်သိမ်း ရွှေ့ပြောင်းကြပြီးသည့် နောက်မှာတော့ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၏ စုပေါင်း အားများဖြင့် မင်းဓမ္မဘုရား တောင်ကုန်းကြီး ၏ အရှေ့ဘက်အခြမ်း၊ လမ်းအပိုင်းကို သန့်ရှင်း သာယာသပ်ရပ်ရေး လုပ်ငန်းများ ဆောင်ရွက် စေခဲ့ပါသည်။


အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)၊ ပန်း ဥယျာဉ်နှင့် အားကစားကွင်းများဌာန၊ အင်ဂျင် နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)၊ မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန တို့က အင်အားများစွာ၊ ယာဉ်ယန္တရားများပါ အသုံးပြုခဲ့ရပါသည်။ မဆောင်ရွက်ခဲ့ရသည့် လမ်းကျဉ်းလေးကို နှစ်လမ်းသွား ကွန်ကရစ် လမ်းအဖြစ် အရှည် ၂၈၀၀ ပေ၊ အကျယ် ၂၄ ပေ၊ ထု ၉ လက်မ ကွန်ကရစ် ခင်းကျင်းပြီးစီးအောင် အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပါသည်။


မင်းဓမ္မ ဘုရားတောင်ကုန်းပတ်လည်အရှေ့၊ အနောက်၊ တောင်၊ မြောက် စိတ်ချမ်းမြေ့ ကြည်နူးဖွယ်ရာ ဖြစ်လာပါပြီ။ ကြွေးတင်နေတာ တစ်ခု ဆပ်လိုက်နိုင်တာပဲ ဖြစ်ပါသည်။ မင်းဓမ္မ ဘုရားတောင်ကုန်း အရှေ့ဘက် ကွန်ကရစ်လမ်း သစ် ဖြစ်သွားသော လမ်းအမည်က “ဇင်ဇီယာ လမ်း” ။      ။






အခြားဆက်စပ်သတင်းများ