နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသက်ရှည်အနာမဲ့ရေး၊ လိုက်နာဆောင်ရွက်ပေး

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည်။ ကျန်းမာခြင်း ဆိုရာတွင် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ကျန်းမာခြင်း နှစ်မျိုး ရှိ၏။ ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမည်ဖြစ်သကဲ့သို့ စိတ်ချမ်းသာ မှ ကိုယ်ကျန်းမာမည်ဖြစ်၏။ 


လူ၏ ကျန်းမာရေးတွင် စိတ်ချမ်းသာပါလျှင် ကိုယ်လည်း လန်းဆန်း၍ အရာရာအဆင်ပြေနိုင်၏။ လုပ်ငန်းခွင်တွင် ပြည့်ပြည့် ဝဝ လုပ်ဆောင်နိုင်ပြီး လုပ်ငန်းခွင်ပြီးဆုံးချိန်တွင် စိတ်လက် ပေါ့ပါးစွာ အနားယူနိုင်ကြ၏။ အနားယူသဖြင့်လည်း ကိုယ်လက် လန်းဆန်းကာ အင်အားပြန်လည်ပြည့်ဖြိုးပြီးနောက် တစ်ရက် အတွက် အင်အားသစ်ကိုတိုးစေ၏။ 


လူတိုင်း အောင်မြင်မှုရလိုကြ၏။ လန်းဆန်းတက်ကြွစွာ နေလိုကြ၏။ သို့သော် ဘဝကို ရုန်းကန်ထူထောင်နေရဆဲတွင် နှစ်ရှည်ကြာမြင့်လာသည်နှင့်အမျှ တိုးလာနေသည်မှာ အလုပ်များ ဖြစ်ပြီး ဆုတ်ယုတ်လာသည်မှာ အိုမင်းခြင်းနှင့် ကျန်းမာရေး ဖြစ်လာ၏။ 


လူတစ်ဦးတစ်ယောက် ရောဂါဖြစ်ရခြင်းအကြောင်းအရင်းကို ဆန်းစစ်သော် အစားအသောက်ကြောင့် ရောဂါဖြစ်ရခြင်း၊ ကူးစက် ရောဂါများကြောင့် ရောဂါဖြစ်ရခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းရခြင်းကြောင့် ရောဂါဖြစ်ရခြင်းဟူ၍ အချက် သုံးချက်တွေ့လာ ရသည်။ တစ်နည်းအားဖြင့် ဓာတ်ကြီးလေးပါးချွတ်ယွင်းမှု ကြောင့် ဖြစ်၏။ 


ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်၍ ကျန်းမာရေးဦးစားပေးကြ ရမည်ဖြစ်သည်။ ကျန်းမာရေးအတွက် အချိန်ကာလကန့်သတ်ချက် ကို အတိအကျလိုက်နာမှသာ လုပ်ငန်းလည်းအောင်မြင်၏။ အနားယူမှုလည်း ရစေ၏။ မှန်မှန်အိပ်၊ မှန်မှန်စား၊ ကိုယ်လက် လှုပ်ရှား ပုံမှန်ပြုလုပ်ခြင်းကိုလည်း ဆောင်ရွက်ပေးသင့်ပေ၏။ 


ယနေ့နိုင်ငံအတွင်း ကူးစက်မှုဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ကျန်းမာရေးဝန်ကြီး ဌာနသည် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicrom (အိုမီခရွန်)နှင့် ပတ်သက်၍  ရောဂါဖြစ်ပွားမှုများကို မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုကာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်ခြင်း၊ အသွားအလာကန့်သတ် ၍ သီးခြားခွဲထားရှိရန် နေရာများ၊ ကုသရေးစင်တာများ၊ အောက်ဆီဂျင်အပါအဝင် ဆေးနှင့် ဆေးပစ္စည်းများ ကြိုတင် ပြင်ဆင်ခြင်း၊  နှီးနွှယ်ဝန်ကြီးဌာနများ၊  ဒေသအာဏာပိုင် အဖွဲ့အစည်းများ၊  အလှူရှင်များ၊  စေတနာ့ဝန်ထမ်းများ နှင့်         ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို ဘက်ပေါင်းစုံ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။


ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် ကာကွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအခြေခံ စည်းမျဉ်းများကို တိကျစွာ လိုက်နာရေးသည် အရေးပါသော လုပ်ဆောင်ချက်ဖြစ်သည်။


အလုပ်သည် အရေးကြီးသကဲ့သို့ ကျန်းမာရေးကလည်း များစွာအရေးပါသဖြင့် မမေ့မလျော့သတိပြု ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။






အခြားဆက်စပ်သတင်းများ