ယနေ့ကာလ၌ ရပ်ရွာများတွင် လူမှုရေး၊ ဘာသာရေးလုပ်ငန်း များ ပိုမိုလုပ်ဆောင်လာကြသည်ကို တွေ့ရသည်။ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ရပ်သူရွာသားများ ချစ်ခင်ရင်းနှီးမှု၊ မိမိရပ်ရွာ ဖွံ့ဖြိုးတိုးတက်မှုကို တိုးပွားစေသည်။
တစ်ဦးနှင့် တစ်ဦး အချင်းချင်းကြား ရိုင်းပင်းကူညီ၊ ဖေးဖေးမမ နှင့် နွေးထွေးမှုပေးတတ်ခြင်းသည် လူမှုနယ်ပယ်၏ လူသားပီသမှု လက္ခဏာတစ်ခု ဖြစ်သည်။ ဤအမူအကျင့်ကောင်းမျိုး လူတိုင်း တွင် မရှိနိုင်ပေ။
မိမိတို့နိုင်ငံတွင် လူတစ်ဦး လူတစ်စုမှသည် အဖွဲ့အစည်းတစ်ခု စသဖြင့် တူရာတူရာစုစည်းကာ ကူညီပံ့ပိုး၍ လောကအကျိုး သယ်ပိုးနေကြသူများ အဖွဲ့အစည်းများ အများအပြားရှိနေသည်။ မြန်မာနိုင်ငံသည် ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုအစဉ်အလာ ကောင်းများ ထွန်းကားသောနိုင်ငံဖြစ်သည်။
နာရေး၊ သာရေး၊ လူမှုရေးလုပ်ငန်းများတွင် မေတ္တာကိုအခြေခံ သည့် ဘာသာရေးအဆုံးအမများအောက်မှ မြန်မာ့လူ့အဖွဲ့အစည်း ၏ ရိုင်းပင်းကူညီမှုစိတ်ဓာတ်ကောင်းများပင် ဖြစ်သည်။ သို့သော် လည်း ယနေ့အခြေအနေတွင် အမျိုးဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုဓလေ့စရိုက်များကို ဖျက်စီးမှုများရှိလာသည်။ ဘာသာ၊ သာသနာ ယဉ်ကျေးမှုသည် နိုင်ငံနှင့် လူမျိုးအတွက် အသက် သွေးကြောသဖွယ် အရေးကြီးပြီး မြန်မာတို့၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တကို ထိန်းကျောင်းပေးသည်။
မိမိတို့ရပ်ရွာအတွင်း သာရေး၊ နာရေး၊ ရာသီပွဲများ၊ လူမှုရေး နှင့် အားကစားပွဲများတွင် အမှုကိစ္စအဝဝတို့ကို စုပေါင်းညီညာ ပါဝင်လုပ်ဆောင်ရာတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်း သည် အစဉ်အလာကြီးမားသည့် မြန်မာတို့၏ ပင်ကိုစိတ်ရင်း ဓလေ့စရိုက်ပင်ဖြစ်သည်။
ရပ်ရွာများအတွင်း လောကဓမ္မနှစ်ဌာန အကျိုးပြီးသော၊ ဘာသာ၊ သာသနာ ရပ်ရွာအကျိုးများကို ရပ်သူရွာသားတို့ စွမ်းပကားဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် လူသားအချင်းချင်း မေတ္တာတရားပွားများ စိတ်များတိုးပွားကာ၊ အဓမ္မလမ်းစဉ်များ ချုပ်ငြိမ်းရေးအတွက် အထောက်အပံ့ဖြစ် စေသည့် ဆောင်ရွက်ချက်များပင် ဖြစ်ပါကြောင်း။ ။