နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူမှုစီးပွားမြှင့်တင်ဖော်ဆောင်

ရန်ကုန်   ဇွန်  ၄


မြန်မာနိုင်ငံတွင် သမဝါယမစနစ်ကို ၁၉ ရာစုနှစ်အစဦးပိုင်း၌ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့မှ စတင်ခဲ့ ပေသည်။ နှစ်ပေါင်း ၁၀၀ ကျော် ပြည်သူလူထု၏အကျိုးကို တတ်စွမ်းသမျှ သမဝါယမစနစ်ဖြင့်ဆောင်ရွက်ခဲ့သည်။


သမဝါယမစနစ်၏အနှစ်သာရမှာ ကိုယ့်အားကိုယ်ကိုးခြင်း၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်း၊ အများဆန္ဒ နှင့်အညီစီမံခန့်ခွဲခြင်း၊ တန်းတူညီမျှမှုရှိခြင်း၊ တရားမျှတခြင်း၊ စည်းလုံးညီညွှတ်ခြင်းတို့ဖြစ်သည်။


လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးထုတ်လုပ်ရာတွင် ခေတ်မီနည်းစနစ်ပြောင်းလဲခြင်း၊ ဈေးကွက်တင်ပို့ရောင်းချခြင်းအဆင့်အထိ အချိတ်အဆက် မိမိဆောင်ရွက်ရာတွင် သမဝါယမအသင်းများ ဖွဲ့စည်း‌ဆောင်ရွက်လျက်ရှိသည်။


ယနေ့ကာလတွင် တောင်သူလယ်သမားများ၏ စိုက်ပျိုးသီးနှံများ ပြည်တွင်းဈေးကွက်အတွင်းသို့ တင်ပို့ ရောင်းချရာတွင် ကြုံတွေ့နေရသည့်အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် သမဝါယမကဏ္ဍမှ ကူညီဆောင်ရွက်ပေးမည့်အစီအစဉ်များ ဖော်ဆောင်လျက်ရှိသည်။


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး၊  ပြည်နယ်သမဝါယမအသင်းစုချုပ်များနှင့် ညှိနှိုင်းပြီး ပို့ဆောင်ရောင်းချခြင်းလုပ်ငန်းများကို အစွမ်းကုန်ကူညီ ဆောင်ရွက်ပေးမည်ဖြစ်သည်။


ယင်းသို့ဆောင်ရွက်ရာတွင် သမဝါယမ၏ မူတစ်ရပ်ဖြစ်သော No Profit, No Loss ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ရာ တောင်သူလယ်သမားများအနေဖြင့် မိမိတို့၏စိုက်ပျိုးထုတ်ကုန်များရောင်းချလိုပါက တိုင်းဒေသကြီး၊ ပြည်နယ်သမဝါယမဦးစီးဌာနများနှင့် အသင်းစုချုပ်များ၊ သမဝါယမဦးစီးဌာန(ရုံးချုပ်)သို့ ဆက်သွယ်အကူအညီရယူနိုင်ကြောင်း သက်ဆိုင်ရာက တောင်သူလယ်သမားများသို့ အသိပေးထားသည်။


ယခုအခါ ကျေးလက်နေပြည်သူများ၏ စီးပွားရေးလောက၌ ကိုဗစ်-၁၉ ရောဂါကြောင့် ပေါ်ပေါက်လာသော စိန်ခေါ်မှုများအားဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှာ အဓိကကျ သဖြင့် ယင်းလုပ်ငန်းများကို အလျင်အမြန်အကောင်အထည်ဖော်ဆောင်ရွက်ရန်  လိုအပ်သည်။


စိုက်ပျိုးသီးနှံများတွင်သာမက မည်သည့်ကုန်ထုတ်လုပ်ငန်းများတွင်မဆို ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းအား သည် အထူးအရေးကြီးသည်။ သို့ဖြစ်ရာ ကိုဗစ်ရောဂါဘေးကြောင့် စီးပွားရေးဂယက်ရိုက်ခတ်မှုကို မျက်ခြည် မပြတ်ကြည့်ရှုလေ့လာကာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ကြသည့်လုပ်ငန်းအဖွဲ့အစည်း များပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို စနစ်တကျပူးပေါင်းပါဝင်ဆောင်ရွက်စေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ