မွေးစမှ အသက် ၁၈ နှစ်မပြည့်သေးသူများကို UNHCR အရ ကလေးဟုသတ်မှတ်ထားသည်။၊ ကလေးများဘဝကောင်းမွန်စွာ ရှင်သန်ဖွံ့ဖြိုးရေးပံ့ပိုးပေးရန် လူတိုင်းတွင် တာဝန်ရှိသည်။ ကလေး များသည် အနာဂတ်ခေါင်းဆောင်များဖြစ်ကြပြီး ကောင်းမွန်စွာ ပြုစုပျိုးထောင်ခြင်းသည် အနာဂတ်ခေါင်းဆောင်ကောင်းများကို မွေးထုတ်ပေးရာရောက်ပေသည်။
မိဘများသည် ယင်းတို့ပင်ပန်းနေချိန်(သို့မဟုတ်) စိတ်ဖိစီးမှု များရှိနေချိန်တွင် ကလေးများကိုဆုံးမရန် နည်းလမ်းတစ်ခုအနေ ဖြင့် ကလေးများကို ရိုက်နှက်ဆုံးမခြင်း၊ အရှက်ရစေခြင်းကို ပြုလုပ် လေ့ရှိသည်။
ကလေးများအား လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ကို ဖန်တီး ပေးခြင်း၊ အကြမ်းဖက်မှုများမှ ကာကွယ်စောင့်ရှောက်ခြင်းနှင့် ကလေးသူငယ်တို့၏ သင်ယူမှုများတွင် ပါဝင်ခွင့်ပေးခြင်းတို့သည် ကလေးများ၏ အမူအကျင့်ကောင်းများပေါ်ထွန်းစေရန် လမ်းညွှန် ပေးသည့် ချဉ်းကပ်မှုတစ်ခုဖြစ်ပေသည်။
ဆယ်ကျော်သက်အရွယ်တွင် လွတ်လွတ်လပ်လပ်နေချင် သည့် သူတို့ဆန္ဒများကို အလေးထားထိန်းကျောင်းပေးပြီး မိဘ တို့၏ယုံကြည်မှုကို ပြသသင့်ပေသည်။ မိဘတို့သည် ဘဝပေး အခြေအနေအရ နိမ့်ပါးနေသော်လည်း သား၊ သမီးများကိုမူ ဘဝမြင့်မားသည်ထက်မြင့်မားအောင် ကြိုးစားအားထုတ်ရမည် သာဖြစ်ပေသည်။ သို့မှသာ အမျိုးကောင်းသား၊ အမျိုးကောင်း သမီးများဖြစ်လာနိုင်ပါသည်။
ကလေးများနှင့်သက်ဆိုင်သော ကျန်းမာရေး၊ ပညာရေး၊ လူမှုဆက်ဆံရေး စသည့်နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကာ သားသမီးများကို ချစ်ခြင်းမေတ္တာနှင့် နွေးထွေးစွာ ဆွေးနွေးလွှမ်းခြုံသင့်ပေသည်။ ရိုးရှင်းသော စည်းကမ်းချက်နှင့် လိုက်နာနိုင်သော ကန့်သတ်ချက်တို့ကို သား၊ သမီးများအပေါ် တသမတ်တည်းထားရှိသင့်ပေသည်။
ကလေးများ ကောင်းမွန်စွာနေထိုင်ပြုမူသည့်အခါ၊ ကောင်း သောအမူအကျင့်တို့ကို တွေ့ရှိသည့်အခါ ချီးကျူးခြင်းဖြင့် ကလေး များ၏ ကောင်းသောအမူအကျင့်အနေအထိုင်များ ပိုမိုတိုးတက် လာမည်ဖြစ်သည်။ သား၊ သမီးများအနေဖြင့် ကောင်းစွာပြုမူ နေထိုင်ခြင်းဖြင့် မိဘများဂုဏ်ကို တိုးပွားစေသကဲ့သို့ ရာထူးဂုဏ်၊ အကျင့်စာရိတ္တဂုဏ်၊ စည်းစိမ်ဂုဏ်တို့ပြည့်ဝသော သားကောင်း၊ သမီးမွန်များဖြစ်ရေးဟူသည့် မိဘများ၏ မျှော်လင့်ချက်ကို သား သမီးများက လိုက်နာဆောင်ရွက်ကြရန်လည်း အထူးလိုအပ် လှပေသည် ။ ။