ကိုဗစ်-၁၉ ရောဂါကာလအလွန် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန် လာရောက်ကြမည့် ခရီးသွား ပြည်သူများနှင့် ငှက်ချစ်သူများ၊ ရှားပါးငှက် လေ့လာချင်သူများအတွက် ကမ္ဘာပေါ်တွင်မြန်မာ တစ်နိုင်ငံထဲမှာသာရှိသည့် မြန်မာ့ဒေသမျိုးရင်း ရှားပါးငှက်ကိုးမျိုးဖြစ်သည့် စွေ့ငှက်၊ ဘီလုံး ငှက်၊ ငှက်မင်းသားဝမ်းဖြူ၊ ဧရာဝတီဗွတ်ချွဲ၊ ချိုးလင်းပြာ၊ နဖားကြူးအမြီးဝိုင်း၊ ငှက်လက်မ မြီးရှည်ညို၊ မျက်ခုံးဖြူငှက်ပြာခြောက်၊ မြန်မာ့ တစ်ငှက် အစရှိသော ငှက်ကိုးမျိုးတို့သည် မြန်မာတစ်နိုင်ငံထဲမှာသာရှိပြီး ငှက်ချစ်သူများ၊ငှက်ဝါသနာရှင်များနှင့် သတ္တဗေဒကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာနိုင်ပြီး တစ်ကမ္ဘာလုံးမှ ငှက်ချစ်သူများ၊ ငှက်လေ့လာ လိုသူများ စိတ်ကျေနပ်မှုရရှိစေမည့် ပုဂံ ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန် ခရီးစဉ် အတွင်း ရှားပါးငှက်မျိုးစိတ် ခုနစ်မျိုးကိုလေ့လာ နိုင်ကြောင်း သစ်တောဦးစီးဌာန၊ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေး အောင်က ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ဒေသမျိုးရင်းငှက် ကိုးမျိုး ရှိသည့်အနက် ငှက်ခုနစ်မျိုးကို ပုဂံရှေးဟောင်း ဇုန်အတွင်းတွေ့ရှိရပြီး စွေ့၊ ဘီလုံး၊ ငှက်မင်းသား ဝမ်းဖြူ၊ ဧရာဝတီဗွတ်ချွဲ၊ ချိုးလင်းပြာ၊ နဖားကြူး အမြီးဝိုင်းနှင့် ငှက်လက်မမြီးရှည်ညိုတို့ကို ပုဂံမြို့ လောကနန္ဒာဥယျာဉ်အတွင်းနှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း တွေ့နိုင်ပေသည်။
ကျန်ရှားပါးမျိုးစိတ်ငှက် နှစ်မျိုးဖြစ်သည့် မျက်ခုံးဖြူငှက်ပြာခြောက်နှင့် မြန်မာ့တစ်ငှက် တို့ကို ချင်းပြည်နယ်တောင်ပိုင်း၊ နတ်မတောင် အမျိုးသားဥယျာဉ်တွင်သာ တွေ့ရှိရကြောင်း ဦးရွှေဌေးအောင်က ဆက်လက်ရှင်းပြသည်။
လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်နှင့် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုဇုန်တွင် အမြဲနေထိုင် ကျက်စားလေ့ရှိသည့် ငှက်ခုနစ်မျိုးလုံးသည် အစားအစာပေါများပြီး လုံခြုံမှုရှိသည့်အတွက် ငှက်ကောင်ရေ တိုးပွားလာကြောင်းလည်း သိရ သည်။
ဘီလုံးငှက်
လောကနန္ဒာဘေးမဲ့တောဥယျာဉ် အတွင်း အမြဲနေထိုင်ကျက်စားလေ့ရှိပြီး အစား အစာပေါများခြင်း၊ လုံခြုံမှုရှိသည့်အတွက် အကောင်ရေ တိုးပွားလာကြောင်း သိရသည်။ ဥယျာဉ်တစ်ခုလုံး အနှံ့အပြားတွေ့ရတတ်သော် လည်း ချုံပင်များပေါသော ကွင်းပြင်နေရာတွင် အများဆုံးကျက်စားကာ၊ အသိုက်လုပ်ဥဥခြင်း များကို ပြုလုပ်လေ့ရှိသည်။ လူများ၊ လူနေအိမ်များနှင့် အဝေးတွင် ကျက်စားနေထိုင် ကြကြောင်း၊ ဓာတ်ကြိုးတန်းများပေါ်နှင့် သစ်ပင် ထိပ်ဖျားတို့တွင် နားနေတတ်ကြောင်း၊ မိုးရွာခါနီး အချိန်တိုင်း ၄င်းတို့သဘာဝအလျောက် လေဟုန် စီး၍ မြူးတူးပျော်ပါးကြကြောင်း သိရသည်။ ဒေသခံများက မိုးခေါ်ငှက်ဟုလည်း ခေါ်ဆို ကြသည်။
ရန်ကုန်တက္ကသိုလ်မှ ဆရာမတစ်ဦးသည် လောကနန္ဒာဘေးမဲ့တော ဥယျာဉ်အတွင်းနှင့် ပုဂံမြို့ပတ်ဝန်းကျင်ကို ၂၀၁၆ ခုနှစ်မှစ၍ လေးနှစ်ကြာ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး လေ့လာ သုတေသန စာတမ်းပြုစုကာ ဒေါက်တာဘွဲ့ရယူ ခဲ့ကြောင်း၊ လေ့လာတွေ့ရှိချက်အရ ဥယျာဉ်ပြင်ပ ၌ လေ့လာခဲ့ရာတွင် စွေ့ငှက်ကောင်ရေ ၉၀၀ မှ ၁၀၀၀ ကြားရှိနိုင်ကြောင်းနှင့် ဥယျာဉ်အတွင်း အကောင်ရေ ၃၀ မှ ၅၀ ကြားတွေ့ရှိရကြောင်း သိရသည်။
စွေ့ငှက်
လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်အတွင်း နှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း အမြဲနေထိုင်ကျက်စားလေ့ရှိပြီး အစာရေစာ ပေါများပြီး လုံခြုံမှုရှိခြင်းကြောင့် အကောင်ရေ တိုးပွားလာခဲ့ကာ လူများနှင့်ယဉ်ပါးလွယ်၍ လူနေ အိမ်များအနီးသို့ပင် လာရောက်ကျက်စားနေထိုင် ကြကြောင်း သိရသည်။ ဦးရွှေဌေးအောင်နှင့် ဝန်ထမ်းများ ကွင်းဆင်းလေ့လာချက်အရ စွေ့ငှက်ကောင်ရေ ၅၀၀ ခန့်ရှိမည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။ ရန်ကုန်တက္ကသိုလ်မှ ဆရာမတစ်ဦး လေးနှစ်ကြာသုတေသနပြု၍ ဒေါက်တာဘွဲ့ယူခဲ့ကြောင်းလည်း သိရကာ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း သိရ သည်။
ငှက်မင်းသားဝမ်းဖြူ
ငှက်မင်းသားဝမ်းဖြူငှက်သည် လောကနန္ဒာ ဥယျာဉ်အတွင်းနှင့် ပုဂံရှေးဟောင်းဒေသအတွင်း အမြဲနေထိုင် ကျက်စားလေ့ရှိကြောင်း၊ ကွင်းပြင် များတွင်လည်း အများဆုံးတွေ့ရသည့်ငှက်ဖြစ်ကာ လူနှင့်လူနေအိမ်များအဝေးတွင် နေထိုင်ကျက်စား ကြကြောင်း သိရသည်။ ခြောက်ကောင်အုပ်၊ ရှစ်ကောင်အုပ်၊ အုပ်လိုက်ကျက်စားနေထိုင်ကြ ကြောင်း ဦးရွှေဌေးအောင်က ရှင်းပြသည်။
ချိုးလင်းပြာ
ဥယျာဉ်အတွင်း အနှံ့အပြားတွေ့ ရပြီး ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း လည်း တွေ့ရှိနိုင်သည်။ လူများနှင့်ယဉ်ပါးလွယ်၍ လူနေအိမ်များအနီးသို့ပင် လာရောက်ကျက်စား နေထိုင်ကြကြောင်း၊ စုံတွဲနေထိုင်သည်ကိုအများ ဆုံးတွေ့ရပြီး၊ ၄င်းနှင့်အတူ အခြားချိုးအမျိုးအစား သုံးမျိုးဖြစ်သည့် ချိုးပိန်တူး၊ ချိုးနီပု၊ ချိုး လည်ပြောက်တို့နှင့်လည်း ယှဉ်တွဲနေထိုင်ကြ ကြောင်းသိရသည်။
ဧရာဝတီဗွတ်ချွဲ
ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုဇုန်တစ်ခုလုံး တွေ့ရသည်။ လူများ နှင့်ယဉ်ပါးလွယ်၍ လူနေအိမ်များအနီးငှက်သိုက် ဆောက်လုပ်နေထိုင် ကျက်စားကြသည်။ လောက နန္ဒာဥယျာဉ်ထဲတွင်ပင် အကောင်ရေ ၃၀၀ ခန့် ရှိကြောင်း သိရသည်။ ၄င်းနှင့်အမျိုးအစားဗွတ်နှစ် မျိုးဖြစ်သည့် ဗွတ်ဖင်နီ၊ ဗွတ်စာမွဲတို့နှင့်လည်း ယှဉ်တွဲနေထိုင်ကြကြောင်း သိရသည်။ တက္ကသိုလ် ဆရာ/ဆရာမများ ရှေ့ပြေးလာရောက်လေ့လာ လျက်ရှိကြကြောင်းလည်း သိရသည်။
နဖားကြူးငှက်
အဆိုပါ နဖားကြူးငှက်သည် တစ်နေရာတည်းတွင် နေထိုင်ကျက်စားသည့်ငှက် မဟုတ်ဘဲ ဧည့်သည်ငှက်ပမာ တွေ့ရှိတတ်ကြ ပြီး လောကနန္ဒာဥယျာဉ်နှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်တွင် တွေ့ရှိရသည်မှာ ငါးနှစ်ခန့် ရှိသေးကြောင်း၊ စတင်တွေ့ရှိခဲ့စဉ်ကနှစ်ကောင် တစ်စုံ သစ်ပင်ထိပ်ဖျားတွင် စတင်တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ပြီး နောက်ဆုံး ၂၀၁၈ ခုနှစ် တွင် ခြောက်ကောင်တစ်အုပ် လာရောက်ခဲ့သည် ကိုလည်း မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရ သည်။
ငှက်လက်မမြီးရှည်
လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် အမြဲနေထိုင်ကျက်စားခြင်းမရှိဘဲ ပြင်ပ၊ ပုဂံ-ညောင်ဦးဝန်းကျင်ရှိ လယ်ယာစိုက်ခင်းများ၊ ကိုင်းတောများ၊ မြက်တောများတွင် ဥယျာဉ် အတွင်း ငှက်စာရင်းကောက်လုပ်ငန်းဆောင်ရွက်စဉ် ၁၀ ကောင်ထက်မပိုဘဲ ကွဲပြားစွာ နေထိုင်ကျက်စားသည်ကို တွေ့ရှိရသည်။
ဥယျာဉ်အတွင်း နေထိုင်ကျက်စားသည့် ငှက်အားလုံး (၂၀၁၇ မှ ၂၀၂၀)အထိ ငှက်များ ကိုလေ့လာ၍ ဒေါက်တာဘွဲ့ရရှိသည့် ဆရာမ တစ်ဦး၏ လေ့လာသုတေသနပြုကာလများတွင် လေး-ငါးကောင်ခန့်သာ တွေ့ရှိမှတ်တမ်းတင်နိုင် ကြောင်း ဦးရွှေဌေးအောင်က ရှင်းပြ၍သိရသည်။
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန် အတွင်း ခရီးစဉ်ဒေသရှိပြီးဖြစ်ကာ ကမ္ဘာအရပ်ရပ် မှ ငှက်ဝါသနာရှင်များ လာရောက်လေ့လာ သည့်အခါ ဒေသခံများ အလုပ်အကိုင်အခွင့် အလမ်းများစွာရရှိပြီး၊ မြန်မာ့မျိုးရင်း ရှားပါး ငှက်မျိုးစိတ်တွေကိုလည်း ထိန်းသိမ်းရာရောက် မည်ဖြစ်ကြောင်း၊ လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ်နှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ (ပုဂံရုံးခွဲ)တို့ ပူးပေါင်းကာ ငှက်ကြည့် ခရီးစဉ်များနှင့် ငှက်တိုးဂိုက်များစွာလည်းလိုအပ် လာမည်ဖြစ်ပေသည်။
လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်အား ခရီးစဉ်ဒေသအသစ် ရှာဖွေထားခြင်းဖြင့် ကမ္ဘာ့ ရှားပါးကြယ်လိပ်များ၊ တိုက်လိပ်များနှင့်ရှားပါး ငှက်မျိုးစိတ်ခုနစ်မျိုးတို့ ရှိသည့်အပြင် မိုးနည်း ရပ်ဝန်းတွင် ဧက ၁၀၀ ကျော် ဘေးမဲ့တော ဥယျာဉ်အတွင်းရှိ ကြီးမားသည့် သစ်ပင်ကြီးများ၊ အုံ့အုံ့မှိုင်းမှိုင်း တည်ရှိနေသည်ကိုလည်း လာရောက် လေ့လာလည်ပတ်ကြမည့်သူများ လက်တွေ့ကြည့်ရှု တွေ့မြင်နိုင်မည်ဖြစ်ပေ သည်။