နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူထုအစည်းအဝေးလုပ်နေစဉ် ဖုန်းသံမြည်ခြင်းကြောင့် အီသီယိုးပီးယားနိုင်ငံသားတစ်ဦး ပစ်သတ်ခံရ

မေ  ၃၀၊  အက်ဒစ်အဘာဘာ

လူထုအစည်းအဝေးပွဲလုပ်နေစဉ် ဖုန်းသံမြည်ခြင်းကြောင့် အီသီယိုးပီးယားစစ်သည်တစ်ဦးက အမျိုးသား တစ်ဦးကို လူအများရှေ့တွင် ပစ်သတ်ခဲ့သည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောသည်။

အိုရိုမိုလွတ်မြောက်ရေးတပ်ဖွဲ့(OLA)ကို နှိမ်နင်းရန် လုံခြုံရေးအဖွဲ့က စစ်ဆင်မှုများ လုပ်ခဲ့ချိန်အတွင်း အသက် ၃၂ နှစ်အရွယ် အမျိုးသား အာရီတီ သတ်ခံရခြင်းဟု မျက်မြင်သက်သေများက ဆိုသည်။ အိုရိုမီယာ ပြည်နယ်၏ ဒေသတစ်ခုတွင် အီသီယိုးပီးယားစစ်တပ်က လူထုအစည်းအဝေး ခေါ်ယူခဲ့ပြီး အစည်းအဝေး တက်ရောက်သူများ၏ ဖုန်းများအားလုံးကို သိမ်းခဲ့သည်။ ထို့နောက်တွင် ဖုန်းသံမြည်လာခဲ့၍ စစ်သည်များက ဖုန်းပိုင်ရှင်ကို ရှေ့ထွက်လာရန် အမိန့်ပေးခဲ့သည်။ အာရီတီက အရှေ့သို့ ထွက်လာချိန်တွင် ယင်း၏ကျောကို နှစ်ကြိမ်တိုင်တိုင် ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောသည်။ ထို့နောက်တွင် အာရီတီကို ချက်ချင်းသဂြိုဟ်ရန် ယင်း၏မိသားစုကို ညွှန်ကြားခဲ့သည်ဟု ဆိုသည်။

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှ ၂၀၁၉ ခုနှစ်ကြားကာလအတွင်း အိုရိုမီယာပြည်နယ်တွင် လုံခြုံရေးအဖွဲ့၏ နှိမ်နင်းခဲ့စဉ်က အလားတူဖြစ်ရပ် အများအပြား ဖြစ်ပွားခဲ့သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။ ၂၀၁၉ ခုနှစ်မှာ အီသီယိုးပီးယားဝန်ကြီးချုပ် အဘေးအာမတ် ငြိမ်းချမ်းရေးနိုဗယ်ဆု ဆွတ်ခူးခဲ့သည့် နှစ်ဖြစ်သည်။ အဘေးအာမတ်မှာ ပြုပြင်ပြောင်းလဲမှုများကြောင့် ချီးကျူးခံရသော်လည်း ပြုပြင်ပြောင်းလဲမှု များကြောင့် မျိုးနွယ်စုများကြား တင်းမာမှုများ ဖြစ်ပေါ်လာစေဖွယ်ရှိသည်ဟု ဆိုသည်။ အိုရိုမီယာပြည်နယ် တွင် အာရီတီအပါအဝင် လူ ၃၉ ဦးမှာ ဥပဒေမဲ့သတ်ဖြတ်ခံရကြောင်း အထောက်အထားများတွေ့ရသည်ဟု    နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောသည်။                  

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ