နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်ဘဏ်အများစု၌ ကိုရိုနာကာကွယ်ရေးအဖြစ် Customer တစ်ဦးစီသာ အလှည့်ကျဖြင့် ဘဏ်အတွင်းဝင်ခွင့်ပေး

ရန်ကုန် ဧပြီ ၂ ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်အများစုတွင် ကိုရိုနာရောဂါကာကွယ်ရေးအတွက် Customer များကို တစ်ဦးစီ သာ ဘဏ်အတွင်းသို့ အလှည့်ကျစနစ်ဖြင့် ဝင်ခွင့်ပေးသည့်စနစ်မျိုးကို ကျင့်သုံးလုပ်ဆောင်နေကြောင်း ယင်း ဘဏ်များထံမှ စုံစမ်းသိရှိရသည်။ “အဓိကကတော့ လူစုလူဝေးနဲ့ဆိုရင် ရောဂါအန္တရာယ်အတွက် ကြောက်ရပါတယ်၊ ဒါကြောင့် အပြင်မှာ ခုံတွေထားပေးထားတယ်၊ Customer တစ်ယောက်နဲ့ တစ်ယောက်ကို သုံးပေအကွာမှာ ထိုင်စောင့်ရင်း အလှည့်ကျစနစ်ဖြင့် လုပ်ဆောင်နိုင်ဖို့ ဝန်ဆောင်မှုပေးတာ ဖြစ်ပါတယ်”ဟု ကမ္ဘောဇဘဏ်လီမိတက်မှ တာဝန် ရှိသူတစ်ဦးက ရှင်းပြသည်။ ဘဏ်အတွင်းရှိ ကောင်တာအရေအတွက်အလိုက် Customer များကို တစ်ဦးစီ စနစ်တကျဖြင့် ဝင်ရောက်ခွင့်ပြုခြင်းကြောင့် ယခင်လိုစုပြုံနေမှုများမဖြစ်စေရန် စီမံခြင်းဖြစ်သလို မဝင်မီ ကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်ဆေးများဖြင့် အသုံးပြုလုပ်ဆောင်ရန်လည်း တိုက်တွန်းလေ့ရှိကြောင်း သိရသည်။ “အခုလို အပြင်မှာ ထိုင်စောင့်ပြီး တစ်ယောက်စီဝင်နေရတော့ အရင်ထက် ပိုကြာသွားတယ်၊ ရောဂါနဲ့ ပတ်သက်လို့ ဒီလိုလုပ်ပေးနေတာဖြစ်လို့ ကြာလည်း သည်းခံပြီးတော့ စောင့်ရတာပေါ့”ဟု ဘဏ်ငွေလွှဲ လုပ်ဆောင်ရန် စီစဉ်နေသည့် ဦးကြည်စိုးက ရှင်းပြသည်။ အလားတူ အခြားသော ပုဂ္ဂလိကဘဏ်များအသီးသီး တွင်လည်း ရောဂါကာကွယ်ရေး အတွက် စနစ်တကျဖြင့် လုပ်ဆောင်နေသည့်အပြင် ဘဏ်ဝန်ထမ်းများကိုလည်း လိုအပ်သည့်အသိပညာများရရှိရန် လေ့ကျင့်သင်ကြားမှုများလည်း ရှိလာခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူမှာ ယခုဆိုလျှင် ဧပြီ ၁ ရက်အထိ စာရင်းများအရ ၁၆ ဦး အထိ ရှိလာခဲ့သလို ဆက်လက်ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။ အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ