နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘဝလမ်းကြောင်းဖြောင့်ရေး

ကျွန်ုပ်တို့အနေဖြင့် လိမ္မာရေးခြားရှိရန်ကား မိဘ၊ ဆရာသမား များ ဆိုဆုံးမမှုကြောင့်သော်လည်းကောင်း၊ ကိုယ်တွေ့ဗဟုသုတ များကြောင့်သော် လည်းကောင်း၊ စာပေဗဟုသုတများကြောင့်သော် လည်းကောင်း ရရှိနိုင်ပေ၏။ သို့သော် မိဘဆရာသမားတို့၏ ဆိုဆုံးမမှုထက် စာပေကရရှိသော ဗဟုသုတများကြောင့် ပို၍ လိမ္မာရေးခြားရှိသည်ဟုဆိုလျှင် မည်သူမျှမငြင်းနိုင်ပါ။


လောက၌ မိဘစကားကိုနားထောင်သူများ ကြီးပွားတိုးတက် သကဲ့သို့ မိဘစကားနားမထောင်မိကြ၍ နောင်တတစ်ဖန် ပူပန် ခြင်းများစွာ ဒုက္ခပင်လယ်ဝေရသူများလည်းရှိ၏။ မည်သည့် မိဘမဆို မိမိသားသမီးများအပေါ် ဆိုးစေလိုသောဆန္ဒမရှိ။ ကောင်းစေလိုသော ဆန္ဒသာရှိ၏။ ကောင်းစေလိုသော သဘောဖြင့် သာ ပြောဆိုဆုံးမတတ်ကြ၏။ 


လက်ရှိ မျက်မှောက်ခေတ်တွင်လည်း မိမိပတ်ဝန်းကျင်ကို လေ့လာကြည့်ကြပါ။ မိဘစကားနားထောင်သူများနှင့် နားမထောင် သူများဘဝ အနေအထားခြားနားပုံကို တွေ့မြင်ရပေလိမ့်မည်။ မိဘတို့မည်သည် လမ်းကောင်းကိုသာ ညွှန်ပြတတ်၏။


ငယ်စဉ်အခါ  တတ်သင့်တတ်အပ်သော  အသက်မွေး ဝမ်းကျောင်းပညာများ သင်ယူတတ်မြောက်ထားခြင်းမရှိလျှင် ဘဝတစ်လျှောက်လုံး လျှောက်လှမ်းရာတွင် ခက်ခဲကြမ်းတမ်း တတ်၏။ ယနေ့နိုင်ငံတော်ကို စက်မှုနိုင်ငံအဆင့် တက်လှမ်းနိုင်ရေး အတွက် စက်မှုအခြေခံရှိသည့် နယ်မြေဒေသများ၌ စက်မှုဇုန်များ တည်ထောင်လျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ်များ အထူး အရေးပါလှပေသည်။


ယခုအခါ လူငယ်လူရွယ်တို့အား ဘဝတိုးတက်အောင်မြင်ရေး တံခါးပေါက်ကိုဖွင့်ပေးနိုင်သည့် သင်တန်းများစွာရှိသည်။ သင်တန်းများစွာကို အွန်လိုင်းများပေါ်မှ တက်ရောက်သင်ယူ လေ့လာနိုင်သည်။ သင်တန်းများ တက်ရောက်သင်ကြားခြင်းဖြင့်  ဗဟုသုတကြွယ်ဝနိုင်၏။ မှန်ကန်မြန်ဆန်သော အသိပညာကို တစ်မဟုတ်ချင်း တိုးပွားသွားနိုင်၏။


ယနေ့လူငယ်လူရွယ်တို့သည် ငယ်စဉ်အခါ ပညာရှာဆိုသကဲ့ သို့ ဆိုင်ရာသင်တန်းများကို တက်ထားခြင်းဖြင့် ဘဝအဆင့်ဆင့် တက်လှမ်းနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ လူရွယ်၊ လူငယ်တို့သည် မိဘ၊ ဆရာသမားများ၏ ဆိုဆုံးမမှုအပေါ် လေးစားစွာနာခံ ဆောင်ရွက်ခြင်းဖြင့် ဘဝလမ်းကြောင်းဖြောင့်ကာ တစ်ဆင့်ထက် တစ်ဆင့် တက်လှမ်းလျက် ဘဝတိုးတက်အောင်မြင်မည်ဖြစ်ပါ ကြောင်း။        ။






အခြားဆက်စပ်သတင်းများ