နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့တော်လမ်းများကောင်းမွန်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ မြို့တော်ဝန် စစ်ဆေး

ရန်ကုန်  နိုဝင်ဘာ  ၁


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အတွင်းရေးမှူး၊ ကော်မတီ ဝင်များ၊ ဌာနမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူ များ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် ၇ လမ်း တိုးချဲ့နေမှု၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘဲတန်းချောင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုနှင့် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရှေ့ ရေမြောင်းဖုံးများ ခင်းကျင်းဆောင် ရွက်နေမှုတို့ကို ကွင်းဆင်းစစ်ဆေးသည်။


ရှေးဦးစွာ မြို့တော်ဝန်နှင့် တာဝန်ရှိသူများ သည် နံနက် ၇ နာရီခွဲတွင် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ဆောင်ရွက်လျက်ရှိသော ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ သရက်ပင်ချောင် ရွာအကြား အမှတ် ၇ လမ်းမကြီး မူလ ၂၂ ပေ အကျယ်လမ်းကို ၄၈ ပေအကျယ် လေးလမ်းသွား ရရှိအောင်   အရှည် ၁၁,၁၃၇ ပေ လမ်းပိုင်းကို ထပ်မံတိုးချဲ့နိုင်ရန်  သစ်ပင်ချုံနွယ် များ၊ သစ်ပင်ကြီးများကို စက်ယန္တရား ဖြင့် ရှင်းလင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေး သည်။ 


အဆိုပါ အမှတ် ၇ လမ်းမကြီးသည် ရန်ကုန်မြို့၏ မြို့ပြင်ပတ်လမ်းဖြစ်ပြီး ကွန်ကရစ်လမ်း ခင်းကျင်းပြီးဖြစ်သည့် ပဲခူးမြစ်လမ်းနှင့်ဆက်စပ်၍ လမ်းတိုးချဲ့ ခင်းကျင်းခြင်းဖြင့် အမှတ် ၂ လမ်းမ ပေါ်တွင် သွားလာနေသော ယာဉ်ကြီး၊ ယာဉ်ငယ်များသည် အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်မည့်အပြင် ယာဉ်ကြောပိတ်ဆို့မှုကိုလည်း ထိန်းသိမ်း နိုင်မည်ဖြစ်ကြောင်း သိရသည်။


ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် နံနက် ၈ နာရီ တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အနော်ရထာလမ်း၊ ၂၉ ရပ်ကွက်နှင့် ၁၆ ရပ်ကွက်အကြား ဘဲတန်းချောင်း တံတားသို့ရောက်ရှိရာ Sport Complex အရှေ့ဘက်မှ ကွေ့ကောက်စီးဆင်း နေသည့် ဘဲတန်းချောင်းအပိုင်း အရှည် ၄,၈၀၀ ပေကို တစ်ဖြောင့်တည်း စီးဆင်းစေရန် အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) မှ ပြန်လည် တူးဖော် ဖောက်လုပ်မည့် လုပ်ငန်းခွင် ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးသည်။


အဆိုပါချောင်းကို တစ်ဖြောင့်တည်း ပြန်လည်ဖောက်လုပ်ပါက ချောင်းကို ရေတိုက်စားမှု သက်သာစေပြီး ရေလမ်းကြောင်း အရှည် ၁,၁၀၀ ပေ ခန့် လျော့နည်းသွားမည်ဖြစ်သည့် အပြင် အဆိုပါ ရပ်ကွက်များနှင့် Sport Complex ဝန်းကျင်ကို ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၈ နာရီခွဲတွင် သင်္ဃန်းကျွန်း မြို့နယ်၊ သံသုမာလမ်း၊ ကုန်းလမ်း       ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးရှေ့သို့ သွားရောက်၍ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ အဆိုပါ ရုံးရှေ့ ရေမြောင်းကို ကားနင်းခံ မြောင်းဖုံးများ ခင်းကျင်းခြင်း၊ ရေမြောင်းနှင့် ရုံးအုတ်တံတိုင်းအကြား ကွန်ကရစ် ခင်းကျင်းနိုင်ရန် မြေညှိခြင်း တို့ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


အဆိုပါမြောင်းဖုံးခင်း၍ ကွန်ကရစ် တိုးချဲ့ခင်းကျင်းခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ယာဉ်များ ယာယီရပ်တန့်နိုင်သည့်အပြင် လမ်းသွား လမ်းလာ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစွာဖြင့် သွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

သတင်း - သွင်မောင်မောင်

ဓာတ်ပုံ - ကျော်သူထက်






အခြားဆက်စပ်သတင်းများ