နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များနှင့် အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများကို ကျပ်သုံးသောင်းနှုန်းစီ ထောက်ပံ့ရန် လူမှုဝန်ထမ်းဦးစီးဌာနမှ စီစဉ်

ရန်ကုန်   မေ    ၂၉


COVID-19 ကူးစက်ကာလအတွင်း ပြည်တွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများကို တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းစီ ထောက်ပံ့ပေးသွားရန် လူမှုဝန်ထမ်းဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုထောက်ပံ့မှုအစီအစဉ်ကို အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့(LIFT)နှင့် မိတ်ဖက်အလှူရှင်နိုင်ငံများဖြစ်ကြသော ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဆွစ်ဇာလန်၊ သြစတြေးလျ စသည့်နိုင်ငံများမှ စုပေါင်းလှူဒါန်းမှုဖြင့် အမေရိကန်ဒေါ်လာ ၉ သန်းအထိ ကူညီထောက်ပံ့သွားရန် စီစဉ်ထားကြောင်း သိရသည်။


"အကျိုးခံစားခွင့်ရှိသူတစ်ယောက်ကို သုံးသောင်းကျပ်နှုန်း တစ်ကြိမ်တည်းထောက်ပံ့မှာပါ။ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ထောက်ပံ့သွားပါမယ်။ ထောက်ပံ့ကြေးပေးမယ့်ထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေပါတယ်။ လက်ရှိ နိုင်ငံတော်ကထောက်ပံ့ကြေးရနေတဲ့ အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားတွေပါတယ်။ သူတို့ကိုလည်း ထပ်ဆောင်းထောက်ပံ့မှာပါ" ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ယင်းသို့ ထောက်ပံ့ရာတွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကူညီထောက်ပံ့ခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်သော်လည်း ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား ထောက်ပံ့ခြင်းကိုမူ လက်ရှိလူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ရေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိသော ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂဒေသတို့သာ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ထောက်ပံ့မှုအစီအစဉ်ကို လာမည့် ဇွန်လအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရည်မှန်းထားပြီး ယခုအခါ ထောက်ပံ့ကြေးအကျိုးခံစားခွင့်ရမည့် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက် မိခင်များနှင့် အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများအရေအတွက် အတိအကျသိရှိစေရန် သက်ဆိုင်ရာ ဒေသအသီးသီးတွင် စာရင်းကောက်ယူခြင်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။


(မိုးယံထက်)






အခြားဆက်စပ်သတင်းများ