နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက် လှည့်ကင်းဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်ပစ်ဗုံး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ခဲ့သည့် တရားခံများ ဖမ်းဆီးရမိ

ရန်ကုန် စက်တင်ဘာ ၂၂


စက်တင်ဘာ ၉ ရက်တွင် စမ်းချောင်းမြို့နယ်၊ သံတံတား ရပ်ကွက်၊  ဗဟိုလမ်းနှင့်ဇလွန်လမ်းဆုံ၌ လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ ဝင်များအား လက်ပစ်ဗုံး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံ များ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိရာ တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ စက်တင်ဘာ ၁၅ ရက်တွင် ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်၊ ပိုက်လုံးလမ်း၊ တိုက် ၇၀၊ အခန်း ၄၁ သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် ရှာဖွေခဲ့ရာ ကျော်စိုးလင်း(ခ) မိုက်ကယ်၊ ဇော်လင်းထွန်း၊ စည်သူဖြိုး(ခ)ဇင်ကို  တို့  ၃ ဦးကို ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ လှိုင်မြို့နယ်၊ ၄ ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ Super Luck လက်ဖက်ရည်ဆိုင်သို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ရာ သဲမောင် မောင်နှင့်အောင်ပြည့်တို့ကို MG-1 လက်ပစ်ဗုံး တစ်လုံး၊ လက်လုပ်ဗုံး ၅ လုံး၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


ထို့ပြင် ကမာရွတ်မြို့နယ်၊ ၅ ရပ်ကွက်၊ အောင်ချမ်းသာလမ်း၊ အမှတ် (၁၅၆)၊ ၆ လွှာသို့ ဝင်ရောက်ရှာဖွေခဲ့ရာ ဝေယံ (ခ) ဝေယံပိုင်၊ ကျော်ကျော်ခန့်နှင့် ရဲရင့်ကို(ခ)ရဲရဲတို့ ၃ ဦးကို စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း၊ ၃ လွှာ၌ လမင်းထွန်း(ခ)အမွန်းအား ၉ မမ ပစ္စတို တစ်လက်၊ ၉ မမကျည် ၆၈ တောင့်၊ MG1 လက်ပစ်ဗုံးတစ်လုံး၊ ဖုန်းမျိုးစုံ ၃ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။


တရားခံ လမင်းထွန်း၏ ထွက်ဆိုချက်အရ တောင်ဥက္ကလာပမြို့နယ်၊ City Mart အနီးတွင် ဆက်စပ်တရားခံ ဘိုဘို(ခ) Y2B ကို ဖမ်းဆီး ရမိခဲ့ပြီး ၎င်းနေထိုင်ရာ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းခုံးကျော်အနီးရှိ တိုက်အမှတ်(၂၅၄)၊ အခန်း(၇/က)ကို ရှာဖွေခဲ့ရာ AK-47 တစ်လက်၊ ကျည်အိမ် ၂ ခု၊ ၅.၅၆ ကျည် ၆၀ တောင့်၊ MG 1 လက်ပစ်ဗုံးတစ်လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၂၅ လုံး၊ ဒီတိုနေတာ ၂ ချောင်းနှင့် ဖောက်ခွဲရေး ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး ကမာရွတ် မြို့နယ်၊ ခိုင်ရွှေဝါလမ်းထိပ်၌ စည်သူ(ခ) ဒန်းနစ် ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။


တရားခံ လမင်းထွန်း ၏ ထွက်ဆိုအချက်အရ ကမာရွတ်မြို့နယ်၊ ၇ ရပ်ကွက်၊ ပြည်ရိပ်မွန် အိမ်ရာ၊ တိုက်အမှတ်၂၂၊ အခန်း ၃၅ ကို ဝင်ရောက်ရှာဖွေ ခဲ့ရာ အောင်သီဟဟိန်း၊ ချယ်ရီဘိုကြည်နိုင်၊ အာကာကျော်ထူး၊ ဝေယံထွန်းဦးတို့ ၄ ဦးကို SIG SAUER ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ Luger ကျည် ၁၉ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိခဲ့သည့် တရားခံဝေယံထွန်းဦး၏ ထွက်ဆိုချက်အရ ကမာရွတ် မြို့နယ်၊  ၃ ရပ်ကွက်၊ အမှတ် ၂ ဘောဂလမ်း၊ တိုက်အမှတ် ၂ ၊  ၆ လွှာရှိ အာကာကျော်ထူး ၏ နေအိမ်ကို ရှာဖွေခဲ့ရာ MK 12 သေနတ် ၁ လက်၊ ၁၂ ဗို့ ကျည် ၅ တောင့် ၊ ၉ မမ ကျည် ၅ တောင့်၊ ၉၁ လက်ပစ်ဗုံးတစ်လုံး၊ ကျည်အိမ်အသေးတစ်ခုနှင့် အကြီးတစ်ခုတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။


တရားခံ လမင်းထွန်း၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၁၆ ရက်တွင် ကမာရွတ်မြို့နယ်၊  ၃ ရပ်ကွက်၊ ခိုင်ရွှေဝါလမ်း၊ အမှတ် ၁၁၇ ကို ရှာဖွေခဲ့ရာ ပထမထပ်၌ မျိုးဝဏ္ဏမင်း၊ အေးမြတ်သွယ်နှင့် ရဲမြင့်အောင်တို့ ၃ ဦးကို FGC9 MK2 သေနတ်တစ်လက်၊ ၉ မမကျည် ၅ တောင့်၊ ဒရုန်းတစ်ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


ဖြစ်စဉ်တွင် တရားခံများ ဖမ်းဆီးရမိမှု အနေဖြင့် ကျား ၁၆ ဦး၊ မ ၂ ဦး၊ ပေါင်း ၁၈ ဦး ဖမ်းဆီး ရမိခဲ့ပြီး သိမ်းဆည်းရမိ လက်နက် ခဲယမ်းများအနေဖြင့် လက်နက်ငယ်မျိုးစုံ ၅ လက်၊ ကျည်မျိုးစုံ ၁၆၆ တောင့် ၊ လက်ပစ်ဗုံးမျိုးစုံ ၄ လုံး၊ ကျည်အိမ်မျိုးစုံ ၅ ခု၊ လက်လုပ်ဗုံး ၃၀ လုံး၊ ဒရုန်းတစ်ခုနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံများအနက် လမင်းထွန်း၊ ရဲရင့်ကို၊ ဝေယံပိုင်၊ စည်သူဖြိုး၊ ဇော်လင်းထွန်း၊ ကျော်စိုးလင်း၊ ကျော်စွာသိန်း၊ ရဲသူ၊ ငြိမ်းချမ်းနှင့် ကိုဇင်တို့ ၁၀ ဦးသည် KNLA တပ်မဟာ(၆)နယ်မြေတွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း သိရသည်။


တရားခံများအနက်မှ ဇော်လင်းထွန်း၊ ဝေယံပိုင်၊ ရဲရင့်ကို၊ ကျော်စိုးလင်း၊ စည်သူဖြိုးနှင့် ကျော်ကျော်ခန့်တို့သည် Generation Freedom Army (GFA)ကို ဖွဲ့စည်း၍ မေ ၉ ရက်တွင် စည်သူဖြိုးနှင့် ကျော်စိုးလင်းသည် စမ်းချောင်း မြို့နယ်၊  ဗဟိုလမ်း၊  ရထားသံလမ်းအနီးရှိ ရစဖရုံး ကိုလည်းကောင်း၊ မေ ၁၅ ရက်တွင် စမ်းချောင်း မြို့နယ်၊ မုန့်လက်ဆောင်း(တောင်) ရပ်ကွက်၊ ကျွန်းတောလမ်းရှိ ရစဖရုံးကိုလည်းကောင်း၊ ဇူလိုင် ၉ ရက်တွင် သီရိမင်္ဂလာဈေးထိပ်ရှိ ပညာရေးမှူးရုံးကိုလည်းကောင်း၊ ဩဂုတ်လတွင် စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်း၊ ကောင်းသာဘီယာ ဆိုင်ရှေ့တွင် ထီရောင်းသည့် ဟိုက်ဂျက်ကားကို လည်းကောင်း၊ စက်တင်ဘာ ၄ ရက်တွင် ကမာရွတ်မြို့နယ်၊ စည်ပင်ရဲလိုင်းခန်းကိုလည်း ကောင်း၊ စက်တင်ဘာ  ၆ ရက်တွင် စမ်းချောင်း မြို့နယ်၊ မြေနီကုန်း၊ Sprit စတိုးဆိုင်အနီး CCTV Control ပုံးကိုလည်းကောင်း လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း သိရသည်။


ဆက်စပ်တရားခံများမှ ဝေယံထွန်းဦးသည် ဇွန် ၈ ရက်တွင် NLD ပါတီမှ ၂၀၁၅ ခုနှစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဖြိုးဇေယျာသော် (ဖမ်းဆီးရန်ကျန်)နှင့် အိငုံဖူး (ခ) Holly (ဖမ်းဆီးရန်ကျန်)တို့၏ စေခိုင်းမှုအရ ကမာရွတ်မြို့နယ်၊ မာလာမှတ်တိုင်အနီး၌ လည်းကောင်း၊ ဇူလိုင် ၁ ရက်တွင် မြေနီကုန်း ခုံးကျော်တံတားအောက်ရှိ ယာဉ်ထိန်းရဲအဆောက် အဦကိုလည်းကောင်း၊ ဘိုဘို၊ လမင်းထွန်း နှင့် ကိုဖြိုး(ဖမ်းဆီးရန်ကျန်)တို့သည် ဩဂုတ် ၂၇ ရက်တွင် ဗဟန်းမြို့နယ်၊ အလယ် ရွှေဂုံတိုင်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်း၊ Delta Plaza ရှေ့ ဗာဒံပင်မှတ်တိုင်အနီး၌ လည်းကောင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအနောက်ရပ်ကွက်၊ ဟယ်လ်ပင်မှတ်တိုင်အနီး၌ လည်းကောင်း၊ ဘိုဘို၊ လမင်းထွန်း၊ ကိုဖြိုး (ဖမ်းဆီးရန်ကျန်)၊ ဇင်ယော်(ဖမ်းဆီးရန် ကျန်)တို့သည် ဩဂုတ် ၂၉ ရက်တွင် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ပျဉ်းမပင် ကျေးရွာအုပ်စု၊ မြသီတာရပ်ကွက်၊ မြသိန်းတန် ဘုန်းကြီးကျောင်းရှိ Mytel တာဝါတိုင်ကို လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်း ကြီးကျေးရွာ၊ ကာယ ၁၀ လမ်းရှိ Mytel တာဝါ တိုင်တို့အား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီး မီးရှို့ဖျက်ဆီးမှုအနေဖြင့် ဩဂုတ် ၄ ရက်တွင် GFA အဖွဲ့မှ စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်း(တောင်)ရပ်ကွက်၊ ရစဖရုံးကို မီးရှို့ခဲ့ကြောင်း သိရသည်။


၎င်းအပြင် အကြမ်းဖက်သတ်ဖြတ်မှုအနေဖြင့် ဩဂုတ် ၁၃ ရက်တွင် သီရိမင်္ဂလာဈေးထိပ်ရှိ ယာဉ်ထိန်းရဲတစ်ဦးကို GFA အဖွဲ့မှ ဝေယံပိုင်၊ ဇော်လင်းထွန်း၊ ကျော်ကျော်ခန့်၊ ကျော်စိုးလင်း၊ စည်သူဖြိုးနှင့် ရဲရင့်ကိုတို့က ကင်းထောက်၍ အောင်ချမ်းငြိမ်း (ဖမ်းဆီးရန်ကျန်)က ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း၊ စက်တင်ဘာ ၂ ရက်တွင် လှိုင်မြို့နယ်၊ ၁ ရပ်ကွက်နေ အပြစ်မဲ့ပြည်သူ ဦးဂျူလိုင်မျိုးမင်းကို ဝေယံပိုင်၊ စည်သူဖြိုး၊ ဇော်လင်းထွန်းတို့က ကင်းထောက်၍ ကျော်စိုး လင်းက ပစ္စတိုဖြင့် ၂ ချက် ပစ်ခတ်သတ်ဖြတ် ခဲ့ကြောင်း၊ စက်တင်ဘာ ၉ ရက်တွင် စမ်းချောင်း မြို့နယ်၊ သံတံတားရပ်ကွက်၌ လှည့်ကင်း ဆောင်ရွက်ခဲ့သည့် လုံခြုံရေးယာဉ်တစ်စီးကို အောင်ချမ်းငြိမ်း (ဖမ်းဆီးရန်ကျန်)၊ ကျော်စိုးလင်း တို့က လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ပြီး ရဲရင့်ကိုက လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ဇော်လင်းထွန်း၊ သဲမောင်မောင်၊ စည်သူဖြိုး၊ အောင်ပြည့်တို့က ကင်းထောက်ပေးခဲ့ကြောင်းနှင့် ဖမ်းဆီးရမိတရားခံများအနေဖြင့် ဖောက်ခွဲ ဖျက်ဆီးမှု ၁၂ ကြိမ်၊ မီးရှို့ဖျက်ဆီးမှုတစ်ကြိမ်၊ အကြမ်းဖက်သတ်ဖြတ်မှု ၃ ကြိမ်တို့ ကျူးလွန်ခဲ့ သူများဖြစ်ကြောင်း သိရသည်။                 

 ဆွေဦး






အခြားဆက်စပ်သတင်းများ