နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှာခေါင်းစည်းပြတ်လပ်နေ၍ အမေရိကန်ကျန်းမာရေးဝန်ထမ်းများ အသုံးပြုပြီး နှာခေါင်းစည်းကို ပြန်သုံးနေရ

ဧပြီ ၂၊ ဝါရှင်တန် အမေရိကန်နိုင်ငံတွင် N95 နှင့် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများ ပြတ်လပ်နေခြင်းကြောင့် ကျန်းမာရေး ဝန်ထမ်းများမှာ အသုံးပြုပြီးသား နှာခေါင်းစည်းများကို ထပ်ဖန်တလဲလဲ အသုံးပြုနေရသည်ဟု သတင်းများတွင် ဖော်ပြသည်။ ကျန်းမာရေးဝန်ထမ်းများမှာ နှာခေါင်းစည်း လုံးဝမရနိုင်သည့် အခြေအနေတွင် လက်ကိုင်ပဝါကို မျက်နှာ တွင် စည်းထားရသည်ဟု ဆိုသည်။ လူကြားထဲ သွားလာလှုပ်ရှားရာတွင် ပြည်သူအားလုံး နှာခေါင်းစည်းတပ်ဆင်ရန် အကြံပြုသင့်၊ မပြုသင့်ဆိုခြင်းကို အမေရိကန်နိုင်ငံ ကျန်းမာရေးအာဏာပိုင်များက အချေအတင်ဆွေးနွေးလျက်ရှိသည်။ ပိတ်စနှင့်ချုပ်လုပ်ထားသည့် နှာခေါင်းစည်းတပ်ဆင်ပါကလည်း ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေကို လျှော့ချပေးနိုင်သည်ဟု ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ အတွင်းရေးမှတ်တမ်းတစ်ခုတွင်ရေးသားထားကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြသည်။ အမေရိကန်ပြည်သူများအနေဖြင့် နှာခေါင်းစည်းဝတ်ဆင်နိုင်ခြင်းမရှိပါက ခေါင်းစည်းပဝါခြုံထားနိုင်သည်ဟု ဒေါ်နယ်ထရမ့်က ပြောသည်။ လက်ရှိထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအရ ကျန်းမာရေးဝန်ထမ်းများ၊ နာမကျန်းဖြစ်နေသူများနှင့် ယင်းတို့ကို စောင့်ရှောက်ပေးသူများသာ နှာခေါင်းစည်းတပ်ဆင်သင့်သည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၁၉၀၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၅၀၀၀ ကျော် ရှိလာခဲ့သည်။ အမေရိကန်နိုင်ငံမှာ COVID-19 ကြောင့် လူသေဆုံးမှုအများဆုံးဖြစ်သည့် အီတလီနိုင်ငံကဲ့သို့ ဖြစ်လာမည့် အလားအလာ ရှိနေသည်ဟု အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်က ပြောသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ