နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြီးဆုံးတောမီးလောင်ကျွမ်းမှု စပိန်အလယ်ပိုင်းတွင် ဖြစ်ပွား

မက်ဒရစ်   ဩဂုတ်   ၁၈


၂၀၂၁ ခုနှစ်အတွင်း စပိန်နိုင်ငံ၏ အကြီးဆုံးတောမီးသည် စားကျက်မြေနှင့် သစ်တောများ ဟက်တာ ၁၀,ဝ၀ဝ ဝန်းကျင် အထိ လောင်ကျွမ်းပြီးနောက်   လက်ရှိတွင် ဆက်လက် လောင်ကျွမ်းလျက်ရှိကြောင်း အစိုးရကိုယ်စားလှယ်တစ်ဦးက အတည်ပြု ပြောကြားလိုက်သည်။ 


Avila ပြည်နယ်ရှိ Navalacruz နှင့် Cepeda မြို့ငယ်များ အကြား လမ်းခုလပ်တွင် မော်တော်ယာဉ်တစ်စီး မီးလောင် ကျွမ်းခဲ့ပြီးနောက် ယင်းမီးသည် အနီးဝန်းကျင်ရှိ ကျေးလက် ဒေသသို့ ကူးစက်ပျံ့နှံ့သွားရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လေပြင်းတိုက်ခတ်မှုများနှင့် အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်ကျော်ရှိနေခြင်းတို့က တောမီးကို ကီလိုမီတာ ၄၀ ထက်ကျော်အထိ ကူးစက်ပျံ့နှံ့သွားရန် အထောက်အကူ ဖြစ်စေခဲ့ပြီး Solosanchoမြို့၊ Sobedillo မြို့၊ Riofrio မြို့၊ Sotalbo မြို့နှင့် Villaviciosa မြို့များမှ လူ ၁၀ဝ၀ ခန့်ကို ဘေးလွတ်ရာသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ 


လက်ရှိတွင် စပိန်လက်နက်ကိုင်တပ်ဖွဲ့များမှ အရေးပေါ် တုံ့ပြန်ရေးတပ်ဖွဲ့ဝင် ၁၅၀ ဦးအပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၅၀ဝ တို့က မီးကိုငြှိမ်းသတ်လျက်ရှိပြီး  လေယာဉ်  ၅ စီးနှင့် ရဟတ်ယာဉ် ၂ စီးအား ဖြန့်ချထားကြောင်း သိရသည်။ 


မီးလောင်ကျွမ်းရာမှ ထွက်ပေါ်လာသော ပြာမှုန့်များသည် စပိန်နိုင်ငံ Comunidad de Madrid ဒေသ အနီးပတ်ဝန်းကျင်ရှိ အချို့မြို့များပေါ်သို့ ကျရောက်ခဲ့ပြီး ကီလိုမီတာ ၁၂၀ ကျော်မှပင် မီးခိုးများကိုမြင်နိုင်ကြောင်း သိရသည်။ ယင်းမှာ စပိန်နိုင်ငံ၌ စံချိန်တင်ဖူးခဲ့သမျှထဲတွင် အမြင့်ဆုံးအပူချိန်ဖြစ်ပြီး စပိန်နိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်း၌ ရက်ပေါင်းများစွာအပူချိန် ၄၀  ဒီဂရီစင်တီဂရိတ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 


ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ