နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နီကိုတင်းဆိုးကျိုးများ

နီကိုတင်းဓာတ်သည်လူကို စွဲလမ်းစေတတ်သောဂုဏ်သတ္တိရှိပြီး စိတ်ကိုပါပြောင်းလဲစေတတ်သည်။ လေ့လာမှု မှတ်တမ်းများအရ နီကိုတင်းစွဲလမ်းမှုသည်အရက်စွဲလမ်းမှုထက် ၆ ဆ မှ ၈ ဆ အထိ ပိုကြောင်းသိရသည်။ ထို့ကြောင့်လည်း နီကိုတင်းကိုသုံးစွဲ မိသွားသူများမှာ ၉၅ ရာ ခိုင်နှုန်းမှ ၁၀ဝ ရာခိုင်နှုန်းအထိ ဖြစ် သွားကြသည်။ ဆေးလိပ်ထဲတွင်ပါရှိသော နီကိုတင်းဓာတ်သည် ကောင်းစွာအိပ်စက်မှုကို နှောင့်ယှက်ရုံသာမက၊ အဆုတ်ထဲရောက် သွားသောနီကိုတင်းအဆိပ်ဓာတ်တို့သည် အိပ်ပျော်နေစဉ် အသက်ရှူလမ်းကြောင်းကိုပါ အဟန့်အတားဖြစ်စေသည်။ ထိုမျှမက နှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်၊ လေဖြတ်၊ အဆုတ်ပြွန်ရောင်၊ အဆုတ်ပွ၊ သွေးတိုး၊ခြေပုပ်လက်ပုပ်၊ပန်း သေပန်းညှိုး၊ ပါကင်န်ဆဲန် (ခေါ်) ခြေတုန်လက်တုန်ရောဂါ၊ အယ်လ် ဇိုင်းမား (ခေါ်) ဦးနှောက်ဇရာကြိုရောဂါ၊ အူရောင်ရောဂါ၊ သတိမေ့ လျော့သွားခြင်း၊ စိတ်ကျရောဂါ၊ အဝလွန်ခြင်း၊ အဆစ်အမြစ် ရောင်နာရောဂါစသည့် ရောဂါများစွာကို  ခံစားရနိုင်သည်။ ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်တိုင်ဆေးလိပ်သောက်၍ဖြစ်စေ၊ ကိုယ်ဝန်ဆောင်စဉ် second smoker အဖြစ်နီကိုတင်းဓာတ်ကို မကြာခဏရှူရှိုက်မိ၍ဖြစ်စေ မိခင်ရောသန္ဓေသားပါဆိုး ကျိုးများစွာ ကိုခံစားရနိုင်သည်။  နီကိုတင်းဓာတ်ကြောင့် ခံတွင်း၊ ဆီး၊ ချွေးနံ့ ဆိုးတွေပါထွက်စေသည်။ 


နီကိုတင်းစွဲလမ်းခြင်း ပုံစံသစ်များ


တစ်ကမ္ဘာလုံးတွင်ဆေးလိပ်၊ဆေးရွက်ကြီးသုံးစွဲမှုကို ထိန်းချုပ် လျှော့ချရန် အရှိန်အဟုန်မြှင့်တင်  ကြိုးပမ်းလာကြသောအခါ ဝိသမလောဘသား စီးပွားရေးလုပ်ငန်းရှင်တချို့က လူကိုစွဲလမ်း စေသည့်နီကိုတင်းကို အခြားနည်းလမ်းများဖြင့် သုံးစွဲမှုပျံ့နှံ့လာစေရန်ကြိုးပမ်းလာကြသည်။ စီးကရက်နှင့် အီလက်ထရွန်းနစ်သုံး အငွေ့ရှူကိရိယာများသာမက ရေပြောင်း(waterpipe) နှင့် shisha ကဲ့သို့သော အငွေ့ရှူကိရိယာအသုံးအဆောင်များ သည် နီကိုတင်း၏ ပုံစံသစ်များဖြစ်သည်။ နီကိုတင်းကို အီလက်ထရွန်းနစ်နည်းဖြင့် သုံးစွဲသည့်ပုံစံသို့ ပြောင်းသွားပြီး ခေတ်မီစတိုင်ကျသည့်ပုံစံအဖြစ်လူငယ် လူထုအတွင်း ထိုးဖောက်ဝင်ရောက်လာသည်။ နီကိုတင်းသာမက အခြားဓာတုပစ္စည်းများ၊ အနံ့အရသာများဖြင့် ထုတ်လုပ်ထားသည့် အီးစီးကရက်အမျိုးမျိုးတို့ကို ကျပ်သောင်း ဂဏန်း၊ သိန်းဂဏန်းတန်ဖိုးများဖြင့် ဈေးကွက်ထဲတွင်ကျယ်ကျယ် ပြန့်ပြန့်ဝယ်ယူသုံးစွဲနေကြသည်။ တရုတ်၊မလေးရှား၊ဂျပန်၊ဗြိတိန်၊ အမေရိကန်ကုမ္ပဏီထုတ်အီးစီးကရက်တို့ကို ဈေးကြီးကြီးပေးဝယ်ကာ စတိုင်ထုတ်သုံးစွဲခြင်းဖြင့် ခေတ်မီသည်၊ အဆင့်အတန်းရှိသည် ဟုအတွေးအထင်မှားနေကြခြင်းမှာ ငွေကိုမီးရှို့၍မိမိကိုယ်ကို အသက်တိုစေခြင်းသာဖြစ်ပေသည်။ ထို့ ကြောင့်အသိ၊သတိဖြင့် မိမိကိုယ်တိုင်စိတ်ကို ထိန်းချုပ်ဖို့အထူးလိုအပ် သလိုသက်ဆိုင်ရာဌာနများအနေဖြင့်လည်း ဥပဒေပြဌာန်းချက်များနှင့်အတူ ဘက်ပေါင်းစုံမှ ဝိုင်းဝန်းထိန်းချုပ်ကာ  လူငယ်၊လူရွယ်များအတွင်း အသိပညာပေး ရေး၊ တားဆီးထိန်းချုပ်ကာကွယ်ရေးတို့ကိုလည်းပြည်သူလူထုကြားထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းပေးဖို့လိုပါသည်။


တစ်ဆင့်ခံဆေးလိပ်ငွေ့ အန္တရာယ်


အိမ်သာ(Toilet)ထဲတွင်လည်းကောင်း၊ အိမ်ခန်းအတွင်းမှာ သော်လည်းကောင်း ဆေးလိပ်သောက်သူ တစ်ဦးရှိနေပါက ဆေးလိပ်ငွေ့သည် လေထဲတွင် ငါးနာရီခန့်ကြာသည်အထိပျံ့လွင့် နေတတ်သည်။ ထိုအငွေ့ကိုကျန်မိသားစုများက second smoker အဖြစ်ရှူရှိုက်ကြရသည်။ လေ့လာမှုမှတ်တမ်းများအရ ယနေ့ ကမ္ဘာပေါ် ရှိလူအများစုက ဆေးလိပ်မသောက်သော်လည်းဆေးလိပ် ငွေ့ရှူမိသူ second smoker မှာနှစ်စဉ် လူဦးရေ ခြောက်သိန်း ခန့် သေဆုံးနေကြရကြောင်းသိရသည်။ ရုံးခန်း၊ အိမ်ခန်း၊ အိမ်စီး ကားများအတွင်း ဆေးလိပ်သောက်ပါက ဆေးလိပ်အမှုန်များသည် ကြမ်းပြင်၊ ကြမ်းခင်း၊ ကော်ဇော၊ ဆိုဖာဆက်တီ၊ ဗီရိုစသည်တို့ အပေါ်တွင် စွဲတင်ကျန်နေပြီး နီကိုတင်းဓာတ်မှာ ရက်ပေါင်းများစွာ တည်ရှိနေသည်။ 


ကျန်းမာရေးအတွက်လွန်စွာ အန္တရာယ်များပြီး ၄င်းပြဿနာကို Thirdhand Smoke ဟုခေါ်သည်။ တစ်ဆင်ခံ ဆေးလိပ်ငွေ့သည် ပုံမှန်ဆေးလိပ်သောက်သူများ၏ ဖြစ်စဉ်ကဲ့သို့ပင် အဆုတ်နှင့်အသက်ရှူလမ်းကြောင်းရောဂါများ ဖြစ်စေသည်။  တစ်ဆင့်ခံဆေးလိပ်ငွေ့သည် လူကြီးများတွင် ပန်းနာ ရင်ကျပ်ရောဂါ စတင်ဖြစ်ပေါ်စေနိုင်ခြင်း၊အကယ်၍ရောဂါရှိပြီးသူဖြစ် ပါက ရောဂါ အခြေအနေပို၍ဆိုးရွားလာစေခြင်း၊ ကုသမှုခက်ခဲခြင်းတို့ဖြစ်စေနိုင် သည်။ ထို့ပြင်ဆေးလိပ်ငွေ့နံ့ကြာရှည်စွာ ရှူရှိုက်နေရပါက နာတာ ရှည်အဆုတ်လမ်းကြောင်းကျဉ်းရောဂါ ဖြစ်ပွားစေနိုင်သည်။


ဆေးလိပ်သောက်သူများ ကိုဗစ်-၁၉ ရောဂါ ပိုမိုပြင်းထန်နိုင်


ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုရောဂါသည် နမိုးနီးယား (အဆုတ်ရောင်ရောဂါ) တစ်မျိုးဖြစ်သည်။ လူတို့ အသက်ရှူလိုက် သောအခါ လေထဲရှိ အောက်စီဂျင်ဓာတ်က အသက်ရှူလမ်းကြောင်း၊ အဆုတ်၊ နှလုံးတို့မှတစ်ဆင့် သွေးထဲသို့ ရွေ့လျားသွားလေ့ရှိ သည်။ ထိုစဉ် ဗိုင်းရပ်စ်ပိုးပါသောလေကိုရှူရှိုက်မိပါက အဆုတ်၏ အခန်းငယ်များတွင်း  ရေများဖြင့် ပြည့်နှက်သွားသည်။ ရောဂါ လက္ခဏာများအဖြစ် ကိုယ်အပူချိန်မြင့်တက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ကြွက်သား နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက် ခြင်းနှင့်  လည်ပင်းနာခြင်းတို့ကို ဖြစ်စေသည်။ ကိုယ်ခံအား နည်းသူများတွင်  ပို၍ထိခိုက်စေနိုင်ပြီး၊ ကျောက်ကပ်၊ နှလုံး၊ သွေးတိုး၊ အဆုတ်၊ ကင်ဆာ စသည့်ရောဂါအခံရှိသူများလည်း ကိုရိုနာဗိုင်းရပ်စ်ပိုးကို တွန်းလှန်နိုင်ရန်ခက်ခဲသည်။ ထို့ထက် အဆိုးရွားဆုံးမှာဆေးလိပ်၊ ဆေးရွက်ကြီးကို ယခင်ကတည်းက အဆက်မပြတ်သောက်သုံးလာခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံစားရသူသည်၊ ယခင်ကဆေးလိပ် လုံးဝမသောက် သူထက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဆုတ်ပျက်စီးမှုဒဏ်ကို နှစ်ဆကျော်မျှ ပို၍ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် နီကို တင်းဆိုးကျိုးများအဖြစ် အဆုတ်ကိုထိခိုက်ခံထားရပြီးဖြစ်ရာ၊ ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေသောကိုရိုနာဗိုင်းရပ်စ်ပိုးအဆုတ်ထဲသို့ ဝင်ရောက်ခြင်းကစိုးရိမ်ရေအမှတ်သို့ ကျော်လွန်ခဲ့ပြီဖြစ်သည်။ 


နီကိုတင်းဓာတ်အဆိပ်ဖြေနည်း


ဆေးလိပ်၊ဆေးရွက်ကြီးမှနီကိုတင်းဓာတ်က လူ့သက်တမ်း ကို တိုတောင်းစေနိုင်ကြောင်းကို ကျန်းမာရေး အသိရှိနေကြ သော်လည်း၊ လူအများစုက ဖြတ်တောက်ရန် ခက်ခဲနေကြသည်။ သို့ပါ၍ နီကိုတင်းအဆိပ်များပြေပျောက်စေမည့် အောက်ဖော်ပြပါ အစားအစာလေးများကို စားသုံးနိုင်ကြပါစေကြောင်း အကြံပြု ပေးလိုက်ရပါသည်။


လက်ဖက်ခြောက်ခပ်ထားသော ရေနွေးပူပူ၊ ပူရှိန်းဓာတ်ပါသော ပီကေ(သို့မဟုတ်)အချိုဓာတ်လျော့သောပူရှိန်း သကြားလုံးများ၊  ပူရှိန်းငုံဆေးပြားများက ဆေးလိပ်သောက်ချင်စိတ်ကို ချိုးနှိမ်ကာ ခံတွင်းချဉ်ခြင်းမှလည်း သက်သာစေပါသည်။ 


ရေများများသောက်ပါ


ဆေးလိပ်ဖြတ်ခြင်းကို အထောက်အကူပြုသည့် bupropion (Zyban) နှင့် varenicline (Chantix) စသော ဆေးဝါးများ မှီဝဲသောက်သုံးပါ။

မုန်လာဥနီကဆေးလိပ်သောက်သုံးသူများနှင့် စီးကရက်မီးခိုး ငွေ့ရှူရှိုက်မိသူများအတွက် နီကိုတင်းအဆိပ်ငွေ့ဖြေပေးနိုင် ပါသည်။


ဘရိုကိုလီ (ခေါ်) ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီဖြူ၊ ပန်းငရုတ်ပွ (ခေါ်) ငရုတ်ချို၊ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ အစိမ်းရောင် ပဲသီး အမျိုးမျိုး၊ သကြားမုန်လာ(ခေါ်) Beet Root ၊ပဲစေ့၊ ပူဒီနာရွက်၊ ရွှေဖရုံသီး၊ တရုပ်နံနံပင်၊လက်ဖက်၊ဟင်းနုနယ်ရွက်စသည့် ဟင်းသီး ဟင်းရွက်များစားပေးပါ။


မချိုသောလိမ္မော်သီး၊ တောငှက်ပျောဖူး၊ကီဝီသီး၊ ငှက်ပျောသီး၊ ပန်းသီး၊ တလည်းသီး၊ သံပရာသီး၊ ဘယ်ရီသီးအမျိုးမျိုး၊ ဂရိတ်ဖရုသီး၊ တောရှောက်ခါးသီး၊ အခွံမာသီးအမျိုးမျိုး၊ မာလကာ ရွက်၊ သခွားမွှေးသီးစသည့် သစ်သီးဝလံများစားပါ။


ချင်း(ဂျင်း)၊ ချင်းစိမ်း၊ ချင်းတက်၊ နနွင်း၊ ကြက်သွန်ဖြူ၊ ကြက် သွန်နီ၊ ငရုတ်သီး၊ ငရုပ်ကောင်းစသည့် ဟင်းခတ် အမွှေးအကြိုင် များကလည်းခန္ဓာကိုယ်တွင်းရှိနီကိုတင်းအဆိပ်အတောက်များကိုဖယ်ရှားသုတ်သင်ပေးနိုင်ပါသည်။


အချုပ်အားဖြင့်ဆိုသော် မြန်မာနိုင်ငံတွင်မကူးစက်နိုင်သောရောဂါများဖြစ်ပွားရခြင်းအကြောင်းရင်းများအနက် ဆေးလိပ် (စီးကရက်သောက်ခြင်း)၊ကွမ်း(ဆေးရွက်ကြီးစားခြင်း)တို့မှာအဓိကအကြောင်းရင်းများဖြစ်သည်။ဆေးလိပ် သောက်၊ကွမ်းစားသည့်အလေ့အထမှာလည်းအိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ် ပါက လွန်စွာမြင့်မားနေကြောင်း၊ မြန်မာနိုင်ငံတွင်လူ၁၀ဝလျှင် ၂၆ ဦးကျော်က ဆေးလိပ်သောက်ကြပြီး၊ ၄၃ ဦးက ဆေးပါသည့် ကွမ်းကို စားနေကြကြောင်း၊ဆေးလိပ်သောက်ကွမ်းစားကြရာတွင်အမျိုးသားများသာမက အမျိုးသမီးများလည်းပါဝင်နေကြကြောင်း စစ်တမ်းများအရသိရသည်။ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်မှာ ၂၀၂၁ ခုနှစ်၊ မတ်လတတိယပတ်တွင် တစ်နှစ်ပြည့်တော့မည် ဖြစ်သည်။






အခြားဆက်စပ်သတင်းများ