နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်အချို့၌ လက်နက်ခဲယမ်း၊ ပစ္စည်း၊ ကိရိယာများနှင့် ရောင်းဝယ်သူများကို ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊  ဇူလိုင် ၁၁


လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် စုံစမ်းဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စစ်တောင်းတံတားအသစ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်များကို စစ်ဆေးနေစဉ် မြဝတီမြို့ ဘက်မှ ရန်ကုန်မြို့ဘက်သို့ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ ဇော်ဇော်အောင်၊ ၃၅ နှစ်၊ (ဘ)ဦးသန်းဌေး မောင်းနှင်ပြီး ကျော်လွင်၊ ၄၅ နှစ်၊ (ဘ)ဦးမြအောင် လိုက်ပါလာသော YGN 6C/3110 Hyundai ခရီးသည်တင် မှန်လုံယာဉ်အား စစ်ဆေး ခဲ့ရာ ယာဉ်၏ ဝမ်းဗိုက်အတွင်း တင်ဆောင်လာ သော “စည်သူ” အမည်ပါ  ကတ်ထူပုံးအတွင်းမှ ပွိုင့် ၄၅ ( ငွေရောင် ) ပစ္စတိုတစ်လက်နှင့် ပွိုင့် ၃၈ ကျည် ၁၀၀ တောင့်၊ Air Gun လေးလက်နှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။ 


ကတ်ထူပုံးပေါ်တွင် ရေးသားထားသည့် “စည်သူ”အမည်အား ဆက်လက်စုံစမ်းဖော်ထုတ် ခဲ့ရာ ဇွန် ၂၇ ရက်၊ ည ၁၀ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ၁၆၁ လမ်း၊ တိုက်အမှတ် ၈၊ ၈ လွှာရှိ တိုက်ခန်း၌ မျိုးစည်သူ၊ ၃၁ နှစ်၊ (ဘ)ဦးမျိုးမြင့်ကို Air Gun တစ်လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။ 


တရားခံ မျိုးစည်သူ၏ ထွက်ဆိုချက်အရ ဇွန် ၂၈ ရက်၊ ညနေ ၅ နာရီခန့်တွင် ရန်ကုန် တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဦးဝိစာရလမ်း၊ အိမ်အမှတ်(၃၁၆)နေ ဇာဏီထွန်း၊ ၂၉ နှစ်၊ (ဘ) ဦးခင်မောင်မြင့်အား ပွိုင့် ၂၂ ကျည်ဖြင့် ပစ်ခတ် ရသော လက်လုပ်ပစ္စတိုတစ်လက်၊ ယင်းကျည် ၃၀၀ တောင့်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


အလားတူ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆို ချက်အရ ဇွန် ၂၉ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၅၈) ရပ်ကွက်၊ ဦးစောမောင်လမ်းနှင့် ဦးဘသော်လမ်းထောင့်၊ အိမ်အမှတ်(၁၀၅၈)နေ ကျော်ကျော်မိုး(ခ)မိုးသဲ(ခ)ငလုံး၊ ၄၀ နှစ်၊ (ဘ)ဦးအောင်သန်းအား Pen Gun တစ်လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ယင်း၏နေအိမ်မှ Glock ပစ္စတိုတစ်လက်၊ Pen Gun တစ်လက်နှင့် လက်နက်ဆက်စပ်ပစ္စည်းများ ထပ်မံရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။


တရားခံ ကျော်ကျော်မိုး(ခ)မိုးသဲ(ခ) ငလုံး ၏ ထွက်ဆိုချက်အရ ဘုရားသုံးဆူမြို့နေ ကျော်လင်းအောင်မှပေးပို့သည့် လက်နက်ခဲယမ်း များ တောင်ဥက္ကလာပမြို့နယ်၊ ၆ ရပ်ကွက်၊ ဝေဇယန္တာလမ်း၊ အမှတ်(၁၂၄၃/အေ)ရှိ Royal Express အမြန်ချောပို့လုပ်ငန်းရုံးတွင် ရောက်ရှိ နေကြောင်း ဖော်ထုတ်ရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သွားရောက် စစ်ဆေးရှာဖွေခဲ့ရာ “ကိုဝင်းညို”  အမည်ဖြင့် မုံရွာမြို့သို့ ပို့ဆောင်မည့် ပါဆယ်ထုပ်အတွင်းမှ Glock ပစ္စတိုတစ်လက်၊ ကျည်အိမ် နှစ်ခု၊ ၉ မမကျည် ၄၈ တောင့်၊ “ကိုနောင်” အမည်ဖြင့် ရွှေဘိုမြို့သို့ ပို့ဆောင်မည့် ပါဆယ်ထုပ်အတွင်းမှ ပွိုင့် ၂၂ ကျည် ၁၀၀ တောင့်နှင့် “ကိုအောင်ထွန်း” အမည်ဖြင့် မြန်အောင်မြို့သို့ ပို့ဆောင်မည့် ပါဆယ်ထုပ်အတွင်းမှ ရွှေဝါရောင် Pen Gun  တစ် လက်၊ ပွိုင့် ၂၂ ကျည် ၂၀၀ တောင့်တို့အား ထပ်မံရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။


တရားခံ မျိုးစည်သူ၏ ထွက်ဆိုချက်အရ မြောင်းမြမြို့၊ မြစန္ဒာရပ်ကွက်၊ ကမ်းနားလမ်းနေ မျိုးသူရဦး၊ ၂၁ နှစ်၊ (ဘ)ဦးသိန်းမင်းထွန်း၊ ချစ်စိန်ဦးဆန်စက် လုပ်ငန်း လုပ်ကိုင်သူမှ သေနတ် တစ်လက်မှာယူထားကြောင်း ထပ်မံဖော်ထုတ်ရရှိ သဖြင့်  ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဇူလိုင် ၃ ရက်၊ နံနက် ၁၀ နာရီခွဲတွင် မြောင်းမြမြို့ရှိ “ဆုမွန်” ကုန်စည်ပို့ဆောင်ရေးဂိတ်၌ မျိုးသူရဦး ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏နေအိမ်သို့ သွားရောက် ရှာဖွေခဲ့ရာ ပွိုင့် ၂၂ Pen Gun     တစ်လက်၊ ယင်း ကျည် ၂ တောင့်၊ Gas Gun နှစ်လက်နှင့် ဆက်စပ် ပစ္စည်းများကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။  


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇူလိုင် ၆ ရက်တွင် မန္တလေးမြို့၌ လက်နက်/ခဲယမ်းများ ရောင်းဝယ်နေသူ တာရာ(ခ)မျိုးကိုကို(ခ)မျိုးဇော်၊ ၃၁ နှစ်၊ (ဘ)ဦးသိန်းလွင် ကို ပြည်ကြီးတံခွန်မြို့နယ်၊ စံပြလမ်း၊ ၆၀ x ၆၁ ကြား၊ “စံပြ” လက်ဖက်ရည်ဆိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဇူလိုင် ၇ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်း၊ ၁၂၈ x ၁၂၉ လမ်းရှိ ယင်း၏နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ လက်နက်များပြုလုပ်ရာတွင် အသုံးပြုသည့် ဝရိန် စက်တစ်လုံး၊ လေထိုးတံတစ်ချောင်း၊ သံဖောက် စက်တစ်ခု၊ ဆူးသွားဆိုဒ်စုံ ခြောက်ချောင်း၊ စပရိန်အသေးခြောက်ခု၊ လေအိုးသုံးလုံး၊ လေဘားတစ်ခု၊ မီးသတ်ဆေးဘူးခေါင်းတစ်ခုနှင့် လေသေနတ်သံကိုယ်ထည်တစ်ခုတို့ကို ရှာဖွေ တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်းနှင့် တရားခံ တာရာ(ခ)မျိုးကိုကို(ခ)မျိုးဇော်၏ ထွက်ဆိုချက် အရ လက်နက်ခဲယမ်းများကို မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာ အရှေ့ရပ်ကွက်ရှိ အောင်ရတနာကားဂိတ်မှ တစ်ဆင့် ရေဦးမြို့သို့ စည်သူအောင် အမည်ဖြင့် ပို့ဆောင်ထားကြောင်း ဖော်ထုတ်ရရှိသဖြင့် သွား ရောက်စစ်ဆေးရှာဖွေခဲ့ရာ Pen Gun တစ်လက်၊ ပွိုင့် ၂၂ ကျည် ၁၀၀ တောင့်တို့ကို ထပ်မံရှာဖွေ တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

ဆွေဦး






အခြားဆက်စပ်သတင်းများ