နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အချိန်ကိုအကျိုးရှိရှိ အသုံးချကြရအောင်

စာဖတ်မိတ်ဆွေများရှင့် မိမိနှင့် မိသားစုမှာ COVID-19 ဘေးကင်းဝေးစေဖို့ ကြိုတင်ကာကွယ်တဲ့အနေဖြင့် ပြင်ပသွားလာမှုလျှော့ပြီး အိမ်တွင်းအောင်းနေကြရလို့ ငြီးငွေ့နေကြပြီလား။ စိတ်မပျက်ပါနဲ့။ ခုလို အိမ်ထဲနေရချိန်မှာ အချိန်ကိုအကျိုးရှိရှိ အသုံးချကြရအောင်ပါ။ အတူတူ ဖြတ်သန်းကြရအောင်ပါ။ ယခင်က နိစ္စဓူဝ အပြင်အလုပ်ထွက်လုပ်နေခဲ့ရတော့ နံနက်အိပ်ရာထ တက်သုတ်ရိုက် အလုပ်ကိုသွား၊ မိုးကြီးချုပ်မှ အိမ်ပြန်ရောက်ခဲ့ကြရပါတယ်။ ခုတော့ COVID-19 ရှောင်ရင်း မိသားစုနဲ့ အတူနေရချိန်ဖြစ်လာပြီမို့ ပျော်ပျော်ပါးပါး အချိန်တွေ ဖြတ်သန်းကြပါ။ ဒိုးဇက်ကစားခြင်း၊ ကျားထိုးခြင်း၊ အံစာတုံးလေးခေါက်ပြီး မြွေကစားခြင်း၊ SUDOKU (အက္ခရာဂဏန်းလေးတွေ စီခြင်း) စတဲ့ ကစားနည်းလေးတွေက ကလေး၊ လူကြီး အရွယ်အားလုံး အတူတကွ ဆော့ကစားလို့ရပါတယ်။ ဒီကစားနည်းက အချိန်ကုန်မှန်းမသိ ပေါ့ပေါ့ပါးပါး အချိန်ကုန်စေတာကြောင့် ပျင်းရိငြီးငွေ့ခြင်းကို မဖြစ်စေ တော့ပါဘူး။ ဒါ့ပြင် ဖြတ်ထိုးဉာဏ်ကောင်းစေသလို မျက်စိလျင်တဲ့ အလေ့အကျင့်ကောင်းကိုလည်း ရရှိစေပါတယ်။ မိသားစုချစ်ခင်ရင်းနှီးမှုလည်း တိုးလာစေပါမယ်။ ရှိတာလေးနဲ့ ပျော်ပျော်ပါးပါး မုန့်လုပ်စားပါ။ အနည်းဆုံး လက်ဖက်သုပ်လေးတစ်ပွဲကို ရေနွေးကြမ်းအိုး တစ်အိုးနဲ့ မိသားစုတွေ စကားဝိုင်းဖွဲ့ စားနိုင်ပါတယ်။ ယခင်က အလုပ်သွား၊ အလုပ်ပြန်ချိန် မတူညီတာကြောင့် မိသားစုစုံညီ ထမင်းဝိုင်းမဖွဲ့နိုင်ခဲ့ကြပါဘူး။ ခုတော့ မျက်နှာစုံညီ ထမင်းလက်စုံစားနိုင်ပါပြီ။ “Home Education အစ မိသားစု ထမင်းဝိုင်းက” လို့ ဆိုရိုးစကားရှိပါတယ်။ အဓိပ္ပါယ်က မိသားစုတွေ တစ်ဦးပေါ်တစ်ဦး ငဲ့ညှာဝေမျှစားသောက်တတ်သော အလေ့အကျင့်က၊ အိမ်ပြင်ပ သူစိမ်း များနဲ့ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အတ္တကိုလျှော့ပြီး ပရဟိတစိတ် ထားတတ်ပါလိမ့်မယ်။ အိမ်မှာရှိတဲ့ မောင်ငယ်၊ ညီမငယ်လေးများ၊ တူလေး၊ တူမလေးများကို အဖော်ပြု၍ သုတစာအုပ်လေးတွေ ဖတ်ပြ ပါ။ ကလေးတွေကို သုတစာပေတွေ ဖတ်ချင်စိတ်ရှိလာအောင် ပျိုးထောင်ပေးသင့်တဲ့ အချိန်ကောင်းဖြစ်ပါတယ်။ စာဖတ်ချိန်မြှင့်တင်ရင်း ဗဟုသုတတွေ စုဆောင်းနိုင်ပါတယ်။ ဥပမာ နေ့လယ်ဘက်တွင် Mizzima Channel တီဗီလိုင်းကလာတဲ့ အိန္ဒိယရုပ်ရှင်ဇာတ်လမ်းတွေကလည်း အမှန်ပင် သုတရစေပါတယ်။ သူတို့နိုင်ငံ၊ သူတို့ရိုးရာ ဓလေ့ထုံးတမ်းတွေကို ရုပ်ရှင်ကြည့်ရင်း လေ့လာနိုင်ပါတယ်။ ယခင်က အချိန်ပေးမလုပ်နိုင်ခဲ့တဲ့ ဘုရားစင် သန့်ရှင်းရေး၊ ဘုရားပန်းအိုးများ တိုက်ချွတ်ဆေးကြောရေး၊ စာအုပ်ဘီဒို သန့်ရှင်းရေး၊ ဖိနပ်စင် သန့်ရှင်းရေး၊ အဝတ်ဘီဒို သန့်ရှင်းရေး၊ မီးဖိုချောင် သန့်ရှင်းရေး၊ ကြောင်အိမ် နဲ့ ရေခဲသေတ္တာ သန့်ရှင်းရေး၊ စတိုခန်း သန့်ရှင်းရေး၊ အိမ်တွင်းအိမ်ပြင် သန့်ရှင်းရေး၊ ခြံတွင်းခြံပြင် သန့်ရှင်းရေး စတာတွေကို ယခုပင် လုပ်ကြည့်လိုက်ပါ။ ခြင်ထောင်တွေ၊ စောင်တွေ၊ ခမ်းဆီးလိုက်ကာတွေ လျှော်ဖွတ်ရင်း၊ မွေ့ရာတွေ၊ ဖျာတွေ၊ ခေါင်းအုံးတွေကို နေပူထုတ်လှမ်းရင်းဖြင့် နွေနေပူပူကို ကောင်းကောင်းကြီး အသုံးချကြပါ။ ဗုဒ္ဓဘာသာဝင်များက အဓိဋ္ဌာန်ပြု ပရိတ်ရွတ်ဖတ်ခြင်း၊ ပုတီးစိပ်ခြင်းနဲ့ အာနာပါန တရားထိုင်ခြင်းဖြင့် အေးချမ်း မှုကို အရယူကြပါ။ လူစုလူဝေးရှောင်၊ လက်မကြာခဏဆေး၊ အိပ်ရေးဝဝအိပ်စက်၊ အာဟာရရှိအောင်စား၊ မလွဲမရှောင်သာ အပြင်ထွက်ရင် Mask တပ်၊ Mask အဟောင်းကို စနစ်တကျစွန့်ပစ်စတဲ့ အချက်အလက်တွေကို နားရည်ဝ နေကြပြီဖြစ်သော်လည်း အမှန်တကယ် လိုက်နာကျင့်ကြံဖို့ လိုပါတယ်။ ကောလာဟလတွေ မယုံကြပါနဲ့။ အကြောက်မလွန်ကြပါနဲ့။ မိမိ မိသားစု စားလောက်ရုံမျှသာ အစားအသောက် နှင့် အသုံးအဆောင်ကို ဝယ်ယူပါ။ စားသောက်ကုန်တွေ တနင့်တပိုး သိုလှောင်ခြင်းက ဈေးကွက်မှာ ပစ္စည်းပြတ်လပ် သွားစေသလို၊ ကုန်ဈေးနှုန်းတက်ခြင်းကို ဖြစ်စေနိုင်၍ တခြားသူများအတွက် ကိုယ်ချင်းစာနာတတ်ပါစေ။ Message အတုတွေကို အချင်းချင်း မဖြန့်ကြပါနဲ့။ Facebook ပေါ်က သတင်းကို သေချာဖတ်ပါ၊ ယုံသင့်မှယုံပါ၊ ချင့်ချိန်ပြီးမှ မျှဝေပါ၊ အလွယ်တကူ share မလုပ်ကြပါနဲ့။ တီဗွီ၊ ရေဒီယို၊ သတင်းစာများက ထုတ်ပြန်တဲ့ သတင်းမှန်ကို ဖတ်ရှုလိုက်နာပါ။ COVID-19 ကာကွယ်ဖို့ လက်ကို မကြာခဏ ဆေးရတဲ့အခါ လက်ဖမိုး၊ လက်ဖဝါး၊ လက်ကြား၊ လက်ခေါက်ချိုး၊ လက္ခဏာ၊ လက်ကောက်ဝတ် နေရာအားလုံးကို ဆပ်ပြာနဲ့ စက္ကန့် (၂၀) ကြာ ကုတ်ခြစ်ဆေးကြရပါမယ်။ အဲဒီလို ကုတ်ခြစ်နေစဉ်မှာ ရေကို အလဟဿ မပြုန်းတီးရလေအောင် ရေဘုံပိုင်ကို ခဏပိတ်ထားပါ။ စက္ကန့် (၂၀) ကြာ စိတ်တိုင်းကျ ကုတ်ခြစ်ပြီးမှ ရေဘုံပိုင်ကို ပြန်ဖွင့်ပါ။ နိစ္စဓူဝ မကြာခဏ လက်ဆေးရသော လူတစ်ဦး တစ်ယောက်မှသည် လူအများအားလုံး လက်ဆေးနေစဉ် ရေဘုံပိုင်ကို ခဏပိတ်ထားခြင်းအားဖြင့် ရေအလေ အလွင့်မဖြစ်ရလေအောင် ဤကမ္ဘာမြေကြီးအား စောင့်ရှောက်ကြစေလိုပါတယ်။ မြန်မာသူ မြန်မာသားများ၊ ကမ္ဘာသူ ကမ္ဘာသားများ COVID-19 ဘေး ဝေးကြပါစေ။ ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ