နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
*** မိန်းမဂုဏ်ရည် ***

ရှေးခေတ်ကျောက်စာများတွင် “ယောက်ယာ၊ မိမ” ဟူ၍ တွေ့ရပြီး ယောက်ယာကို ယောင်္ကျားဟု ခေါ်ဆို၍ မိမကို မိန်းမဟုခေါ်ဆိုခြင်းဖြစ်သည်။ ပေါရာဏကျမ်းဆရာတို့က နူးညံ့သိမ်မွေ့စွာသွား လာခြင်း၊ စားသောက်ခြင်း၊ နေထိုင်ခြင်းဆိုသည့် အမူအရာတို့ကို မြင်တွေ့ရသည့်အတွက် မိန်းမော နိုင်သည်ဖြစ်၍  “မိန်း” ဟုခေါ်ဆိုပြီး၊ လင်သား စသည့် အဆွေအမျိုးတို့ကို စောင်မကြည့်ရှုတတ် သည့်အတွက် “မ” ဟုခေါ်ဆိုပါသည်။ ထိုမိန်းနှင့်မ ကိုပေါင်း၍ မိန်းမဟူ၍ ခေါ်ဆိုညွှန်ပြကောက်ယူခဲ့ ပါသည်။


ရှေးပညာရှိနီတိဆရာများက “ရဟန်းတို့ သည် အကျင့်သီလနှင့် ပြည့်စုံရမည်၊ မင်းတို့ သည် စစ်သည်အင်္ဂါနှင့်ပြည့်စုံရမည်၊ မိန်းမတို့ သည် အဆင်းအင်္ဂါ နှင့်ပြည့်စုံရမည်”ဟု ဖွင့်ဆို ခဲ့ပါသည်။ မိန်းမတစ်ယောက်မှာ ခန္ဓာကိုယ် ရုပ်ရည်လှပမှု အဆင်းသာမက စိတ်နေစိတ်ထား လှပမှု အဆင်းနှင့်ပါ ပြည့်စုံနေပါမှ ထူးချွန် ပြည့်ဝသော မိန်းမကောင်းမိန်းမမြတ် ဖြစ် ပါမည်။ ရှေးပညာရှိကဝိ အကျော်အမော်တို့က မိန်းမအမျိုးအစားနှင့် အဆင့်အတန်းတို့ကို အောက်ပါအတိုင်း ခွဲခြားရေးသားထားကြပါ သည်။


(က) ပဒုမ္မနီမိန်းမတို့၏ လက္ခဏာ။ (၁) လဝန်း ကဲ့သို့သော မျက်နှာရှိ၏။ (၂) ညက်ညောသည့် အသားအရေရှိ၏။ (၃) တောက်ပဖြူစင်သောသွား ရှိ၏။ (၄) ခြေဖဝါး၊ လက်ဖဝါး ပြည့်ဖြိုး၏။ (၅)  ဆံပင်နက်မှောင်ရှည်လျား ကောင်းမွန်၏။ (၆)   လည်ပင်းတွင်  အရေးအရစ်သုံးခုရှိ၏။ (၇) သားမြတ် ကြီး၏။ (၈) ဟင်္သာကဲ့သို့ သွားလာတတ်ခြင်း မျိုးရှိ၏။ (၉) အသံသြဇာသာယာမှုရှိ၏။ (၁၀)   မိဘဆရာတို့အား ရိုသေလေးစားမှုရှိ၏။ (၁၁) လင်ယောင်္ကျားကို ချစ်ခင်ရိုသေ၏။ (၁၂) မကောင်း မှုကိုရှောင်ကြဉ်၍ကောင်းမှုကို ပြုတတ်၏။(၁၃)  အရှက်တရားကြီးမား၏။ (၁၄) ကြောက်ရွံ့လေး စားထိုက်သူကို ကြောက်ရွံ့၏။ (၁၅) ပညာ အရည်အချင်းနှင့်  ရုပ်ရည်ချောမောလှပမှုတို့နှင့် ပြည့်စုံ၏။ (၁၆) ပဒုမ္မာကြာကဲ့သို့သော ကိုယ်နံ့  ရှိ၏။ (၁၇) ကိုယ်အရသာချို၏။ (၁၈) မာတင်္ဂ ကဲ့သို့ ကြည့်ခြင်းမျိုးရှိ၏။ (၁၉) ကိုယ်သည် ချမ်း သောအခါတွင် နွေး၍၊ ပူသောအခါတွင် အေး၏။


(ခ) စိတ္တရနီမိန်းမတို့၏လက္ခဏာ။(၁) ရယ်ရွှင် မြူးတူးခြင်းများရှိ၏။ (၂) ခိုပေါက်ကဲ့သို့သောအသံ ရှိ၏။ (၃) လိပ်ကဲ့သို့ သွားလာမှုမျိုးရှိ၏။ (၄)အသားအရေ ပျော့ပျောင်းမှုရှိ၏။ (၅) မိဘဆရာတို့ အား ရိုသေလေးစားတတ်၏။ (၆) ကြာညိုနံ့ကဲ့သို့သောကိုယ်နံ့ရှိ၏။ (၇) လင်ကို ရိုသေတတ်၏။


(ဂ) သင်္ခနီမိန်းမတို့၏ လက္ခဏာ။(၁) ဆံပင်ရှည်လျား ကောင်းမွန်၏။ (၂) ပျားအနံ့ ကဲ့သို့သော ကိုယ်နံ့ရှိ၏။ (၃) သားမြတ်သည် သလဲသီးနှင့် တူ၏။ (၄) ခါးစင်း၍ ရင်ကော့၏။ (၅) ကိုယ်ဟန်သွင်ပြင် ပြေပြစ်၏။ (၆) ယစ်မငယ်၏သွား လာပုံမျိုးရှိ၏။ (၇) အမွှေးအကြိုင်ပန်းနံ့သာ မက်မော၏။ (၈) မကောင်းသောအရသာကို စား ၏။ (၉) ရာဂရမ္မက်ကြီး၏။ (၁၀) ယောင်္ကျားနှင့် ခဏတာလေးတောင် ကင်းကွာနေလိုစိတ် မရှိ ခြင်းဖြစ်၏ (၁၁) ရသေ့ရဟန်းကိုမြင်လျှင်ပင် မက်မော၏။


(ဃ) ဟတ္တနီမိန်းမတို့၏ လက္ခဏာ။(၁) တင်ပါးဆုံကြီးပြီး တင်ပါးမြင့်၏။ (၂) နားရွက်တိုပြီး နှုတ်ခမ်းကြီး၏။ (၃) နှာခေါင်းပိပြား၏။ (၄) မျက်စိသည် လောက်စာလုံးကဲ့သို့ ဝိုင်း၏။(၅)  ခါးတုတ်၏။ (၆) ပေါင်ရင်းတုတ်၏။ (၇) ခြေသလုံး ကြီးပြီး ခြေဖဝါးတို၏။ (၈) လက်ချောင်း၊ ခြေချောင်း တို၏။ (၉) သားမြတ်သေး၍ ချက်ကြီး၏။ (၁၀) ကိုယ်အရသာငံ၏။ (၁၁)ဆင်မကဲ့သို့သော သွားလာ ခြင်းမျိုးရှိ၏။ (၁၂)ဆင်မုန်နံ့ကဲ့သို့သောကိုယ်နံ့ ရှိ၏။ (၁၃) အမျက်ဒေါသကြီး၏။ (၁၄) လောဘ ရမ္မက်ကြီး၏။ (၁၅) ရာဂရမ္မက်ကြီး၏။ (၁၆) ယောကျာ်းမြင်လျှင် တိမ်းညွှတ်လွယ်၏။


မြန်မာမိန်းကလေးတို့သည် မိန်းမကောင်း မိန်းမမြတ်ဂုဏ်ရည်နှင့်  ပြည့်ဝသောမိန်းမ တစ်ယောက်ဖြစ်လာစေရန် အထက်ဖော်ပြပါ (၄)မျိုးအနက် ပဒုမ္မနီမိန်းမအမျိုးအစားနှင့်  စိတ္တရနီ မိန်းမအမျိုးအစားစာရင်းမှာ ပါရှိအောင်  မိမိကိုယ်ကိုပြုပြင် ထိန်းသိမ်းအပ်ပါသည်။ ဖော်ပြ ပါ ကြန်အင်လက္ခဏာများအပြင် မိန်းမကောင်း မိန်းမမြတ်တို့၏  အရည်အချင်း (၁၂) ရပ်နှင့် အညီ ကျင့်ကြံအားထုတ်နိုင်ဖို့ လိုအပ်ပါသည်။    ၄င်းတို့မှာ -

(၁) ရတနာသုံးပါး နှင့် မိဘဆရာသမားတို့ အား ရိုသေ၍ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အကျိုး၊ အပြစ်ကိုယုံကြည်ပြီးသဒ္ဒါတရားရှိဖို့ လိုပါသည်။


(၂)မကောင်းမှုဟူသမျှတို့ကို ပြောဆိုပြုလုပ်ရ မည်ကို အရှက်တရားရှိပြီး ရှောင်ကြဉ်တတ်ဖို့ လို ပါသည်။


(၃) မကောင်းမှုဟူသော ကိစ္စရပ်များကို ကြောက်တတ်ပြီး ဝေးဝေးက ရှောင်ရှားသင့်ပါ သည်။ 


(၄) ကိစ္စဟူသမျှတို့တွင် ဆတ်ဆတ်ထိမခံ အမျက်ဒေါသကြီးခြင်းမရှိဘဲ၊  စိတ်ရှည်ထား၍ သီးခံတတ်ရပါမည်။


(၅) အသိပညာ၊ အတတ်ပညာတို့ကို ရင့်သန် မှုရှိအောင် ကြိုးစားရပါမည်။


(၆) လူ့ကျင့်ဝတ်သိက္ခာကို စောင့်ထိန်းသည့် အနေဖြင့် သူတစ်ပါး၏ သိက္ခာဂုဏ်ကျေးဇူးတို့ကိုမဖျက်ဆီးသင့်ပေ။


(၇) သူတစ်ပါးအား မနာလိုဝန်တိုခြင်း မပြုရ၊ ငြူစူစောင်းမြောင်းခြင်းလည်း မပြုရပါ။


(၈) မိမိကဲ့သို့ လှလာမည်၊ မိမိကဲ့သို့ အခွင့် အလမ်းကောင်းရလာမည်၊ မိမိကဲ့သို့ ချမ်းသာလာ မည်ကို မကြိုက်သော သဝန်တိုစိတ်ထားမျိုးမထား ရ။


(၉) ကိုယ်ကျင့်သီလကို ထိန်းသိမ်းစောင့် ရှောက်ရပါမည် ( အနည်းဆုံး ၅ ပါးသီလကို လုံခြုံအောင် စောင့်ထိန်းရပါမည်)


(၁၀) အကြားအမြင်၊ ဗဟုသုတအတွေ့အကြုံ များရှိအောင် ဆည်းကပ်လေ့လာရပါမယ်။ လောက စာပေများ ဖြစ်ကြသည့် သုတစာပေ၊ ရသစာပေ၊ ဓမ္မစာပေတို့ကို ဖတ်ရှုလေ့လာ မှတ်သားပြီး၊ ကျင့် ကြံကြိုးကုတ်အားထုတ်တတ်ဖို့လည်း လိုပါ သည်။


(၁၁) မိမိကိုယ်တွင် အပျင်းထူသော စိတ်များ မမွေးရ။


(၁၂) အရာရာတွင်  သတိဝီရိယရှိနေရမှာဖြစ်ပြီး၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန် နေထိုင်ပြော ဆိုခြင်း မပြုသင့်ပေ။


မိန်းမသည် ယဉ်ကျေးမှု၏ မိခင်ဖြစ်သလို၊ မိန်းမကောင်းမိန်းမမြတ်၏ ဂုဏ်ရည်သည်လည်း တိုင်းပြည်နှင့်လူမျိုးဂုဏ်ရည်ကို မြင့်မားစေနိုင်မှာ ဖြစ်ပါသည်။ သို့ပါ၍ မြန်မာအမျိုးသမီးထုတစ်ရပ် လုံး မိန်းမဂုဏ်ရည်နှင့် ညီညွတ်စွာကျင့်ကြံကြိုးစား အားထုတ်ကြပါစို့ဟု တိုက်တွန်းနှိုးဆော် လိုက်ရပါ သည်။






အခြားဆက်စပ်သတင်းများ