နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင်နယ်တီအဆုံးအဖြတ်ဖြင့် ပြင်သစ်အသင်းကိုအနိုင်ရရှိပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့သည့် ဆွစ်ဇာလန်

 ဇွန် ၂၉


ယူရိုဖလားပြိုင်ပွဲ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တစ်ပွဲအဖြစ် ပြင်သစ် နှင့် ဆွစ်ဇာလန်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ ဆွစ်ဇာလန်က ပြင်သစ် အသင်းကို ၃ (၅) ဂိုး၊ ၃ (၄) ဂိုးဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ်ကိုတက် လှမ်းနိုင်ခဲ့ကြောင်း သိရသည်။


အဆိုပါပွဲစဉ်  ပထမပိုင်းတွင် ပြင်သစ်အသင်းက တိုက်စစ်ဆင်ကစား ခဲ့ပြီး အခွင့်အရေး အချို့ရရှိခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်သောကြောင့် ဆွစ်ဇာလန်အသင်း သက်သာရာရ ခဲ့သည်။  ဆွစ်ဇာလန်အသင်းက တန်ပြန်တိုက်စစ်ကနေသာ ပြင်သစ် အသင်းကို ဖိအားပေးကစားခဲ့ပြီး ပွဲ ကစားချိန် ၁၅ မိနစ်မှာ စတီဗင်ဇူဗာ ၏ ဖြတ်တင်ပေးပို့မှုကတစ်ဆင့် စီဖာ ရိုဗစ်က ခေါင်းတိုက် သွင်းယူပေးခဲ့ပြီး ဆွစ်ဇာလန်အသင်းတို့ ဦးဆောင်ဂိုးရရှိ ခဲ့သည်။


ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံး က အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့ကြပြီး ပွဲချိန် ၅၅ မိနစ်မှာ ဆွစ်ဇာလန် အသင်း ပင်နယ်တီရရှိခဲ့သော်လည်း ရိုဒရီဂွက်ဇ်၏ ကန်သွင်းမှုကို ပြင်သစ် ဂိုးသမားလိုရစ်က ပုတ်ထုတ် ကာကွယ် နိုင်ခဲ့သည်။


ပွဲချိန် ၅၇ မိနစ်နှင့် ၅၉ မိနစ်မှာ တိုက်စစ်မှူး ဘင်ဇီမာက ပြင်သစ် အသင်းအတွက် ချေပဂိုးနှင့် ဦးဆောင် ဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲချိန် ၇၅ မိနစ်မှာ ကွင်းလယ်လူ ပေါ့ဂ်ဘာက တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ သည်။ သို့သော် ဆွစ်ဇာလန်အသင်းက အကောင်းဆုံးပုံစံဖြင့် ပြန်လည်ကစား ခဲ့ပြီး ပွဲချိန် ၈၁ မိနစ်မှာ စီဖာရိုဗစ်နှင့် ပွဲချိန် မိနစ် ၉၀ မှာ ဂါဘရာနိုဗစ်တို့ က အဖိုးတန်ချေပဂိုးကို သွင်းယူပေး ခဲ့သည်။


ထို့နောက်  အချိန်ပိုဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး နှစ်သင်း စလုံး ထပ်မံ ဂိုးသွင်းယူနိုင်ခြင်း မရှိသော ကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရာ ပြင်သစ်အသင်း ကစားသမား အမ်ဘတ်ပီ ပင်နယ်တီလွဲချော်ခဲ့သော ကြောင့် ဆွစ်ဇာလန်အသင်းက အနိုင် ရရှိခဲ့ပြီး နောက်တစ်ဆင့်ကို တက်လှမ်း နိုင်ခဲ့ကြောင်း သိရသည်။            

  (သူရိန်)






အခြားဆက်စပ်သတင်းများ