နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့တော်ကို အလှဆင်ကြသူများ

ကိုရွှေမိုးက ရွာမလိုလို အုံ့မလိုလိုနှင့်။

ဝဠာတစ်ခွင်မှာ ခပ်မှိုင်းမှိုင်း။


ကျွန်တော့်စိတ်ထဲကတော့ ဒီမနက် ကိုရွှေ မိုး မရွာပါစေနှင့်ဟု ဆုတောင်းနေမိသည်။


မြို့ရွာသန့်ရှင်းရေးနှင့် လူ့ကောင်းကျိုး ဖော်ဆောင်မည့်သူများ၊ မိုးထဲရေထဲ ဆင်းရဲ ပင်ပန်းမဖြစ်စေလိုသောကြောင့်ပင်။


မြို့တော်သတင်းစာ၊ သတင်းထောက်ချုပ် ဦးစောသိန်းဝင်းတို့သားအဖက မနေ့ညကတည်း က ဖုန်းဆက်ထား၍ နံနက်စောစောထကာ မျက်နှာသစ်၊ ကာယလေ့ကျင့်ခန်းလုပ်၊ ရေချိုး၊ ဘုရားရှိခိုး၊ ဆွမ်းတော်တင်အပြီးတွင် ကလင်... ကလင်...ဟု ဖုန်းသံက အသင့်ဝင်လာသည်။


အသက်ကလေးရလာကတည်းက ကုသိုလ်၊ ပညာ၊ ဥစ္စာ၊ ကျန်းမာ ဤလေးဖြာကို နေ့စဉ် အလေးထားနေရသည်။ ကျန်းမာ ချမ်းသာစွာ အသက်ရှည်ရန် လိုအပ်သည် မဟုတ်ပါလား။


၂၀၂၁ ခုနှစ် ဇွန် ၁၇ ရက်။


ယနေ့နံနက် အိပ်ရာကနိုးကတည်းက နောက်ထပ်ကုသိုလ်ပွားစရာ ကိစ္စတစ်ရပ် ဆောင်ရွက်ရဦးတော့မည်ဆိုသည့် အသိစိတ် ကြောင့် လန်းလန်းဆန်းဆန်းဖြစ်ကာ လာကြို မည့်ကားကို စောင့်ဆိုင်းနေမိသည်။


ယနေ့နံနက်တွင် ရန်ကုန်မြို့တော် စိမ်းလန်း သာယာသန့်ရှင်းလှပရေး လုပ်ငန်းကော်မတီ၏ ညွှန်ကြားချက်အရ ရန်ကုန်စည်ပင်နယ်နိမိတ် ခရိုင်လေးခု၌ မိုးရွာသွန်းချိန် ရေစီးနှင့်အတူ မျောပါလာသော စွန့်ပစ်အမှိုက်မျိုးစုံနှင့် လမ်းမကြီးများပေါ်တွင် တင်ကျန်ရစ်ခဲ့သော နုန်းများ၊ သဲများရှင်းလင်း ဆောင်ရွက်ခြင်းကို နံနက် ၄ နာရီမှ ၁၀ နာရီအထိ သန့်ရှင်းရေး ဝန်ထမ်းများက စက်ယန္တရားများနှင့် ဆောင် ရွက်နေကြပြီဖြစ်သည်။


ယင်းကိစ္စအတွက် ကျွန်တော်တို့အဖွဲ့နှင့် အတူ MRTV-4 သတင်းအဖွဲ့ကိုလည်း ဖိတ်ကြား ထားသည်ဆို၏။


ကျွန်တော်တို့အဖွဲ့သည် ရှေးဦးစွာ ရန်ကုန် အင်းစိန်လမ်းမကြီး၊ ကြို့ကုန်းစက်မှုတက္ကသိုလ် ရှေ့သို့ ရောက်သွားရာ လူအများအိပ်မောကျချိန် နံနက် ၄ နာရီကျော်ကတည်းက "လင်းပြောင် စနစ်"ဖြင့် သန့်ရှင်းရေးဆောင်ရွက်နေကြသော မြို့တော်စည်ပင်သန့်ရှင်းရေး ဝန်ထမ်းတချို့ကို တွေ့လိုက်ရ၏။


ယနေ့အထူးသန့်ရှင်းရေး ဆောင်ရွက်သည့် ရည်ရွယ်ချက်မှာ မိုးများစွာရွာသွန်းချိန် ရေကြီး ရေလျှံဖြစ်လေ့ရှိသော ရန်ကုန်-ပြည်လမ်း၊ အင်းစိန်လမ်းနှင့် ဗဟိုလမ်းတို့ရှိ မြေနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံမှု လျော့ပါးသက်သာစေရန် အင်းစိန် ဘီအိုစီမှတ်တိုင်မှ သမိုင်းအောင်သိဒ္ဓိလမ်းဆုံအထိ၊ ပြည်လမ်း စော်ဘွားကြီးကုန်းလမ်းဆုံမှ အင်းစိန် သီရိရတနာလမ်းအထိ၊ ဗဟိုလမ်း အင်းစိန်ဘူတာ ရုံလမ်းထိပ်မှ ရွှေဝါလမ်းမှတ်တိုင်အထိ၊ လမ်းရေ ဆေးစက် City Master (hako) စက်ကို အသုံးပြု၍ လမ်းမကြီးများပေါ်ရှိ နုန်းနှင့် သဲများ ရေဆေး ရှင်းလင်းပေးခြင်း၊ ထို့ပြင် မြေနိမ့်ပိုင်းရပ်ကွက် လမ်းသွယ်များနှင့် လမ်းဆုံများ၌ ရေမြောင်းများ အတွင်း မျောပါလာသော စွန့်ပစ်အမှိုက်မျိုးစုံကို စက်ယန္တရားများဖြင့် ဆယ်ထုတ်ရှင်းလင်းခြင်း၊ အမှိုက်သိမ်းယာဉ်များဖြင့် သတ်မှတ်အမှိုက်ပုံ ကြီးများသို့ သွားရောက်စွန့်ပစ်ခြင်းလုပ်ငန်းများ ကို နေရာအသီးသီးတွင် တစ်ပြိုင်တည်း ဆောင် ရွက်နေကြခြင်းဖြစ်သည်။


မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် လမ်းမကြီး များပေါ်သို့ ကျရောက်လာသော မိုးရေများသည် ပုံမှန်အားဖြင့် လမ်းဘေးပလက်ဖောင်းနှာပေါက် များမှတစ်ဆင့် လမ်းဘေးရေမြောင်းများထဲသို့ လည်းကောင်း၊ ထိုမှအဆင့်ဆင့် စီးဆင်းကာ ချောင်းငယ်၊ မြောင်းငယ်၊ ချောင်းကြီး၊ မြောင်းကြီး များမှတစ်ဆင့် မြစ်များအတွင်းသို့ စီးဝင်သွားရ မည်ဖြစ်သည်။


မိုးသည်းချိန် လမ်းများပေါ်တွင် ရေကြီးရေလျှံ ဖြစ်နိုင်သော်လည်း မိုးစဲပြီးခဏအတွင်း ရေများ စီးဆင်းသွားသည့်စနစ်ကို မြို့တော်စည်ပင်က အဓိကထား၍ ဆောင်ရွက်နေခြင်းဖြစ်သည်။


သို့မှသာ လမ်းများပေါ်တွင် ရေကြီးခြင်း၊ ရေ ကျော်ခြင်း၊ ဘေး ဝဲ/ယာရပ်ကွက်များတွင် ရေကြီး နစ်မြုပ်ခြင်းတို့ ကင်းဝေးမည်ဖြစ်သည်။


ထိုအတွေးဖြင့် လမ်းမကြီးကို ငေးမောကြည့် နေစဉ် အဝေးပြေးယာဉ်နှင့် ဘတ်စကားကြီး တစ်စီးမှ ကိုရွှေချောဒရိုင်ဘာတွေက ကွမ်းယာ ထုပ်သည့်ပလတ်စတစ်အိတ်အစုပ်ကို လွှင့်ပစ်ခဲ့ ကြရာ လေထဲတွင် တလွင့်လွင့်ဖြစ်ပြီး ပလက် ဖောင်းဘေးတွင် အရှိန်သေသွားသည်ကို အမှတ် မထင် တွေ့လိုက်ရသည်။


ကွက်တိပါပဲ အဝါရောင်ဝတ်စုံကလေးနှင့် စည်ပင်ဝန်ထမ်း အမျိုးသမီးကလေးက အပြေး ကောက်ယူကာ အမှိုက်လှည်းထဲသို့ ဖြတ်ခနဲထည့်လိုက်သည်ကိုလည်း မြင်လိုက်ရပြန်သည်။ ထို တစ်ခဏတွင် တစ်ချိန်က မြို့တော်ဝန်ကြီးတစ်ဦး သန့်ရှင်းရေး ဝန်ထမ်းများကို ဩဝါဒစကား မှာကြားနေသည့် ပုံရိပ်များ စိတ်အတွေးထဲသို့ ဝင်လာသည်။


"စည်းကမ်းမဲ့သူတစ်ယောက်၏ အမှိုက် စွန့်ပစ်မှုကို သန့်ရှင်းရေးဝန်ထမ်း ၁၀၀ ကောက် လို့ မနိုင်ဘူး။ စည်းကမ်းရှိသူတစ်ထောင်၏ အမှိုက်ကိုတော့ သန့်ရှင်းရေးဝန်ထမ်းတစ်ယောက် တည်းနဲ့ သိမ်းလို့ရနိုင်တယ်" ဟူသည့် အမှာစကား ပင် ဖြစ်သည်။ ယခုလည်း စည်းကမ်းမဲ့ပြည်သူ တချို့ကြောင့် မြို့တော်ကြီးကို အရုပ်ဆိုး အကျည်းတန် မှု ဖြစ်ပေါ်နေလေသည်။


မနေ့တစ်နေ့က မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနက တာဝန်ရှိသူတစ်ဦးနှင့် စကားပြောဖြစ်ရာတွင် ၎င်းတို့၏ဌာနသည် ရန်ကုန်မြို့တော်ကြီး၏ မြေထု၊ ရေထု၊ လေထု သန့်ရှင်းမှုကို အဓိကတာဝန်ယူဆောင်ရွက်ပေး နေကြောင်း သိလိုက်ရသည်။


မြေထုညစ်ညမ်းမှုကို ကာကွယ်ရာတွင်         စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းကို အဓိက တားမြစ်ကာကွယ်နိုင်မှ လူတိုင်းက စည်းကမ်းရှိမှ ဖြစ်နိုင်ပေမည်။


ယခုအခါ ပြောင်းလဲလာသော မြို့ပြဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ လူနေမှုလည်း ထူထပ်လာ သည်။ ထို့ကြောင့် မြို့ပြနေပြည်သူများ နေ့စဉ် စားသုံးမှုမှ ထွက်ပေါ်လာသည့် အမှိုက်များ၊ စီးပွားရေးလုပ်ငန်းများမှ အမှိုက်များ၊ ဟိုတယ်၊ မိုတယ်များမှ အမှိုက်များ၊ စက်မှုဇုန်နှင့် ဆေးရုံ ဆေးခန်းများက အမှိုက်များ စသည့်အမှိုက်အမျိုး ပေါင်းများစွာ နေ့စဉ်ထွက်ရှိလျက်ရှိသည်။


လက်ရှိအခြေအနေအရ ရန်ကုန်မြို့တော် စည်ပင်သည် မီးဖိုချောင်အမှိုက်များကိုသာ ဝန်ဆောင်မှု အဓိကထား၍ ဆောင်ရွက်လျက်ရှိ သည်။ အခြားအမှိုက်များဖြစ်သည့် ထုထည်ကြီးမား သည့် အမှိုက်များ၊ ခြံတွေရှင်းရာမှ ထွက်ပေါ်လာသည့် အမှိုက်များကိုမူ On Call စနစ်ဖြင့် သီးခြားရှင်းလင်းပေးနေသည်။


အမှိုက်များကို သယ်ယူသိမ်းဆည်းပြီး စနစ် တကျ စီမံထားသော အမှိုက်ပုံကြီးများရှိရာကို နှစ်တန်ကားမှ ၁၂ တန်ကားအထိ ကားမျိုးစုံ အစီးရေ ၇၀၀ ခန့်ဖြင့် အမှိုက်သိမ်း အမှိုက်သယ်၊ ယာဉ်မောင်း၊ နောက်လိုက်အပါအဝင် ဝန်ထမ်း အင်အား ၄၈၀၀ ခန့်က နေ့စဉ်သယ်ယူရှင်းလင်း ပေးနေရသည်ဆို၏။


ထို့ကြောင့် လက်ရှိမြို့တော်လူဦးရေနှင့် လက်ရှိ သန့်ရှင်းရေးဝန်ထမ်း အချိုးချကြည့်လျှင် ဝန်ထမ်းတစ်ဦးသည် ပြည်သူ ၁၇၀၀ ခန့်ကို တာဝန်ယူနေရသည့်သဘော ဖြစ်ကြောင်း တွေ့ရ သည်။


ထိုနေ့က လမ်းမကြီးသုံးသွယ်ဖြစ်သည့် ရန်ကုန်-အင်းစိန်လမ်း၊ ဗဟိုလမ်းနှင့် ပြည်လမ်း မကြီးများတလျှောက် တဖြည်းဖြည်း သန့်ရှင်း သာယာလှပလာသည်ကို တွေ့လိုက်ရသည်။


စေတနာမှန်သည့် ကံတရားဟုဆိုလျှင် ရမည်။ ဝန်ထမ်းများ အားကြိုးမာန်တက် ဆောင်ရွက်နေချိန်အတွင်း မိုးနတ်မင်းကပါ ကူညီ စောင်မ၍ အလုပ်ခွင်အဟန့်အတားဖြစ်သည် အထိ ဆိုးရွားစွာ မိုးမရွာခဲ့။ ရွာသည်ဆိုရုံ ဖွဲဖွဲ ကလေးသာ တစ်ခါနှစ်ခါရွာသွန်းပေးသည်။ အမောပြေရုံသာ။


ဦးစောသိန်းဝင်းတို့ ဓာတ်ပုံသတင်း ထောက်များနှင့်အတူ MRTV-4 ကလည်း ကွင်းဆင်းကာ သတင်းရယူပေးနေသည်။


ဓာတ်ပုံသတင်းအဖွဲ့တွေ တစ်နေရာမှာ ရောက်နေဆဲဖုန်းထဲသို့ မက်ဆေ့ချ်တစ်ခုဝင် လာသည်။ မြောက်ပိုင်းခရိုင်မှူး ဦးသန်းထိုက် အောင်က "အင်းစိန်ဖော့ကန် ဂျပန်လမ်းထိပ် ချောင်းထဲမှာ ရေစီးနဲ့ အမှိုက်တွေအများကြီး မျောလာတာကို ကျွန်တော်တို့ဝန်ထမ်းတွေ ဆင်းပြီး ဆယ်နေတာ သတင်းလာယူကြစေချင် ပါတယ်"ဟု လှမ်းခေါ်သဖြင့် သတင်းအဖွဲ့တွေ အပြေးအလွှားသွားကာ သတင်းနှင့်ဓာတ်ပုံတွေ ရယူကြပြန်သည်။


လက်ရှိဖွဲ့စည်းထားသော ရန်ကုန်မြို့တော် စိမ်းလန်းသာယာသန့်ရှင်းလှပရေး လုပ်ငန်း ကော်မတီ၏ ညွှန်ကြားချက်ဖြင့် ထိုမနက်စော စော ၄ နာရီမှ ၁၀ နာရီအထိ သန့်ရှင်းရေး ဝန်ထမ်းများ၊ လမ်းရေဆေးစက် City Master (hako) စက်ယန္တရားများ အင်အားဖြင့် ရန်ကုန် စည်ပင်နယ်နိမိတ် ခရိုင်လေးခုတွင် မိုးရွာသွန်း ချိန် ရေစီးနှင့် မျောပါလာသော စွန့်ပစ်အမှိုက် မျိုးစုံနှင့် လမ်းမကြီးများပေါ်တွင် တင်ကျန်ခဲ့ သော နုန်းများ၊ သဲများရှင်းလင်းခြင်းကို ဆောင် ရွက်ကြခြင်းဖြစ်၍ ရေစီးရေလာကောင်းမွန် သွားသည်။


ထို့ပြင် ဇွန် ၁၈ ရက်ည ယာဉ်အသွားအလာ လျော့ပါးသွားချိန် ည ၇ နာရီမှ နောက်ပိုင်းနှင့် နံနက်စောစောအချိန်တို့တွင် ကမာရွတ်မြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ ဟံသာဝတီအဝိုင်းမှ အင်းလျားလမ်း မီးပွိုင့်အထိ City Master (hako)လမ်းရေဆေးစက်များဖြင့်ပင် လမ်းမကြီး ပေါ်တွင် ယာဉ်အသီးသီးမှ ကျကျန်ရစ်သည့် စက်ဆီ၊ ချောဆီ၊ ဓာတ်ဆီများ သန့်ရှင်းသွားစေ ရန် ယာဉ်များ ဘရိတ်ဖမ်းစဉ် ဆီချေးများဖြင့် ဘီးချော်ကာ ယာဉ်တိုက်ခိုက်မှုအန္တရာယ် လျော့ပါးစေရန် လမ်းပေါ်မှ ယာဉ်စည်းကမ်း အမှတ်အသားများကို ယာဉ်မောင်းများထင်ရှား စွာ မြင်တွေ့နိုင်ရန် ပွတ်တိုက်ဆေးကြောပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြသည်ကို လည်း တွေ့ရပြန်သည်။


ထိုမြင်ကွင်းများသည် လူသားအကျိုးပြု မုဒိတာမြင်ကွင်းများပင် ဖြစ်၍ "ကုသိုလ်လည်းရ ဝမ်းလည်းဝ" ဆိုစကားနှင့်အညီ ရာသီဥတုကို အံတုကာ မွန်မြတ်သောစိတ်ထားဖြင့် အားကြိုး မာန်တက် ဆောင်ရွက်နေကြသော ရန်ကုန် မြို့တော်စည်ပင်ဝန်ထမ်းများကို ဂုဏ်ပြုလိုက် ရပေသည်။






အခြားဆက်စပ်သတင်းများ