နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စည်းကမ်းတကျ အမှိုက်စွန့်စေချင်

ယနေ့ကမ္ဘာကြီးတွင် လူသားတိုင်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အနိမ့်ဆုံးတာဝန်အဖြစ် ထမ်းဆောင်သင့်သည်။ ကမ္ဘာတွင် နိုင်ငံတိုင်း၊ မြို့ရွာတိုင်း သဘာဝပတ်ဝန်းကျင်၏ စိန်ခေါ်မှုကို မျှဝေခံစားနေကြရသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် အမှိုက်က အခြေခံအကျဆုံး ပြဿနာပင် ဖြစ်သည်။


တိုးတက်ပြောင်းလဲလာသော လူနေမှုစနစ်တွင် စွန့်ပစ် အမှိုက်၊ အိမ်တွင်းအမှိုက်ပစ္စည်းများက နေ့စဉ်တိုးလာသည်။ အိမ်သုံးအမှိုက်ပုံးများတွင် ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ် များက နေရာများစွာယူလာသည်။ အမှိုက်ဟူသည် လူတို့စွန့်ပစ် ရာမှ အဓိက ဖြစ်ပေါ်လာသည့် အရာဝတ္ထုပစ္စည်းများဖြစ်သည်။


လူဦးရေ ထူထပ်လာသည်နှင့်အမျှ စွန့်ပစ်အမှိုက်များလည်း များပြားတတ်သည်။ လူဦးရေ အထူထပ်ဆုံးဖြစ်သည့် ရန်ကုန်မြို့ တွင် နေ့စဉ်အမှိုက်တန်ချိန် များစွာထွက်ရှိနေသည်မှာ မထူးဆန်း ချေ။ အမှိုက်ဟူသည် မကောင်းသော စွန့်ပစ်အညစ်အကြေး ဖြစ်ခြင်း၊ ပတ်ဝန်းကျင်အမြင်မတင့်တယ်ခြင်း၊ ကျန်းမာရေး ထိခိုက်စေခြင်း စသည်တို့ဖြစ်တတ်သည်ကို သိပါလျက် မဆင်မခြင် စွန့်ပစ်နေခြင်းဖြစ်သည်။ အမှိုက်ကို စနစ်တကျ စွန့်ပစ်ကြရမည်။ စနစ်တကျ သိမ်းဆည်းရမည်။

နေ့စဉ် မိမိနေအိမ်မှ စွန့်ပစ်သော အမှိုက်ကို စနစ်တကျ ထုပ်ပိုးပြီး သက်ဆိုင်ရာအမှိုက်ပုံ (သို့မဟုတ်) အမှိုက်သိမ်းဆည်း သူတို့ထံ ပို့ဆောင်ကြရပေသည်။ အလွယ်တကူ စွန့်ပစ်ခြင်းသည် ရှက်ဖွယ်ကောင်းသော အလုပ်ဖြစ်သည်ကို သတိပြုဆင်ခြင်သင့် သည်။ ယနေ့ ရန်ကုန်မြို့တော်တွင် မိုးရွာသွန်းပါက ရေမြောင်း များတွင် အမှိုက်များက မျောပါပိတ်ဆို့ခြင်းကြောင့် ရေစီးရေလာ ကို နှောင့်နှေးစေသည်။


မြို့ပြဖွံ့ဖြိုးတိုးတက်အောင် စည်းကမ်းရှိသော မြို့ကြီးပြကြီး ဖြစ်ပေါ်အောင် ပြောင်းလဲဆောင်ရွက်ရာတွင် မြို့နေပြည်သူများ လိုက်နာကျင့်သုံးအပ်သောအရာမှာ အမှိုက်များကို စည်းကမ်း တကျ စွန့်ပစ်တတ်သည့် အလေ့အထကို ကျင့်ကြံအားထုတ်ကြ ရမည်ဖြစ်သည်။ လမ်းတိုင်း၊ ရပ်ကွက်တိုင်း၊ မြို့တိုင်း၊ နေရာတိုင်း မှာ မိမိတို့နေထိုင်ရာ နယ်မြေရှိ ထွက်သမျှ အမှိုက်များကို သူ့တာ ကိုယ်တာ ခွဲခြားပြီး စုပေါင်းပပျောက်အောင် ဆောင်ရွက်သင့် သည်။

ယနေ့ ကြုံတွေ့နေရသည်က ကိုယ့်အိမ်ထွက် အမှိုက်များကို အခြား အိမ်ရှေ့သို့ သွားရောက်စွန့်ပစ်တတ်သည့် စရိုက်ဆိုး၊ ဉာဉ်ဆိုးများက ပတ်ဝန်းကျင်သန့်ရှင်းရေးကို အနှောင့်အယှက် ပြုလျက်ရှိသည်။


စနစ်တကျ အမှိုက်စွန့်ပစ်ခြင်းကို မြို့ပြနေ ပြည်သူများ တက်တက်ကြွကြွ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် သာယာ သန့်ရှင်းသော ဝန်းကျင်ကောင်း ဖြစ်စေချင်ကြောင်း ။          ။






အခြားဆက်စပ်သတင်းများ