နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၃၂ နှစ်အကြာက ခိုးယူခံခဲ့ရသည့် သားဖြစ်သူနှင့် မိဘနှစ်ဦး ပြန်လည်ဆုံစည်း

မေ ၂၀၊ ဘေဂျင်း


တရုတ်နိုင်ငံမှ ဇနီးမောင်နှံနှစ်ဦးမှာ ဟိုတယ်ဝင်ပေါက်တွင် ခိုးယူခံခဲ့ရသည့် သားငယ်ကို ၃၂ နှစ်အကြာတွင် ပြန်လည်ဆုံစည်းခွင့်ရရှိခဲ့သည်။ ၁၉၉၈ ခုနှစ်က မော်ယင် နှစ်နှစ်သားအရွယ်တွင် ဖခင်ဖြစ်သူက ယင်းကို က‌လေးထိန်းကျောင်းမှ ကျောင်းကြိုလာရာ လမ်းတွင် မော်ယင်က ရေဆာသည်ဆိုခြင်းကြောင့် ဟိုတယ်ဝင်ပေါက်တွင် ရေဝင်သောက်ခဲ့သည်။ ဖခင်ဖြစ်သူက ရေနွေးကို အအေးခံနေစဉ် အဝေးသို့ ငေးမိခဲ့ရာ ကလေးသူခိုးက မော်ယင်ကို ခိုးယူသွားခဲ့သည်။


မိဘနှစ်ပါးက မော်ယင်ကို တစ်နိုင်ငံလုံးအနှံ့ ရှာဖွေခဲ့ပြီး မိခင်ဖြစ်သူ လီမှာ ပြည်နယ်နှင့် ဒေသ ၁၀ ခုကျော်တွင် လူပျောက်ကြေညာသည့် လက်ကမ်းစာစောင် ၁၀၀၀၀၀ ကျော် ဝေခဲ့သော်လည်း သားဖြစ်သူကို မတွေ့ခဲ့ပေ။ လီသည် သားဖြစ်သူကို ရှာဖွေရာတွင် အကူအညီ ရလိုရငြား မျှော်လင့်ချက်ဖြင့် The X Factor အပါအဝင် တရုတ်ရုပ်သံရှိုးများတွင် ပါဝင်ခဲ့ပြီး သဲလွန်စတွေ့ရှိမှု ၃၀၀ နောက် လိုက်ခဲ့သော်လည်း သားဖြစ်သူကို မတွေ့ခဲ့ပေ။ ၂၀၀၇ ခုနှစ်မှစတင်၍ လီက Baby Come Back Home အဖွဲ့တွင် လုပ်အားပေးအဖြစ် ပါဝင်ခဲ့ပြီး မိဘနှင့်ကွဲကွာနေသည့် ကလေးငယ် ၂၉ ဦးကို မိဘများနှင့် ပြန်လည်ဆုံစည်းခွင့်ရအောင် ကူညီပေးခဲ့သည်။


ပြီးခဲ့သည့်ဧပြီလတွင် စီချွမ်ပြည်နယ်မှ အမျိုးသားတစ်ဦးမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ကလေးတစ်ဦးကို မွေးစားခဲ့ဖူးကြောင်း တရုတ်ရဲတပ်ဖွဲ့က သတင်းရရှိခဲ့သည်။ မွေးစားခံရသည့် ကလေးငယ်မှာ လက်ရှိအချိန်တွင် အသက် ၃၄ နှစ်ရှိနေပြီဖြစ်၍ လီ၏သား ဟုတ်၊ မဟုတ် DNA စစ်ဆေးရာ ဟုတ်မှန်ကြောင်း တွေ့ရှိခဲ့သည်။ လက်ရှိအချိန်တွင် ဂူနင်နင်ဟု အမည်ပြောင်းထားသည့် မော်ယင်မှာ အိမ်တွင်းအလှဆင်လုပ်ငန်းတစ်ခု တည်ထောင်ထားသူဖြစ်သည်။ မော်ယင်မှာ မိဘများထံမှ ခိုးယူခံခဲ့ရပြီးနောက် ကလေးမရှိသည့် လင်မယားနှစ်ဦးထံသို့ ယွမ် ၆၀၀၀ ဖြင့် ရောင်းစားခံခဲ့ရခြင်းဖြစ်သည်။ ယင်း၏အနာဂတ်နှင့်ပတ်သက်၍ အတိအကျ မပြောနိုင်သေးသော်လည်း မိဘအရင်းများနှင့်အတူ နေထိုင်သွားမည်ဟု မော်ယင်က ဆိုသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ