နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကောင်းမွန်သော ဂေဟနစ်ကို ထိန်းသိမ်းခြင်း

ဂေဟစနစ်ဟူသည် သက်ရှိသတ္တဝါများ၊ သက်မဲ့ရုပ်ဝတ္ထုများနှင့် အပင်များ သဟဇာတဖြစ်လျက် တည်ရှိနေသည့် သဘာဝစနစ်နှင့် ယင်းစနစ်ကြောင့် ဖြစ်ပေါ်ပြောင်းလဲနေသော သဘာဝပတ်ဝန်း ကျင်ကို ဆိုလိုသည်။

သက်ရှိများအားလုံးနှင့် ၎င်းတို့ရှင်သန်ရာ ပတ်ဝန်းကျင်နှင့် ဆက်စပ်၍ ဂေဟစနစ်သည်နေရာတိုင်းတွင် ပုံစံအမျိုးအစား စုံလင်စွာဖြင့် ဖြစ်တည်လျက်ရှိရာ မြန်မာနိုင်ငံရှိဂေဟစနစ် အမျိုးအစားများတွင် တောင်ပေါ်ဒေသဂေဟစနစ်၊ အဏ္ဏဝါနှင့် ကမ်းရိုးတန်းဒေသဂေဟစနစ်၊ ရေဝပ်ဒေသဂေဟစနစ်၊ အပူပိုင်း ဒေသဂေဟစနစ်၊ ဒီရေတောဂေဟစနစ်နှင့် အပူပိုင်းမုတ်သုံ သစ်တောဂေဟစနစ်တို့ ပါဝင်သည်။

ဂေဟစနစ်များသည် ကမ္ဘာပေါ်ရှိ သက်ရှိအားလုံး ရှင်သန် ရပ်တည်နိုင်ရေးအတွက် ရာသီဥတုတည်ငြိမ်စေခြင်း၊ လေကောင်း လေသန့်ရရှိစေခြင်း၊ ရေ၊ အစားအစာနှင့် အခြားအထောက်အပံ့ ပစ္စည်းမျိုးစုံရရှိစေခြင်းနှင့် ရောဂါဘယအန္တရာယ်မှကာကွယ်ပေး ခြင်းစသည့် တန်ဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးများကိုပံ့ပိုး ပေးသည့် သက်ရှိတိုင်းအတွက် ခိုလှုံရာနေရာများဖြစ်ပြီး ကောင်းမွန်သော ဂေဟစနစ်များသည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များကို ရရှိစေရန်အတွက် အလွန်အရေးကြီး သည့်အရာ ဖြစ်သည်။
ယနေ့ကမ္ဘာတစ်ဝန်းတွင် စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများ၊ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သဘာဝသယံဇာတထုတ်ယူသုံးစွဲရေး လုပ်ငန်းများတွင် မြေအသုံးချမှုပြောင်းလဲခြင်းနှင့် ညစ်ညမ်းမှုများ ဖြစ်ပွားခြင်း၊ သဘာဝအရင်းအမြစ်များကို နည်းလမ်းတကျ အသုံးပြုနိုင်မှုမရှိခြင်းနှင့် အရင်းအမြစ်များ သုံးစွဲခြင်းအပေါ်   တရားဥပဒေစိုးမိုးမှု အားနည်းခြင်းတို့ကြောင့် ဂေဟစနစ်များ ယိုယွင်းပျက်စီးလျက်ရှိပါသည်။

ဂေဟစနစ်များကို အချိန်မီ ထိန်းသိမ်းကာကွယ်ခြင်းနှင့် ပြန်လည်ကောင်းမွန်လာစေခြင်း မရှိပါက ကျွန်ုပ်တို့၏ ကျန်းမာ ပျော်ရွှင်မှုများ၊ ကျွန်ုပ်တို့ချစ်မြတ်နိုးသော မြေယာရှုခင်းအလှအပ များ ပျက်စီးဆုံးရှုံးရုံသာမက အနာဂတ်မျိုးဆက်တို့ ရှင်သန်နေထိုင် ရန် ခက်ခဲသည့် ဂြိုဟ်ကမ္ဘာကြီးတစ်ခုဖြစ်သွားလိမ့်မည် ဖြစ်ပါ သည်။

သို့ဖြစ်ရာ ကုလသမဂ္ဂသည် ၂၀၂၁ ခုနှစ်မှစ၍ ယခုဆယ်စုနှစ် အား ဂေဟစနစ်ပြန်လည်ထူထောင်ရေးဆိုင်ရာ ဆယ်စုနှစ်အဖြစ် သတ်မှတ်ကြေညာသွားမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဇွန် ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး၏ အထိမ်း အမှတ် ဆောင်ပုဒ်ဖြစ်သော ''Ecosystem Restoration''            ''ပတ်ဝန်းကျင်ရေရှည် တည်တံ့ကောင်းမွန်ဖို့ ဂေဟစနစ်ကို ပြန်လည် ပြုပြင်ထိန်းသိမ်းကြပါစို့" ဆောင်ပုဒ်နှင့်အညီ ဂေဟ စနစ်များအား ပြန်လည်ထူထောင်ခြင်းလုပ်ငန်းစဉ်များတွင် လိုက်နာပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ပတ်ဝန်းကျင်ဂေဟစနစ် ကောင်းမွန်မျှတပြီး လူသားများ၏ ကျန်းမာခြင်းနှင့် ချမ်းသာသော ပျော်ရွှင်နေထိုင်မှုဘဝပုံစံ၏ ကောင်းကျိုးချမ်းသာရရှိမှုကို ခံစား နိုင်မည်ဖြစ်ပါကြောင်း။      ။






အခြားဆက်စပ်သတင်းများ