နောင်ချို၊ မေ ၂၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၇ ရက် မွန်းတည့် ၁၂ နာရီခန့် က နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေး သွားကားလမ်း မိုင်တိုင်အမှတ်(၈၀/၄) အနီးတွင် သီပေါမှ နောင်ချိုသို့ ကြည်လွင် (ခ) ဘိုဘိုကျော်မောင်းနှင်ပြီး ကျော်သူအောင် လိုက်ပါလာသည့် ခြောက်ဘီးယာဉ်ကို ရှာဖွေရာ ကာလ တန်ဖိုး ငွေကျပ်သိန်း ၂၈၀၀ ကျော် တန်ဖိုးရှိဘိန်းဖြူ ၁၈ ဒသမ ၇ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်း ရမိ သောဘိန်းဖြူများကို ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမှ မန္တလေးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရ သဖြင့် ယင်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ဆွေဦး