နေပြည်တော်၊ မေ ၂၃
မေ ၂၂ ရက်၊ နံနက် ၅ နာရီ ၁၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်ရှိ ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးတို့ တည်ရှိရာဝင်းအတွင်းသို့ ဦးဆောင်သူနှင့် အကြမ်းဖက်သူများက တာယာကွင်း များကို မီးရှို့၍ပစ်ပေါက်ခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါ တရားရုံးဝင်း အတွင်းရှိ ထိန်းသိမ်းထားရှိသော သက်သေခံမော်တော်ဆိုင်ကယ် ၁၅၃ စီးနှင့် မော်တော်ယာဉ် ၄ စီးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
မေ ၂၂ ရက်၊ နံနက် ၇ နာရီအချိန်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့၊ ဦးကျေးရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ မီးလောင်မှု ဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ က သွားရောက်၍ ပြည်သူများနှင့်အတူ မီးငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုအားစိစစ်ခဲ့ရာ အဆိုပါ ကျောင်းစာသင်ခန်း ၂ ခန်း အတွင်း စာအုပ်များထားရှိရာ အခန်းပြတင်းတံခါးအား အကြမ်းဖက်သူများက ဖျက်ဆီးဝင်ရောက်၍ ဓာတ်ဆီလောင်းမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရပြီး မီးလောင်မှုကြောင့် အဆိုပါစာသင်ဆောင် ၂ ခုအတွင်းရှိ စာအုပ် ၁၀ ဒါဇင်၊ စာသင်ခုံ ၂ လုံး နှင့် White Board ၁ ခုတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဆွေဦး